ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် စက်မှုဇုန် ဇေကမ္ဘာဝင်း လမ်းမပေါ်တွင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိထားသည့် အရေအတွက် သန်းချီရှိသော စိတ်ကြွဆေးပြားများ ပိုင်ရှင်သည် ရန်ကုန် အခြေစိုက် Kaladan Delta Development ကုမ္ပဏီဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောသည်။
Kaladan Delta Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ပါဝင်နေကြောင်း၊ လက်ရှိတွင် ထိုသူများ ထွက်ပြေး တိမ်းရှောင်နေကြောင်း မူးယစ်ဆေးဝါး တားဆီ နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီး မြင့်သိန်း က ဧရာဝတီကို ပြောပြသည်။
ဖမ်းဆီးခဲ့သည့် ယာဉ်များ၏ ယာဉ်ပိုင်ရှင် အမည်ပါ လိပ်စာများအား စစ်ဆေးဖော်ထုတ်ခဲ့ရာ မြောက်ဒဂုံ မြို့နယ် (၄၃) ရပ်ကွက် ဇွဲကပင် လမ်း အမှတ် (၁၁၁၃) နေအိမ်တွင် ယင်းကုမ္ပဏီနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းမိခဲ့သည်ဟုလည်း သြဂုတ်လ ၁၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
“ကျနော်တို့က ဆက်စပ်တဲ့ တရားခံ ၈ ဦး ဖော်ထုတ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ ဖမ်းမမိသေးဘူး။ သူတို့ တိမ်းရှောင်နေတယ်။ မမိသေးတဲ့အတွက် မိအောင် ကြိုးစားနေတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်”ဟု ရဲမှူးကြီး မြင့် သိန်း က ဆိုသည်။
ထိုမူးယစ်ဆေးဝါး အမှု၌ ပါဝင်ပတ်သက်နေသော ၈ ဦးသည် ကုမ္ပဏီ မန်းနေဂျင်း ဒါရိုက်တာ မင်းဦးခိုင်၊ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်သည့် ကျော်အေးလှိုင်၊ ဝင်းလှိုင်၊ လှမောင်၊ အေးသန်း၊ သန်းမြင့်၊ ရွှေသီးမောင်နှင့် သန်းထွန်းတို့ဖြစ်သည်ဟုလည်း ဆိုသည်။
Kaladan Delta Development ကုမ္ပဏီသည် ရေလုပ်ငန်းများကို အဓိကလုပ်ဆောင်၍ ပြည်ပသို့ တင်ပို့နေသည်ဟုလည်း သိရ သည်။
အမှုတွင် ပါဝင်ပတ်သက်နေသူ ၈ ဦးကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူ ထားကြောင်းနှင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိသူများ ဖမ်းဆီးရေးအတွက် ပိတ်ဆို့ရှာဖွေခြင်း၊ ရေဆိပ်၊ လေဆိပ်များ၊ နယ်စပ်ဝင်/ ထွက်ပေါက်များတွင်ရှာဖွေခြင်း အိမ်နီးချင်းနိုင်ငံများနှင့် သတင်းဖလှယ်စုံစမ်း ရှာဖွေမှုများ ပြုလုပ်နေကြောင်း သြဂုတ် ၁၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် ပါရှိသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲမှူးချုပ် ကျော်ဝင်းက“လူတွေရရင်တော့ အစဆွဲထုတ်လို့ရပြီ။ ကျူးလွန်တဲ့သူတွေက အခွင့်အရေးရှိတယ်လေ။ အားသာတာပေါ့။ ပြေးတဲ့သူထဲက တယောက်ရရင် ရပြီ။ သူတို့ ပြေးနိုင်တဲ့ နိုင်ငံတွေကိုလည်း ချိတ်ဆက် ထားပြီးသွားပြီ”ဟု ပြောဆိုသည်။
ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း၌ ရပ်ထားသည့် KIA BONGO အမျိုးအစား ကွန်တိန်နာ ဘောက်စ် အဖြူရောင် ယာဉ်ပေါ်တွင် တန်ဖိုးငွေကျပ် ၁၃၃ ဒသမ ၅ ဘီလီယံရှိ စိတ်ကြွဆေးပြားပေါင်း ၂၆ ဒသမ ၇ သိန်း ထုတ်ပိုးထားသည့် အထုပ်များနှင့် သြဂုတ်လ ၃ ရက်က မြောက်ဒဂုံမြို့နယ်၌ တန်ဖိုးငွေ ကျပ် ၇ ဒသမ ၅ ဘီလီယံရှိ စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်းကို ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှုကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အမှုဖွင့်ထားပြီး ဆက်စပ်၍ မြောက် ဒဂုံ တွင် ဖမ်းဆီးရမိသည့် ဖြစ်စဉ်ကိုလည်း ပြစ်မှုဆိုင်ရာ မပ(ပ)၁၅/၂၀၁၅၊ ပုဒ်မ ၁၉(က)/၂၀ အရ အမှုဖွင့်ထားကြောင်း သိရသည်။