အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ကိုးကန့်အဖွဲ့(MNDAA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို တတိယအကြိမ် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့် လိုက် ကြောင်း သိရသည်။
နေပြည်တော်၌ ယနေ့ကျင်းပသည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသကို တတိယအကြိမ် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ရန် နိုင်ငံတော် သမ္မတအမိန့်ဖြင့် ကာကွယ်ရေး ဝန်ကြီး ဌာန က အဆိုတင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်အမတ် ၅၂၉ ဦးက မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၇၃ မဲ၊ ကန့်ကွက်မဲ ၂၇ မဲ ဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ယခုတိုးမြှင့်လိုက်သည့် တတိယအကြိမ် စစ်အုပ်ချုပ်ရေး ကာလမှာ နိုဝင်ဘာ ၁၆ ရက်မှသာ ပြီးဆုံးမည် ဖြစ်သည်။
ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် စစ်အုပ်ချုပ်ရေး ကာလအတွင်း ကျရောက်နေမည် ဖြစ်သဖြင့် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ် မဖြစ်ကို စိုးရိမ်စရာ ရှိနေသည်ဟု နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောဆိုကြသည်။
ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က “စစ်အုပ်ချုပ်ရေးစနစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လို မှ မဖြစ်သင့်ဘူး။ ဒီအမိန့်ကို ရုပ်သိမ်းပြီးမှ ရွေးကောက်ပွဲ လုပ်ဖို့လိုတယ်။ ဒီမိုကရေစီကို ဖီလာဆန့်ကျင်တယ်။ စစ်အုပ်ချုပ်ရေး ကာ လ မှာ ကျင်းပတယ်ဆိုတာ မဲတွေက စိုးရိမ်ရပါလိမ့်မယ်”ဟု ဧရာဝတီကို ပြောသည်။
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားခြင်းကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို လောက် ကိုင် ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စောမြင့်ဦးက တာဝန်ယူထားကြောင်း သိရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက“စစ်အုပ်ချုပ်ရေး ကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကတော့ မဲတွေ စိုးရိမ်ရတာမျိုးတော့ ရှိနိုင်တယ်။ အုပ်ချုပ်တဲ့သူပေါ် မူတည်တယ်။ အဲဒီဒေသ လူတွေအနေနဲ့ ညှိနှိုင်းပြီး နားလည်မှုယူဖို့ လိုမယ် ထင် ပါတယ်”ဟု ပြောဆိုသည်။
ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလော်ဆင်ကွမ်းကမူ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် စစ်အုပ်ချုပ်ရေးကာလ တိုးမြှင့်လိုက်ခြင်းနှင့် ပတ်သက်၍ မှတ်ချက်မပေး လိုကြောင်း ဧရာဝတီကို ပြောသည်။
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၌ အစိုးရ တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပုဒ်မ ၁၄၄၊ ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့ပြီးနောက်၊ ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ပြီး အရေးပေါ် အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေး ကာလသည် မေလ ၁၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သော်လည်း အခြေအနေ မတည်ငြိမ်သေးသဖြင့် ကာကွယ် ရေး ဝန်ကြီးဌာနက အဆိုတင်သွင်း၍ ဒုတိယအကြိမ် ရက်ပေါင်း ၉၀ ထပ်မံ တိုးမြှင့်ခဲ့ပြီးနောက် ယခု တတိယအကြိမ် ထပ်မံတိုးမြှင့်ခြင်း ဖြစ်သည်။
MNDAA သည် အစိုးရဖော်ဆောင်နေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ဆွေးနွေးပွဲတွင် ပါဝင်လိုသဖြင့် တဖက် သတ် စစ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ယခုနောက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားကာ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်ဟု MNDAA မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ဧရာဝတီကို ပြောဆိုသည်။