ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) အပါအဝင် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့သည် သမ္မတ ကမ်းလှမ်းချက်အရ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ် ထိုးမည်ဖြစ်ကြောင်း သိရသည်။
KNU ၊ RCSS/SSA တို့နှင့်အတူ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ(KPC ) တို့သည်လည်း (NCA)ကို လက်မှတ်ထိုးရန် ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း RCSS/SSA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ၄ ဖွ့ဲက အစိုးရ ကမ်းလှမ်းချက်ကို သဘောတူပါတယ်။ တခြားအဖွဲ့တွေ မထိုးရင်လည်းဘဲ ကျနော်တို့ ၄ ဖွဲ့က ထိုးမှာပါ။ အစိုးရရဲ့ ကမ်းလှမ်းချက် အတိုင်းပဲ NCA ကို လက်မှတ်ထိုးဖို့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးတော့ ဆုံးဖြတ်ပြီးပါပြီ”ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောပြသည်။
KNU အဖွဲ့၏ သြဂုတ်လ ၁၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ NCA ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးရေးမူကို လက်ခံထားသော်လည်း၊ အစိုးရက ကမ်းလှမ်းသည့် အတိုင်းသာ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်းနှင့် လက်မှတ် မရေးထိုးနိုင်သေးသည့် အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်များ၌ အဆင့်ဆင့် ပါဝင်လာနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း ဖော်ပြထားသည်။
NCA ၌ ပါဝင် လက်မှတ်ထိုးနိုင်ခြင်းမရှိသည့် အဖွဲ့များအတွက် နိုင်ငံရေး၊ စစ်ရေး အာမခံချက်ရရှိရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆွေးနွေးနိုင်ရေးတို့ကို ကြိုးပမ်းသွားမည်ဟုလည်း KNU ခေါင်းဆောင်များက ပြောဆိုသည်။
KNU၊ DKBA ၊ KPC နှင့် RCSS/SSA တို့သည် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် နေပြည်တော်၌ ယခုလဆန်းပိုင်း အတွင်းက သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
NCA တွင် ပါဝင်လက်မှတ်ထိုးရန် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ သြဂုတ်လ ၁၁ ရက် က စာပေး ပို့၍ ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သမ္မတကမ်းလှမ်းသည့် ၁၅ ဖွဲ့သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ကို ပဏာမအနေဖြင့် လက်မှတ်ထိုးထားသည့် အဖွဲ့များ ဖြစ်ကြသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဖွဲ့အားလုံး ပါဝင်မှသာ လက်မှတ်ထိုးမည်ဟု အကြိမ်ကြိမ် ပြောဆိုနေကြသော်လည်း အစိုးရက အဖွဲ့အားလုံးကို လက်မခံသေးကြောင်း၊ သို့သော် လက်မခံသည့် တိုင်းရင်းသား အဖွဲ့များ တဖြည်းဖြည်း ပါဝင်လာနိုင်စေ ရေး အတွက် အစိုးရထံ တောင်းဆိုကြရန် ဆုံးဖြတ်ထားကြကြောင်း ဗိုလ်မှူးကြီး စိုင်းလှက ဆက်ပြောသည်။
အစိုးရ လက်မခံသည့် အဖွဲ့ ၆ ဖွဲ့မှာ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ လားဟူအမျိုးသား ဒီမိုကရက်တစ်ပါတီ (LDU) တို့ ဖြစ်သည်။
ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် TNLA ၊ AA၊ MNDAA အဖွဲ့တို့သည် အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်။
အစိုးရက ၎င်းတို့ ဖိတ်ခေါ်ကမ်းလှမ်းထားသည့် အဖွဲ့များနှင့်သာ လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်းနှင့် လက်မှတ် မထိုးနိုင်သေး သည့် အဖွဲ့များကို နိုင်ငံရေး ဆွေးနွေးပွဲများ၌ ပါဝင်ခွင့်ပေးသွားမည်ဟုလည်း တရားဝင် ပြောဆိုထားသည်။
ထိုသို့ အကြောင်းအမျိုးမျိုးကြောင့် NCA တွင် ပါဝင်လက်မှတ်ထိုးနိုင်ခြင်း မရှိသည့် တိုင်းရင်းသား အဖွဲ့များအတွက် နိုင်ငံရေး၊ စစ်ရေး အာမခံချက် ရရှိရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဂုဏ်သိက္ခာရှိရှိ တန်းတူရည်တူ ပါဝင်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟု ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)က သြဂုတ်လ ၁၇ ရက်နေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
ABSDF သည် NCA တွင်ပါဝင် လက်မှတ်ထိုးရန် အစိုးရက ဖိတ်ကြားထားသည့် လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့တွင် ပါဝင်သည့် အဖွဲ့လည်း ဖြစ်သည်။
တိုင်းရင်းသားများ ဘက်က တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဆင့်မြင့်အဖွဲ့(SD) အနေဖြင့် အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်နှင့် လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဟု SD အဖွဲ့က ဧရာဝတီကို ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။