အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ထိုးနိုင်ဖို့ လက်တကမ်းအလိုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံးအဆင့် ရောက်မှ အရေးကြီးလှတဲ့ အချက်တခုကို ညှိနှိုင်းမရတဲ့အတွက် NCA လက်မှတ်ထိုးရေးဟာ မရေ မရာဖြစ်သွားရပါတယ်။
အဲဒါကတော့ “တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ တွေ အားလုံးပါဝင် လက်မှတ်ရေးထိုးရေး ကိစ္စ”မှာ အစိုးရနဲ့တပ်မတော်ဘက်က သဘောမတူတဲ့အတွက် အဖုအထစ် ဖြစ်သွားရခြင်းပါ။ ဒီအခြေအနေအနေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တိုင်းရင်းသား ခေါင်းဆောင်တွေသာ မကဘဲ လူထုအကြားမှာပါ စိုးရိမ်မှုတွေရှိနေကြပါတယ်။
NCA အပြီးသပ်လက်မှတ်ထိုးနိုင်ရေးအတွက် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှာ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ဒီလ ၆ ရက်နေ့ကစပြီး ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲဟာ ၉ ကြိမ်မြောက်ဆွေးနွေးပွဲဖြစ်ပြီး ၈ ကြိမ်မြောက်ဆွေးနွေးပွဲတုန်းက ကျန်ရှိတဲ့ အချက် ၆ ချက်အနက် NCA စာချုပ် ကို လွှတ်တော်တွင်းတင်ရမယ့်ကိစ္စ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ကွဲလွဲနေတဲ့ DDR-SSR ကိစ္စ၊ သဘာဝ သယံ ဇာ တ များ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေးနဲ့ ပတ်သက်တဲ့ EITI ကိစ္စ၊ စာချုပ်မှာ နှစ်ဘက်လက်မှတ်ရေးထိုးမယ့်သူတွေ၊ နိုင်ငံ တကာ အသိသက်သေများကိစ္စ စတဲ့ ၅ ချက်ကို သဘောတူညီမှု ရခဲ့ပါတယ်။
NCA စာချုပ် မူကြမ်းကို အပြီးသပ်အချောသပ်နိုင်ဖို့ အရေးအကြီးဆုံး တချက်သာ ကျန်တော့တာ ဖြစ်ပါတယ်။ ကျန်နေတဲ့ အားလုံးပါဝင်ရေး ဆိုတဲ့အချက် ပြေလည်မှုရရင်တော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသား လက်နက် ကိုင် ထိပ်သီးခေါင်းဆောင်တွေနဲ့ အစိုးရ၊ တပ်မတော်ထိပ်သီး ခေါင်းဆောင်တွေအကြား နေပြည်တော်မှာ လက်မှတ်ထိုးဖို့သာ ကျန်တော့တဲ့ အနေအထား ဖြစ်ပါတယ်။
အစိုးရက လက်မှတ်မထိုးဘဲ ချန်ခဲ့လိုတဲ့ အဖွဲ့တွေထဲမှာ လက်ရှိ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ် နေ တဲ့ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့် တပ်ဖွဲ့ (MNDAA) နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ဖြစ်ပါတယ်။
အစိုးရနဲ့ တပ်မတော်က ချန်ခဲ့လိုတဲ့ အဖွဲ့တွေထဲမှာ စုစုပေါင်း ၆ ဖွဲ့ဖြစ်ပြီး နောက်ထပ် ကျန်တဲ့ သုံးဖွဲ့ကတော့ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ အမျိုးသား ဒီမိုကရက်တစ် အစည်းအရုံး(LDU) နဲ့ ရခိုင်အမျိုးသား ကောင်စီ(ANC)တို့လည်း ပါဝင်ပါတယ်။
ကိုးကန့်အဖွဲ့ လို့ခေါ်တဲ့ MNDAA ကိုတော့ နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့အဖွဲ့ ဖြစ်တယ်ဆိုပြီး အစိုးရ၊ တပ်မတော် နဲ့ လွှတ်တော်က လုံးဝ လက်မခံကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ရဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ရှင်းပြပါတယ်။
“MNDAA နဲ့ပတ်သက်လို့ကတော့ အစိုးရက လုံးဝ လက်ကို မခံတာ။ MNDAA အနေနဲ့ နိုင်ငံရေးထဲမှာ ပါလို့ရတယ်။ လက်နက် ကို တော့ ထားခဲ့၊ သဘောကတော့ လက်နက်စွန့်မှ သူ့နိုင်ငံရေးထဲကို လာဆိုတဲ့ မူရှိတာပေါ့”လို့ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။
အလားတူပဲ TNLA နဲ့ AA တို့ဟာ MNDAA နဲ့ပူးပေါင်းပြီး ဒီနှစ် ပြည်ထောင်စုနေ့က သမ္မတနဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်း ရေး ကောင်စီ (KPC) တို့အကြား ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုး နေချိန်မှာ တပ်မတော်အပေါ် စစ်ဆင်ရေးတွေ စလုပ်ခဲ့တယ်ဆိုပြီး အဖုအထစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တခါ WNO၊ LDUနဲ့ ANC တို့ကတော့ နိုင်ငံရေးအရ ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေသာဖြစ်ပြီး လက်နက်ကိုင်တပ် အင်အား တွေ၊ ကိုယ်ပိုင်နယ်မြေတွေနဲ့ လှုပ်ရှားနေတဲ့ အဖွဲ့တွေလည်း မဟုတ်တဲ့အတွက် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်မှာသာ ဝင်ရောက် ဆွေးနွေးခွင့်ပြုဖို့ အစိုးရဘက်က သဘောထားရှိတယ်လို့ ဒေါက်တာ မင်းဇော်ဦး က ပြောပါတယ်။
အစိုးရအနေနဲ့ NCA လက်မှတ်ထိုးရာမှာ မပါဝင်စေချင်တဲ့ အဖွဲ့တွေကို နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မှုကြောင့်၊ အဖွဲ့အင်အား ကြီးခြင်း၊ ငယ်ခြင်း၊ နှစ်ဦးနှစ်ဘက် မတွေ့ဆုံရသေးတဲ့အတွက် အစရှိတဲ့ အကြောင်းပြချက်တွေဟာ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တွေ သာ ဖြစ်ပြီး အခုအစိုးရ လက်ခံတယ် ဆိုတဲ့ အဖွဲ့တွေဟာလည်း တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ အဖွဲ့တွေပဲဖြစ်သလို ဒီအဖွဲ့တွေထဲမှာလည်း အင်အားကြီး အဖွဲ့တွေပါဝင်သလို အဖွဲ့ငယ်တွေလည်း ပါဝင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တချို့က ထောက်ပြပါတယ်။
ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က “သူတို့ (အစိုးရ) ချန်ထားခဲ့ချင်တဲ့ အဖွဲ့တွေထဲမှာဆိုရင် တကယ် တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့အစည်းတွေလည်း ပါနေတော့ သေနတ်သံတွေလည်း တိတ်လာမှာ မဟုတ်ဘူး။ ဒါပြည်သူ လူထုအတွက်၊ ကိုယ့်နိုင်ငံအတွက် စစ်မှန်တဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှု မဟုတ်ဘဲနဲ့ ကိုယ်လိုချင်တဲ့ပုံစံ ကြိုးဆွဲပြီးမှ လုပ်နေတဲ့ လုပ်ရပ်ပဲ ဆိုတာကို ပိုပြီးပေါ်လွင်သွားမယ်”လို့ ဆိုပြီး အားလုံးပါဝင်ရေးကို လက်မခံလိုဘဲဖြစ်နေတဲ့ အစိုးရရဲ့ သဘောထားအပေါ် ဝေဖန်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ အခုနောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၉ ကြိမ်မြောက် တွေ့ဆုံပွဲမတိုင်ခင် တရက်အလိုမှာ MNDAA ၊ TNLA နဲ့ AA တို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်လိုကြောင်း၊ ဆွေးနွေးလိုကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန် တောင်း ဆိုခဲ့ပေမယ့် အစိုးရဘက်က တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိသေးဘူးလို့ ကြေညာချက်ထုတ်ပြန်တဲ့ အဖွဲ့တွေဆီက သိရပါတယ်။
အားလုံးပါဝင်ရေးကို ကျောခိုင်းပြီး ကိုယ်ထိုးချင်တဲ့ အဖွဲ့တွေနဲ့ပဲရွေးပြီး လက်မှတ်ထိုးမယ်ဆိုရင် တတိုင်း ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်တဲ့ အဆင့်ဖြစ်မှာမဟုတ်ကြောင်းနဲ့ တပ်မတော်အနေနဲ့ တလွဲမာနတွေ စွဲကိုင်ထားမှုကို လျှော့ချပြီး ပြည်သူ အားလုံး လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုဆောင်ရွက်စေလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေက ပြောဆို နေကြပါတယ်။
SD အဖွဲ့ဝင် နိုင်ဟံသာ က “ကဲထားပါစို့ ဒီအဖွဲ့၊ ဒီအဖွဲ့တွေက အပစ်ရပ်ပြီးတော့ ဒီအဖွဲ့တွေကို ချန်ထားမယ်ဆိုရင် သူတို့ကို မတိုက် ဘူး လို့ မပြောနိုင်ဘူး။ သူတို့ကို အပစ်အခတ်ရပ်စဲရေး မလုပ်ဘူး။ တိုက်မယ်ဆိုရင် အန်ကယ်တို့လည်းဒီအတိုင်းပဲ ကိုယ့်လူ အတိုက် ခံနေရတဲ့ဟာကို ကြည့်နေလို့ရမှာ မဟုတ်ဘူး။ အန်ကယ်တို့ ကြိုးပမ်းနေတာကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလေ။ ဟို အဖွဲ့၊ ဒီအဖွဲ့ကို ချန်ထားရင် ဒါတနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မဖြစ်တော့ဘူး”လို့ ဆိုပါတယ်။
အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အကြားမှာ အပစ်ရပ်ရေးဆွေးနွေးလာတာ အချိန်ကာလအားဖြင့် ၄ နှစ် ကျော်ခဲ့ပြီဖြစ်ပါတယ်။ နှစ်ဖက်ခေါင်းဆောင်တွေအကြား စတင်ဆွေးနွေးကတည်းက တလျှောက်လုံး ကြွေးကျော်လာခဲ့ကြတဲ့ စကား တခွန်းက All Inclusive (အားလုံးပါဝင်ရေး) ဆိုတဲ့ စကားလုံးပါ။
လက်ရှိအနေအထားအရ ထိပ်ဆုံးရောက်ခါနီးမှ ထစ်နေတာက အားလုံးကြွေးကျော်လာခဲ့ကြတဲ့“အားလုံးပါဝင်ရေး” ဖြစ်နေပြန် ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေ ပြောတာကတော့ တတိုင်းပြည်လုံး အပစ်ရပ်ပြီး တချိန်တည်းလက်မှတ်ထိုးနိုင်ဖို့ “အားလုံးပါဝင်ရေး”ဟာ အစိုးရနဲ့ တပ်မတော်အပေါ်မှာပဲ မူတည်တော့တယ်လို့ ဆိုပါတယ်။
SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် က “ကျမတို့ဘက်ကတော့ ဘယ်သူ့ကိုမှ မကျန်ခဲ့စေချင်ပါဘူး။ ဒီအတွက်နည်းလမ်းရှာ ကြိုးစားသွားမှာပါ။ အားလုံးတပြိုင်တည်း ပါဝင်လက်မှတ်ထိုးနိုင်၊ မထိုးနိုင်ဆိုတာကတော့ အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထား ကြီးမှုအပေါ်မှာပဲ မူတည်ပါတယ်”လို့ ရှင်းပြပါတယ်။
NCA ကို လက်နက်ကိုင်အင်အားစု အားလုံး တပြိုင်တည်း ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စကို ၉ ကြိမ်မြောက် ဆွေးနွေးပွဲမှာ SD အဖွဲ့နဲ့ UPWC တို့အကြား ဆွေးနွေးညှိနှိုင်းမရရှိခဲ့တာကြောင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) အဆင့်ရှိ ပုဂ္ဂိုလ်တွေနဲ့ SD အဖွဲ့ဝင်ထဲက တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေအကြား ထိပ်တိုက် ဆွေးနွေးကြဖို့ SD က စာပို့ထားကြောင်း သိရပါတယ်။
အဲဒီ တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ကတော့ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ မွန်ပြည်သစ်ပါတီ (MNSP) တို့ ဖြစ်ပါတယ်။
ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆီကို စာပို့တောင်းဆိုထားချိန်မှာပဲ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှာ ရဲအင်အားတွေ အသုံးပြုပြီး ပါတီတွင်း ရှုပ်ထွေးမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အဲဒီအခြေအနေတွေက NCA လက်မှတ်ထိုးရေး အပေါ် စိုးရိမ်မှုတချို့ သက်ရောက် လာခဲ့ပြန်ပါတယ်။
“USDP ကိစ္စကြားတော့ ကြားပါတယ်၊ အဲ့ဒါက ကျမတို့စိုးရိမ်မှု ရှိတာပေါ့၊ သူတို့အထဲမှာ အချင်းချင်းမှာ ဒီလို ဖြစ်နေတော့ တကယ် လို့ NCA ထိုးနိုင်မယ် ဆိုရင်တောင် ဘယ်လိုဖြစ်သွားမလဲ။ သူတို့အချင်းချင်းထဲမှာက ဒီလိုဖြစ်ပျက်နေတော့ ကျမတို့ ရှေ့ဆက်သွားနေရမယ့် ရွေးကောက်ပွဲ အခြေအနေကို ကျမ စိုးရိမ်မိပါတယ်”လို့ ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအတွင်း အပြောင်းအလဲတွေ ဖြစ်ပွားတဲ့နေ့မှာပဲ သမ္မတ ဦးသိန်းစိန်က လက်နက်ကိုင် ၂၁ ဖွဲ့ရှိတဲ့ အထဲက ၆ ဖွဲ့ကို ချန် ထားပြီး အစိုးရဘက်ကရွေးချယ်ထားတဲ့ လက်နက်ကိုင် ၁၅ ဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးဖို့ အဖွဲ့အသီးသီးကို စာပို့ခဲ့ပါတယ်။ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အများစုက အားလုံးပါဝင်နိုင်မှ လက်မှတ်ထိုးမယ်လို့ ဆုံးဖြတ်ထားကြပြီး UPCC ခေါင်းဆောင်တွေနဲ့ အခု လကုန် နေပြည်တော်မှာတွေ့မယ့် ဆွေးနွေးပွဲမှာ ညှိနှိုင်းကြဖို့ ဆုံးဖြတ်ထားကြကြောင်း ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကတော့ NCA စာချုပ်ကို ဘဝတူတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင် စေလိုပြီး စစ်မှန်ပြီး အာမခံချက်ရှိတဲ့၊ ခိုင်မာတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမျိုးဖြစ်စေချင်ကြတယ်လို့ ဆိုပါတယ်။ အစိုးရ ကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် NCA ကို လက်မှတ်ရေးထိုးဖို့ ဆန္ဒပြင်းပြနေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တချို့က ထုတ်ပြော လာပါတယ်။
အစိုးရအနေနဲ့ အခုလကုန်ရက် နေပြည်တော်မှာ နှစ်ဘက်ထိပ်သီး ခေါင်းဆောင်တွေအစည်းအဝေးမှာ အားလုံးပါဝင်ရေးကိစ္စ အဆင် မပြေပါကလည်း စည်းရုံးလို့ရထားတဲ့အဖွဲ့တချို့နဲ့ အပစ်ရပ်လက်မှတ်ကို ခွဲထိုးသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အစိုးရဆီက စီးပွားရေးလုပ်ငန်းကြီးတချို့ လုပ်ကိုင်ခွင့်ရရှိထားတဲ့၊ ဒါမှမဟုတ် လျှောက်တင်ထားတဲ့ တိုင်းရင်းသား ခေါင်းဆောင် တချို့ကလည်း အစိုးရနဲ့ NCA အမြန်ဆုံး လက်မှတ်ထိုးဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။
အစိုးရနဲ့ တပ်မတော်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆွေးနွေးနေစဉ်ကတည်းက NCCT အတွင်းက အဖွဲ့တချို့နဲ့သာမက တခြားအဖွဲ့တချို့နဲ့ပါ တရားဝင်တမျိုး အလွတ်သဘော တွေ့ဆုံမှုပုံစံနဲ့တဖုံ ပြည်တွင်း၊ ပြည်ပမှာ သီးခြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးတွေဟာ လက်နက်ကိုင်အဖွဲ့ငယ်ကနေ စတည်လာခဲ့ကြတာဖြစ်တဲ့ အတွက် အဖွဲ့ကြီးငယ် မခွဲခြားဘဲ တတိုင်းပြည်လုံး အတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်ဆိုရင် အားလုံးပါဝင်ရေးမူကို လက်ခံဖို့ လိုအပ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်တွေက ထောက်ပြတာတွေလည်း ရှိပါတယ်။
နိုင်ဟံသာက“တချိန်ချိန်မှာ အဲသလိုအဖွဲ့တွေ ကျန်နေရင် ပြန်ပြီးတော့ ကြီးကျယ်လာလိမ့်မယ်။ သဘောကတော့ မီးကြွင်း မီးကျန်က ထလောင် လာလိမ့်မယ်။ တချိန်မှာ ဟိုးတပြည်လုံးထိတောင် ကူးသွားနိုင်တယ်။ ဒီလိုဆိုရင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးက အဓိပ္ပာယ်မဲ့သွားမယ်။ အန္တရာယ်လည်း အများကြီးရှိတယ်။ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ အားလုံးပါဝင်ရေးကို သဘောထားကြီးကြီးနဲ့ လက်ခံပေးဖို့ အဆုံးအဖြတ်ပေးရမယ့်သူဟာ အစိုးရနဲ့ တပ် မတော် ဖြစ်နေပြီး အစိုးရနဲ့ တပ်မတော်အနေနဲ့ လက်နက်ကိုင်အားလုံးတပြိုင်တည်း လက်မှတ်ရေးထိုးမှုကိုလက်ခံပြီး သမိုင်းဝင် တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ဖော်ဆောင်နိုင်ပါ့မလား ဆိုတာကတော့ အခုလ နောက်ဆုံးပတ် နေပြည်တော်မှာပြုလုပ် မယ့် နှစ်ဘက်ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးအပြီးမှာ သိကြရမှာ ဖြစ်ပါတယ်။ ။