တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုပြီးပါက တိုင်းရင်းသား ဒေသများရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လူ့အခွင့်အရေးနှင့်အညီ ပူးပေါင်း စောင့်ရှောက်သွားမည်ဟု သိရသည်။
သမ္မတရုံး သတင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည့် NCA ၏ အခန်း(၃) ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ခေါင်းစဉ်အောက်တွင် စစ်ဘေးဒဏ်ခံ ပြည်သူများကို စောင့်ရှောက်မည့် ကတိကဝတ် ပါရှိလာခြင်း ဖြစ်သည်။
ထိုသို့ စစ်ဘေးရှောင် ဒုက္ခသည်များအား အစိုးရက ကူညီထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက်ပြီး တိုင်းရင်းသားတို့၏ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD) ခေါင်းဆောင် ပဒိုနော်ဇီဖိုးရာစိန်က NCA စာချုပ်အပြီး စစ်ဘေးရှောင် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အတွက် အချိန်ကာလ ကြာမြင့်မည် မဟုတ်ကြောင်း ပြောဆိုသည်။
“တကယ်လို့ NCA ချုပ်ပြီးရင်တော့ ပြန်လည်နေရာချထားရေး ကိစ္စတွေက သိပ်မကြာပါဘူး။ ကျမအထင် NCAချုပ်ပြီး တလ၊ နှစ်လ နေတာနဲ့ အကောင်ထည် ဖော်ကြမယ်လို့ မျှော်လင့်ပါတယ်”ဟု နော်စီဖိုးရာစိန်က ဧရာဝတီကို ပြောသည်။
NCA စာချုပ်တွင် ပြည်သူများနှင့် ပတ်သက်သည့် ကတိကဝတ်များ၌ NCA စာချုပ် ချုပ်ဆိုပြီးပါက စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီပြီး လိုအပ်ပါက ရွာသစ်များ တည်ထောင်၍ ဒုက္ခသည်များဘ၀ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ပေးမည်ဟု ပါရှိသည်။
အစိုးရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်တွင် စစ် ဘေးရှောင် ဒုက္ခသည် တသိန်းခွဲကျော် နှင့် ရှမ်းပြည်နယ်တွင် နှစ်သောင်းကျော်ရှိကြောင်း ဒုက္ခသည်စခန်းများ၏ စာရင်းများ၌ ဖော်ပြ ထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များ ရှိသော်လည်း နယ်စပ်ရှိ ကုလသမဂ္ဂ(UN) က အကူအညီ ပေးထားသည့် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များစာရင်း မပါရှိပေ။ ဒုက္ခသည် အများစုသည် UN ၏ ထောက်ခံချက်ဖြင့် တတိယနိုင်ငံသို့ ရောက်ရှိ အခြေချသွားကြသူများလည်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် နှင့် ထိုင်းနယ်စပ်တွင် ဒုက္ခသည် စခန်း ၆ ခု ရှိပြီး ဒုက္ခသည်ဦးရေ ၇ သိန်းဝန်းကျင် ရှိသည်ဟုလည်း ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (KNUPC) မှ တာဝန်ရှိသူများ ပြောသည်။ ထိုဒုက္ခသည်စခန်းများသည် လူအဝင်အထွက် အမြဲရှိနေသဖြင့် စာရင်းများ အတိအကျ မဟုတ်ဟုလည်း ဆိုသည်။
KNUPC မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောကျော်စွာက“NCA ထိုးပြီးရင် ဒုက္ခသည်တွေကို နေရာပြန်ပေးဖို့ ဆိုပြီး အစိုးရနဲ့ KNU က မြေ တွေ ဖယ်ထားတာရှိတယ်၊ တမိသားစုကို ၁၀ ဧက လောက်ပေါ့၊ ဒါပေမယ့်ပြဿနာက အဲ့ဒီမြေတွေမှာ ဒေသခံမြေတွေပါနေတယ်”ဟု ဧရာဝတီကို ပြောသည်။
NCA စာချုပ်တွင် ပြည်တွင်းမှ ထွက်ပြေး တိမ်းရှောင်သွားသူများကိုပါ နေရပ်သို့ လူ့ဂုဏ်သိက္ခာနှင့်အညီ ပြန်လာနိုင်ရန် ပြန်လည် နေ ရာ ချထားရေး လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။
ထို NCA စာချုပ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က“အချက်တွေ ထပ်လိုပါသေး တယ်။ စစ်ဘေးရှောင်တွေ နေရပ်ပြန်မယ်ဆို သူတို့ရဲ့ လယ်ယာမြေတွေ အိုးအိမ်တွေ အားလုံးပြန်စီစဉ်ပေးဖို့ လိုတယ်။ ဘဝအာမခံချက်တွေပေးပြီး NCA လည်း ပြန် ဖောက်ဖျက်တာတွေ မလုပ်ဖို့ လိုပါတယ်”ဟု ပြောဆိုသည်။
NCA စာချုပ်တွင် ပြည်သူလူထု နေထိုင်ရာ အနီးတွင် တပ်စခန်းများ ချခြင်း၊ ကလေးစစ်သား စုဆောင်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ရပ်ရွာများအတွင်း လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခြင်းတို့ကို နှစ်ဖက်တပ်များက ပြုလုပ်ခွင့် မရှိကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) က NCA စာချုပ် ချုပ်ဆိုပြီးပါက စာချုပ်ပါ အချက် အလက်များကို ၂၄ နာရီ အတွင်းမှ စ၍ အသက်ဝင် ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။
NCA ချုပ်ဆိုပြီးပါက လုပ်ဆောင်ရမည့် ပစ်ခတ်မှု ပြန်လည် မဖြစ်ပွားရေး၊ စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် ကတိကဝတ်များ မဖောက်ဖျက်ရေးနှင့် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ကော်မတီ အသီးသီးဖွဲ့၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
NCA စာချုပ်မူကြမ်းကို ၂၀၁၃ ခုနှစ်တွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား တို့၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT) တို့က ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ၂၀၁၅ခုနှစ် သြဂုတ်လ ၇ ရက်တွင် အပြီးသတ် သဘောတူခဲ့ကြသည်။
NCA စာချုပ်ပါ အချက်အလက်များသည် ညှိနှိုင်းပြီး ဖြစ်သော်လည်း စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးရေးကို အစိုးရက လက်မခံသေးသဖြင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်။