မြန်မာနိုင်ငံသည် တိုင်းရင်းသားဒေသ အများစုရှိ သယံဇာတ ခွဲဝေရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှုအများဆုံး ကြုံတွေ့နေရသည့် နိုင်ငံဖြစ်သည်။ အစိုးရသစ်လက်ထက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာပြီးသည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (EITI) တွင် အဖွဲ့ဝင်လောင်းအဖြစ် ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် လက်ခံခဲ့သည်။ EITI ၏ မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့တွင် အစိုးရဌာန၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည်။ အဖွဲ့ဝင်လောင်းဖြစ်လာပြီး ၁၈ လအကြာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ပထမဆုံး အစီရင်ခံစာကို တင်သွင်းရမည် ဖြစ်သည်။
EITI အဖွဲ့ဝင်လောင်းဖြစ်လာပြီး တနှစ်အတွင်း မြန်မာ EITI အဖွဲ့၏ ဆောင်ရွက်မှု၊ စိန်ခေါ်မှုများကို သိရှိရန် သယံဇာတများ တာဝန်ခံမှုဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ (မြန်မာနိုင်ငံ) ၏ ဒါရိုက်တာတဦး ဖြစ်သူ ကိုဝင်းအောင်ကို ဧရာဝတီသတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားသည်။ ကိုဝင်းအောင်သည် EITI မြန်မာအဖွဲ့တွင် အရပ်ဘက် အဖွဲ့အစည်းကိုယ်စား ပါဝင်သူတဦးလည်း ဖြစ်သည်။
မေး။ ။ မနှစ်တုန်းက EITI အဖွဲ့ဝင်လောင်းအဖြစ် ဖြစ်လာပြီးနောက်ပိုင်း တနှစ်အတွင်း လုပ်ဆောင်မှုတွေ ဘာတွေများရှိလဲ။
ကိုဝင်းအောင်။ ။ ပြီးခဲတဲ့နှစ် ဇူလိုင်လ အစောပိုင်းကတည်းက နိုင်ငံတကာ EITI အတွင်းရေးမှူးအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို EITI အဖွဲ့ဝင်လောင်း အနေနဲ့ တရားဝင် ဝင်ခွင့်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်း ပုံမှန်လုပ်နေကျ သုံးပွင့်ဆိုင် အစည်းအဝေးတွေကို လုပ်တာ ရှိသလို၊ EITI အဖွဲ့ဝင်လောင်းဖြစ်ပြီး ၁၈ လအကြာမှာ အစီရင်ခံစာတင်ရမှာ ဖြစ်တယ်။ လာမယ့် ဇန်နဝါရီလ ၂၀၁၆ ခုနှစ် မှာ EITI အစီရင်ခံစာကို အပြီးရေးဆွဲပြီး တင်ရမှာ ဖြစ်တဲ့အတွက် အဲဒါနဲ့ ပတ်သက်တာတွေ လုပ်ဖြစ်တာ ရှိတယ်။ တပြိုင်နက်တည်းမှာပဲ ဒီ အရပ်ဘက်လူမှုအဖွဲ့အစည်း၊ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေ အပါအဝင် တချို့လုပ်ငန်းရှင်တွေနဲ့ လက်ရှိ EITI စံချိန် စံနှုန်းထဲမှာ တချို့ဆွေးနွေးရခက်တဲ့ ကိစ္စရပ်တွေကို ဥပမာ – သတ္တုတူးဖော်ရေးနဲ့ ပတ်သက်ပြီးဖြစ်နေတဲ့ အခြေခံလူတန်းစားတွေ၊ ဒေသခံတွေကြားထဲ ဖြစ်နေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကြိုးစားတာတွေရှိပါတယ်။ နောက်တခုက ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ ကုစားနိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေကို ဘယ်လို ပူးပေါင်း ဆောင်ရွက်ပြီးတော့ လုပ်မယ်ဆိုတဲ့ ဟာတွေလည်း ဆွေးနွေးဖြစ်တယ်။ EITI အစီရင်ခံစာ တခု အောင်မြင် ပြီးမြောက်ဖို့ကိုပဲ အလေးပြုပြီး လုပ်တာကိုင်တာတွေ ရှိပါတယ်။ EITI အစီရင်ခံစာထဲမှာ လောလောဆယ် ပထမနှစ်အနေနဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့၊ သတ္တုတူးဖော်ရေးတွေ ကိစ္စရပ်တွေ၊ အဲဒီအထဲမှာ ကျောက်မျက်ရတနာ ပါတယ်။ အဲ့ဒီနှစ်ခုကို နယ်ပယ်အလိုက် လေ့လာမှုတွေ ပြုပြီးတော့ အစီရင်ခံစာမှာ ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတို့ သစ်တောတို့ကျတော့ အစမ်းလေ့လာ လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းတခု ကျနော်တို့ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။
မေး ။ ။ EITI မှာ ဒေသခံတွေ ပါဝင်လာဖို့ ဒေသခံတွေဆီက ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိလဲ။ နောက် ကုမ္ပဏီတွေဆီကရော ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ထိ ရလဲ။
ဖြေ ။ ။ ပထမအနေနဲ့ ကုမ္ပဏီရဲ့ အခန်းကဏ္ဍကို ပြောကြည့်ပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ကတော့ EITI စံချိန်စံနှုန်းအတိုင်း မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်တွေနဲ့ ရေရှည်မှာ ပုဂ္ဂလိက အခန်းကဏ္ဍ၊ ပိုပြီးတော့ တာဝန်ယူမှု တာဝန်ခံမှု ပွင့်လင်းမြင်သာမှုရှိတဲ့ စီးပွားရေး လမ်းကြောင်းတခုပေါ် ရောက်အောင် လုပ်နေတာ တွေ့ရတယ်။ တဖက်မှာလည်း ပုဂ္ဂလိက အခန်းကဏ္ဍတွေ ပါဝင်မှုဆိုပေမယ့် ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ ပြည်တွင်း ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ တချို့ပြောနေကြတဲ့ ခရိုနီ ကုမ္ပဏီတွေအပါအဝင် ကိုယ်စားပြု ကဏ္ဍနယ်ပယ် အသီးသီးအလိုက် ဘယ်လောက်အထိ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍကတော့ ကျနော်တို့ အချိန် တော်တော်လေး ယူရဦးမယ် ထင်ပါတယ်။ နိုင်ငံတကာကလာတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ တချို့ကုမ္ပဏီကြီးတွေဆိုရင် သူတို့ အရင်ကတည်းက EITI လုပ်ငန်းစဉ်ထဲမှာ အတိုင်းအတာ တခုအထိ ပါလာခဲ့တာ ရှိတယ်။ EITI ရဲ့ သဘောသဘာဝကို နားလည်တဲ့ ကုမ္ပဏီတွေက တချို့ ပြင်ဆင်မှုတွေ လုပ်နေတဲ့အပိုင်းတွေ တွေ့ရတယ်။ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ EITI လုပ်ငန်းဘောင်ထဲမှာ လုပ်ရမယ့် ကိစ္စရပ်တွေ အပေါ်မှာ တချို့တဝက်လောက်ပဲ နားလည် သဘောပေါက်ပြီး လုပ်ဆောင်နိုင်တဲ့ အခင်းအကျင်းတခုလို့ ကျနော်ထင်တယ်။ ရေရှည်အလုံးစုံ ပါဝင်နိုင်လောက်တဲ့ ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ နယ်ပယ်တခု ဖြစ်ဖို့ကတော့ တော်တော်လေး အချိန်ယူရလိမ့်မယ် ထင်ပါတယ်။
မေး ။ ။ EITI အစီရင်ခံစာကလည်း ၂၀၁၆ မှာ ထုတ်ရမယ်။ အချိန်က ဘယ်လောက်မှ မကျန်တော့ဘူး။ ဒီကုမ္ပဏီတွေ ပါဝင်ဆောင်ရွက်လာဖို့၊ ပြီးပြည့်စုံတဲ့ အစီရင်ခံစာဖြစ်ဖို့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားနေလဲ။
ဖြေ ။ ။ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ အထူးသဖြင့် ရေနံ သဘာဝဓါတ်ငွေ့၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ။ ပြည်တွင်းကုမ္ပဏီတွေ ရှိတယ်။ လုပ်တာကလည်း ကျနော်တို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ တွေ့ရတော့ သတ္တုတွင်းဝန်ကြီးဌာနမှာ တရားဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ဘယ်လောက်အထိ EITI လုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်လာမလဲဆိုတာ မေးခွန်းတခု ဖြစ်တယ်။ အကုန်လုံး ပါဝင်နိုင်ဖို့အတွက်ကတော့ ပထမ အစီရင်ခံစာမှာ ထည့်သွင်းဖို့ တစုံတခုအထိ စိန်ခေါ်မှုတွေ ရှိနေတယ်။ ဒီကိစ္စတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ EITI စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့၊ အကောင်အထည်ဖော် လုပ်ဆောင်နိုင်တဲ့ စဉ်းစားချက်မျိုးတွေ၊ အဲဒီဟာတွေအပေါ် တစုံတခုထိ အကန့်အသတ် ဖြစ်နေတဲ့ ဥပဒေတွေ၊ ဒီသယံဇာတ စီမံခန့်ခွဲမှု အုပ်ချုပ်မှုဆိုင်ရာ အခြေခံဥပဒေ အပါအဝင် စည်းမျဉ်းစည်းကမ်း ဥပဒေတွေ။ နောက် လုပ်ဆောင်ရမယ့် လမ်းကြောင်းတွေအပေါ် ပိတ်ဆို့မှု အဟန့်အတားမှုတွေ ဖြစ်နေတဲ့အပေါ်မှာ ကျနော်တို့ အစိုးရအနေနဲ့ တချို့ ဥပဒေတွေကို ပြင်ပေးဖို့လိုပါလိမ့်မယ်။ နောက်တခုကလည်း နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ ဆိုရင်လည်း သူတို့ နိုင်ငံတကာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ လုပ်ငန်းစဉ်တွေကို ကျနော်တို့ နိုင်ငံမှာ ပွင့်ပွင့်လင်းလင်းချပြပြီး ထိထိရောက်ရောက် အကောင်ထည်ဖော် လုပ်ဆောင်နိုင်မယ့် အနေအထားတခုကို ကျနော်တို့ တိုက်တွန်းလိုပါတယ်။
မေး ။ ။ နိုင်ငံတကာ ကုမ္ပဏီတွေက သူတို့အစီအစဉ်နဲ့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေရော EITI လုပ်နေတဲ့ ကာလမှာ ဘယ်နှခုလောက် တွေ့ရလဲ။
ဖြေ ။ ။ အစီရင်ခံစာ မထွက်ခင်တော့ Scooping study ဆိုတာ ရှိတယ်။ နယ်ပယ်ကဏ္ဍ အသီးသီးအလိုက် အဲဒါကို လုပ်ဆောင်ဖို့ နိုင်ငံတကာ ကုမ္ပဏီတခု ငှားရမ်းထားတာရှိတယ်။ အဲဒီကုမ္ပဏီအနေနဲ့ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ဝန်ကြီးဌာနအလိုက် ဆက်စပ် လုပ်ဆောင်ရမယ့် ကိစ္စရပ်ကို အတိုင်းအတာ တခုအထိ ထိထိရောက်ရောက် လုပ်နေတာ ပြောလို့ရတယ်။ EITI ကလည်း ကိုယ်တို့နိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ တခြား သယံဇာတ ကိစ္စတွေအပေါ်မှာ အတိုင်းအတာ တခုအထိပဲ ဖြေရှင်းနိုင်လောက်တဲ့ လမ်းကြောင်းပေါ်မှာ သုံးရမယ့် ကိရိယာတခု၊ Tool တခုဖြစ်တယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုး – ဥပမာ ဖယ်ဒရယ်ကို အခြေခံတဲ့ စီးပွားရေးစနစ်တွေ၊ နိုင်ငံရေးကို အခြေခံတဲ့ စဉ်းစားချက်တွေ၊ သယံဇာတနဲ့ ပတ်သက်ပြီး ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်တွေ အပါအဝင် ထည့်သွင်း စဉ်းစားလာနိုင်ရင်တော့ ဒီကိစ္စတွေက ရေရှည်မှာ တဖြည်းဖြည်း အဖြေရှာလာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
မေး ။ ။ ဥပဒေပြောင်းလဲဖို့ဆိုတာ ရှိပြီးသား ဥပဒေတွေကို ပြောင်းလဲစေချင်တာလား။ ဘယ်လိုဥပဒေမျိုးတွေ ထပ် ရှိသင့်တာလဲ။
ဖြေ ။ ။ လက်ရှိ အခြေခံဥပဒေ ပုဒ်မ ၃၇ ဆိုရင် ဗဟိုအစိုးရအနေနဲ့ သယံဇာတ ရေပေါ်ရေအောက်တွေကို အကုန်လုံး ထိန်းချုပ်ပိုင်ခွင့်ကို ပြဌာန်းထားတာ ရှိတယ်။ တပြိုင်နက်တည်းမှာပဲ အခြေခံဥပဒေ ပုဒ်မ ၉၆၊ ၁၈၈၊ ၁၉၆ ဆိုရင် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်၊ အထူးပြုဒေသ အသီးသီးအလိုက် လုပ်ပိုင်ခွင့် ပေးထားတာလည်း ရှိတယ်။ အဲဒီနေရာမှာ ကျနော်တို့ တိုင်းရင်းသားဒေသတွေ အတော်များများမှာ အသေးစား စီးပွားရေးလုပ်ငန်း လက်လုပ်လက်စားတွေ အဆင့်လောက်ပဲ လုပ်နိုင်ခွင့်လောက်ပဲ ပေးထားတဲ့ အခါကျတော့ ဥပဒေအရ တကယ့်တကယ် လိုလားတဲ့ သယံဇာတ ခွဲဝေမှုအပိုင်း စီမံခန့်ခွဲမှုအပိုင်းက တော်တော်လေး ပြဿနာ သွားတွေ့ရတယ်။ ဒီဟာကိုလည်း ကျနော်တို့ သမ္မတ ဦးသိန်းစိန် လက်ထက် အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲမှာ အဲဒီ သယံဇာတ ခွဲဝေရေးကိစ္စရပ် ထိန်းညှိပြီး လုပ်ဆောင်နေတာ တွေ့ရတယ်။ သို့ပေမယ့် ဒီဟာ အထိုက်အလျောက် တိုးတက်လာနိုင်ပေမယ့် ပိြုပီးတော့ ပြုပြင်ပြောင်းလဲရေးကို ခြေလှမ်းတလှမ်း တံတားတခုသဖွယ် လုပ်ဆောင်ချက်မျိုး ဖြစ်ဖို့ လိုလိမ့်မယ် ထင်တယ်။
မေး ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းစဉ်မှာလည်း EITI လုပ်ငန်းစဉ်တွေ ပါဝင်ဆွေးနွေးတယ်လို့ သိရတယ်။ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ဘယ်လို လုပ်ဆောင်သင့်လဲ။ အစ်ကိုတို့ အဖွဲ့အနေနဲ့ရော ဒီတိုင်းရင်းသား ဒေသတွေက သယံဇာတရေးရာနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ ဆောင်ရွက်နိုင်လဲ။
ဖြေ ။ ။ လက်ရှိ နိုင်ငံရေးဖြစ်စဉ်ထဲမှာ အဓိကကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိစ္စတွေ နောက်လာမယ့် နိုင်ငံရေး အခင်းအကျင်းမှာ အင်မတန်ကို အရေးကြီးတဲ့ဖြစ်စဉ် လုပ်ငန်းစဉ် ဖြစ်တယ်။ အဲဒီ လုပ်ငန်းစဉ်ထဲမှာ လက်ရှိ သမ္မတ ဦးသိန်းစိန် အကောင်အထည် ဖော်နေတဲ့ စီးပွားရေး လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဘောင်ထဲက လုပ်လို့ရတဲ့ ကိစ္စရပ်တွေ ရှိကောင်း ရှိနိုင်လိမ့်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေ၊ သယံဇာတနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပိုင်ခွင့်တွေ အကျိုးတူ ခံစားပိုင်ခွင့်တွေက အဓိက ကျလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီကိစ္စတွေကို ဆွေးနွေးတဲ့အခါ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ တကယ့်တကယ် လိုအပ်နေတဲ့ လိုလားနေတဲ့ ကိစ္စရပ်တွေကို တိုင်းရင်းသား ခေါင်းဆောင်တွေ သယံဇာတ နယ်ပယ်မှာ လုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထိထိရောက်ရောက် ပါဝင်ဆွေးနွေးတဲ့ အခင်းအကျင်းတွေ လိုပါလိမ့်မယ်။ တချို့ကိစ္စတွေကျတော့ EITI ဖြစ်စဉ်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားပြုထားတဲ့ သယံဇာတခွဲဝေရေး၊ သယံဇာတ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ ရပိုင်ခွင့်တို့ တိုင်းရင်းသားတွေအနေနဲ့ ပြောပိုင်ဆိုပိုင်ခွင့်က အများကြီး အကန့်အသတ်တွေ ရှိနေတယ်။
အဲဒီဟာက သာမန် အရပ်ဘက် လူမှုအဖွဲ့အစည်းလို့ ပြောနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဗမာလူမှု အဖွဲ့အစည်း တွေမှာတောင်မှ ဝိဝါဒ ကွဲပြားနေတာ အများကြီးရှိတယ်။ အစိုးရအနေနဲ့က EITI ကို တိုင်းရင်းသားတွေ နိုင်ငံရေး ဆွေးနွေးပွဲမှာ တစုံတခုထိ ကိုးကားလို့ရအောင် NCA process, တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ထဲမှာ EITI ကို ထည့်ထားတာ တွေ့ရတယ်။ ကျနော်တို့ နားလည်သလောက် တကယ်လို့ အပစ်အခတ် ရပ်စဲရေးကိစ္စတွေ ကျော်လွန်ပြီး နိုင်ငံရေးစကားဝိုင်း စတဲ့အခါ EITI စံချိန်စံညွန်း ထည့်ထားရင် တစုံတခုထိ ကိုးကားလို့ ရတယ်ဆိုတာ တွေ့ရတယ်။ ဒါပေမယ့် EITI ကို အဓိကထားပြီး တိုင်းရင်းသားတွေ လိုချင်တဲ့ (လက်ရှိဆွေးနွေးပွဲမှာ သယံဇာတ ခွဲဝေရေးကိစ္စတွေ အပါအဝင်ပေါ့) ဟာကို ဖြေရှင်းနိုင်ဖို့ EITI က အဓိက မကျဘူးလို့ မြင်တယ်။ ဒါပေမယ့် ဒါကို ကိုးကားပြီးတော့ လောလောဆယ် ဖြစ်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ။ ဥပမာ – သယံဇာတ ခွဲဝေရေးကိစ္စကို မဆွေးနွေးခင် တိုင်းရင်းသား ဒေသတွေမှာ ရှိတဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ ရေကာတာ သစ်တောတွေကအစ တဝက်ကျော်၊ အားလုံးနီးပါးလို့ ပြောလို့ရတယ်၊ မရှိသလောက် ကုန်ခါနီးပါးဖြစ်နေပြီ။
တကယ် ဆွေးနွေးရေး အနေအထားတခု ရောက်လာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေက အကုန်ယူသွားပြီးပြီ။ တကယ် ကိုယ်တို့ ရသင့်ရထိုက်တဲ့ ဟာတွေက ဘယ်အနေအထားတခု ကျန်ခဲ့မလဲဆိုတာအစ ထည့်သွင်း စဉ်းစားရမယ်။ ဒီဟာက ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့စီးပွားရေး လုပ်ဆောင်ချက်တွေ ရပိုင်ခွင့်တွေအပေါ် အလေးပေးပြီး ထဲ့သွင်းစဉ်းစားရမယ့် အချက်ဖြစ်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြောချင်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ပြောချင်တယ်။ သူတို့ အနေနဲ့လည်း စဉ်းစားချက်တွေ ရှိမှာပါ။ ဒါပေမယ့် လက်တွေ့ လုပ်ဆောင်တဲ့အခါ နည်းပညာ ကိစ္စရပ်တွေ အခက်အခဲတော့ ရှိနေမှာပေါ့။ ဒီထက် EITI ကို သယံဇာတနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးလို့ အဖြေရှာလို့ရတဲ့ အခင်းအကျင်း တခုကို စပြီးတော့ ဘုံသဘောအနေနဲ့ သဘောတူတဲ့ အဆင့်လောက်ကတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် EITI ကို ဖယ်ဒရယ်စနစ် အခြေခံတဲ့ စီးပွားရေးစနစ် ရှေ့ဆက်သွားနိုင်အောင် EITI ကို ထည့်ရခြင်းဖြစ်တဲ့ အနေအထား တခုကတော့ တော်တော်လေး ပြဿနာ ရှိပါတယ်။
မေး ။ ။ ဖယ်ဒရယ်စနစ် အခြေခံတဲ့ စီးပွားရေးစနစ်ကို အကျယ် ရှင်းပြပေးပါ။
ဖြေ ။ ။ ဥပမာ ကျနော်တို့ ဖယ်ဒရယ်ကို အခြေခံတဲ့ စီးပွားရေးစနစ်ဆိုရင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ လွတ်လွတ်လပ်လပ် စီးပွားရေးတွေကို အကောင်အထည် ဖော်ပိုင်ခွင့်တွေ၊ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အစိုးရတွေနဲ့ ဖယ်ဒရယ်အစိုးရကြားမှာ သတ်သတ်မှတ်မှတ် အခွန်ကောက်ခံမှုတွေ။ သယံဇာတဆိုင်ရာ အကျိုးအမြတ်တွေ ခွဲဝေမှုတွေ၊ နောက် သယံဇာတမရှိတဲ့၊ ဥပမာ – ချင်းပြည်နယ်လို တခြား တိုင်းနဲ့ပြည်နယ် ဒေသတွေနဲ့စာရင် အင်မတန် ရှားပါးတဲ့ နေရာဖြစ်တယ်။ သယံဇာတ ပေါကြွယ်ဝတဲ့ နေရာဒေသတွေက ထွက်တဲ့ အကျိုးအမြတ်တွေကို Equalization payment ပေါ့နော် တန်းတူ ညီမျှတဲ့ တခြားနေရာဒေသပါ တန်းတူခံစားနိုင်အောင်ဆိုတဲ့ စဉ်းစားချက်။ လူဦးရေကို အခြေခံတဲ့ စဉ်းစားချက်၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးမှာ သယံဇာတခွဲဝေရေးမှာ ထည့်သွင်းစဉ်းစားရမယ့် နည်းပညာဆန်တဲ့ ကိစ္စရပ်တွေ အများကြီးပါပါတယ်။ အဲဒီဟာတွေကို စနစ်တကျ ပြုစုပြီးတော့ အသေးစိတ် နည်းပညာပိုင်း ဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးရတာ ပါကောင်း ပါပါလိမ့်မယ်။ အဲဒါမှ ပိုပြီး အာမခံချက်ရှိတဲ့ အခြေခံဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့် စီမံခန့်ခွဲပိုင်ခွင့်တွေ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှပဲ ပိုပြီး သတ်သတ်မှတ်မှတ် အာမခံချက် ရှိပါလိမ့်မယ်။ အကျိုးတူ မျှဝေခံစားတာကျတော့ Benefit sharing ပဲ ကျတော့ လိုချင်ရင်တော့ ပေးလို့ရတယ်။ မလိုရင်တော့ မပေးဘူးဆိုတဲ့ အနေအထားတွေကလည်း တချို့နိုင်ငံတွေမှာ အများကြီး နိုင်ငံရေးပြဿနာတွေက ဆက်လက် ရှိသေးတယ်ဆိုတော့ အခြေခံဥပဒေအရ လွတ်လွတ်လပ်လပ် လုပ်ပေးနိုင်တဲ့ ဖယ်ဒရယ် ပုံစံမျိုးကိုပဲ ကျနော်တို့ အလေးပေးပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။
မေး။ အစိုးရပိုင်းမှာ ဖယ်ဒရယ်ဆိုတဲ့ စကားလုံးကို နိုင်ငံရေးအရ သုံးလာတာ သိပ်မကြာသေးဘူး။ အစ်ကိုတို့ EITI မြန်မာမှာလည်း အစိုးရကိုယ်စားလှယ် ပါတယ်။ CSOs နဲ့ အပြင်က စီးပွားရေးလုပ်ငန်းရှင်တွေ ပါတယ်။ အစိုးရကပါတဲ့ EITI မြန်မာမှာ ဖယ်ဒရယ်အခြေခံတဲ့ စီးပွားရေးခွဲဝေမှုကို ဆွေးနွေးတဲ့အခါ လက်ခံမှု တွေ့ရလား။ ဘယ်လို အခက်အခဲတွေ ရှိလဲ။
ဖြေ ။ ။ EITI က စပြီး အကောင်အထည်ဖော်တဲ့ အနေအထားတခုက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တခုမှာ တော်တော်များများ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးပဲ ဖြစ်ဖြစ်၊ ပဋိပက္ခလွန် အသွင်ကူးပြောင်းရေးပဲ ဖြစ်ဖြစ်၊ EITI ကို စီးပွားရေး၊ နိုင်ငံရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေမှာ တစုံတခုထိ ဖိအားပေးပြီးတော့ တွန်းပို့လေ့ ရှိကြပါတယ်။ အာဖရိကမှာပဲ ကြည့်ကြည့်၊ တခြား အသွင်ကူးပြောင်းရေး နိုင်ငံမှာပဲဖြစ်ဖြစ် ရှိကြပါတယ်။ ကျနော်တို့ဆီမှာ ဒီထက် ကျယ်ပြန်တဲ့ နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေ ရှင်းရှင်းလင်းလင်း ရှိဖို့ လိုပါတယ်။ အဲဒီဟာကို အခြေခံပြီး ဘယ်လို အနေအထားတခုမှာ EITI ကို ထည့်သွင်းစဉ်းစား အကောင်အထည် ဖော်တယ်ဆိုတာ ဖြစ်ရမယ်။ EITI က လမ်းခုလတ်က တက်ပြီးစီးတဲ့ ခရီးသည်လိုမျိုး အတိုင်းအတာ တခုအထိ ဖြေရှင်းလို့ရအောင်၊ ပြဿနာတွေကို ထိန်းချုပ်လို့ရအောင် လိုက်ပြီးလုပ်နေရတဲ့ အနေအထားတခု ဖြစ်တယ်။ ဒီ EITI ဖြစ်စဉ်မှာ ပါဝင်လာကြတဲ့ တချို့ ကိုယ်စားလှယ်တွေ အစိုးရ ကိုယ်စားလှယ်တွေနဲ့လည်း လုပ်ချင်ကိုင်ချင်စိတ်တွေ တွေ့ရပါတယ်။ သို့ပေမယ့် သူတို့မှာ လုပ်နိုင်ကိုင်နိုင်တဲ့ မန်းဒိတ်က ရှိမနေဘူး။ ဘယ်ဟာတွေကို ဘယ်လို စနစ်တကျ အကောင်အထည်ဖော်ပြီး လုပ်ရမယ်။ EITI ဖြစ်စဉ်ထဲက ဥပဒေကြောင်းဆိုင်ရာ တခြားလုပ်ပိုင်ခွင့်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ Industrialized ပေါ့နော်၊ ပြုပြင်ပြောင်းလဲရမယ့် ကိစ္စရပ်တွေ၊ နောက် အခွန်ဘဏ္ဍာနဲ့ ဆက်စပ်ပြီးတော့ တချို့ ကန့်သတ်ချက်တွေ သတ်သတ်မှတ်မှတ် ဖြစ်လာရင်တော့ ကျနော်တို့ တွန်းဖြစ်သွားမှာ ဖြစ်ပါတယ်။ ခုနကပြောသလို ဖယ်ဒရယ်ကို အခြေခံတဲ့ စဉ်းစားချက်မျိုး ဆွေးနွေးမှုတွေ အတိုင်းအတာ တခုအထိ ကန့်သတ်ချက်တွေ ရှိနေတယ်လို့ ပြောလို့ရတယ်။ ဒီဟာကို လက်တွေ့ကျကျ စဉ်းစားဖို့ကလည်း ဒီ EITI ဆိုတဲ့ အလုပ်အဖွဲ့လောက်က စဉ်းစားရင် လက်တွေ့ကျမှုအပေါ် အများကြီး လိုသေးတယ်။
မေး ။ ။ မြန်မာပြည်က အရင် အစိုးရ လက်ထက်တွေမှာ EITI ကို အလေးနက်ထား ဆောင်ရွက်တာ မရှိဘူး။ နိုင်ငံတကာကလည်း ဝေဖန်နေတာ ရှိတယ်။ လက်ရှိအချိန်မှာ အားနည်းနေသေးတယ်။ ဒီအတိုင်းသာ ဆက်ပြီး EITI ကို အလေးနက်ထား မဆောင်ရွက်ဘူး ဆိုရင် ရိုက်ခတ်မှုက ဘာတွေ ဖြစ်လာမလဲ။
ဖြေ ။ ။ EITI ကို စပြီး ကျနော်တို့ နိုင်ငံမှာ အကောင်အထည်ဖော်ကတည်းက အဓိက နိုင်ငံရေးအရ ထိထိရောက်ရောက် လုပ်ချင်ကိုင်ချင်စိတ် Ppolitical will ရှိဖို့လိုတယ်။ အဲဒီဟာကို အခြေမခံဘဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မက်လုံးပေးပြီး လုပ်တဲ့ဟာမျိုး သယံဇာတ စီမံကိန်းတွေနဲ့ ဆက်စပ်ပြီး ဖြစ်နေတဲ့ ပြဿနာကို အပေါ်ယံဖြေရှင်းဖို့ ကြိုးစားတဲ့ဟာမျိုးဆိုရင် ယုံကြည်မှုတွေကအစ ခုနက ပြောသလို ဘယ်လိုမှ လုပ်လို့ရတော့မှာ မဟုတ်ဘူး။ ယုံကြည်မှု တည်ဆောက်မှု ဆိုတာကလည်း အစိုးရနဲ့ တိုင်းသူပြည်သားတွေ ကြားထဲမှာပဲ ရှိနေတာ မဟုတ်ဘူး။ အစိုးရရဲ့ ဝန်ကြီးဌာနတွေ အသီးသီး၊ နယ်ပယ် အသီးသီးမှာလည်း ကန့်သတ်ချက်တွေ အများကြီး ရှိပါတယ်။ EITI အခင်းအကျင်းကို နိုင်ငံတကာ စံချိန် စံနှုန်းအမီ ပွင့်ပွင့်လင်းလင်း အရှိကို အရှိ၊ အဖြစ်ကို အဖြစ်အတိုင်း ချပြဖို့ လိုတယ်။ ဟန်ဆောင်တာမျိုး၊ လိမ်လည်တာမျိုးဆိုရင် နိုင်ငံရဲ့ အနာဂတ်က ပြဿနာတွေ ပိုပြီးရှိလာနိုင်မယ်။ ရှိတဲ့ စိန်ခေါ်မှုတွေ ပြဿနာတွေကို အရှိအရှိအတိုင်း ဝန်ခံ ဖော်ထုတ် ရှင်းပြပြီးတော့ လုပ်ဆောင်မှပဲ ရှေ့ဆက်သွားရမယ့် ကိစ္စတွေ အဆင်ပြေလိမ့်မယ်။ မဟုတ်ရင်တော့ ကိုယ့်ဟာကိုလည်း ဝန်မခံဘူး၊ ပြဿနာကိုလည်း တစုံတခုထိ အာမ မခံဘူးဆိုရင် EITI အပါအဝင် တခြားနယ်ပယ်အသီးသီးမှာ နိုင်ငံရေး စီးပွားရေး တခြားတိုင်းရင်းသား ကိစ္စတွေမှာပါ ယုံကြည်မှုတွေ ပျက်သွားပြီး မျှော်လင့်ချက်တွေနဲ့ လွဲကုန်လိမ့်မယ်လို့ ထင်တယ်။