ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသရှိ ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီတချို့ကို မီးအလင်းပေး နိုင်ရေးအတွက် ဂျပန် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်သည့် နာမည်ကြီး ပင်နစ်ဆိုးနစ် (Panasonic Corporation) က UNESCOနှင့် ပူးပေါင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ Panasonic Corporation က ပုဂံဒေသရှိ ဂူဘုရားအချို့၏ အတွင်း၊ အပြင်တွင် Solar Energy System တပ်ဆင်ရန် လှူဒါန်းကူညီပေးမည်ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းရန် ဆောင်ရွက်နေသည့် ပုဂံရှေးဟောင်းဇုန်တွင် မိုးရွာသွန်းမှုကြောင့် ရှေးဟောင်း အဆောက်အအုံအချို့သည် ပျက်စီးယိုယွင်းလာရာ အရေးပေါ်ထိန်းသိမ်းရန် လိုအပ်နေသည့်အတွက် UNESCO ကမ္ဘာ့အမွေအနှစ် ဗဟိုဌာနက အရေးပေါ်ရန်ပုံငွေဖြင့် ထိန်းသိမ်းနိုင်ရေးအတွက် ကူညီထောက်ပံလည်း သွားမည်ဟု ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မိုးများရွာသွန်းသည့်အတွက် ၂၀၀၃ ခုနှစ် စစ်အစိုးရလက်ထက် ကမှ အုတ်ကုန်းကို ပြန်လည်တူးဖော်၍ ဂူပုထိုးပုံစံ ပြန်လည်တည်ထားသည့် ညောင်ဦးနယ်မြေမှ ပုဂံလက်သစ် ဘုရားတဆူ ပြိုကျခဲ့သေးသည်။