“၁၄ ရက်- ၁၈ရက် ဘန်ကောက်မှာ အထူးဂရုစိုက်ပါ ၊အရေးကြီးတယ်၊ အရေးကြီးတယ်၊ အရေးကြီးတယ်၊ ဒီသတင်းဟာ ၈၆ ရာခိုင်နှုန်းသေချာတယ်လို့ ငါပြောနိုင်တယ်၊ အခုတော့ ဒီလောက်ပဲ ၊နောက်တကြိမ်ထပ်ပြော မယ်” လို့ ဘန်ကောက်ဗုံးကွဲမှု မဖြစ်မီ သြဂုတ်လ ၁၃ ရက်နေ့က လူမှုကွန်ရက် Facebook မှာ မသင်္ကာဖွယ်ရာ သတင်းစကား ရေးသားခဲ့သူ ထိုင်းအစိုးရ ဆန့်ကျင်ရေး ရှပ်နီအဖွဲ့ကို ထောက်ခံသည့် အသက် ၃၆နှစ်အရွယ် “ပွန်ပေါ့ ဘွန်ဆရီ” ဆိုသူကို ထိုင်းရဲတပ်ဖွဲ့ ခေါ်ယူကာ စစ်ဆေးနေ ကြောင်း Bangkok Post သတင်းမှာ ရေးသား ထားပါတယ်။
သူဟာ အစိုးရဝန်ထမ်းတဦးဖြစ်ပြီး Facebook မှာ ဝိကျဝစ် ပရွန်ပုံရာဇ (Vitchavej Pornpromraksa) အမည် ကိုသုံးကာ ရေးသားခဲ့တာပါ။
ဒီသတိပေးစကားကို နိုင်ငံရေး အုပ်စု တစုဆီကနေ ကူးယူခဲ့တာပါလို့ သူက အပြင်းအထန်ငြင်းဆိုပြီး ဗုံးပေါက် အချိန်မှာလည်း သူဟာ ရုံးမှာရှိတဲ့အတွက် ရဲတပ်ဖွဲ့နဲ့ အပြည့်အဝပူးပေါင်း ဆောင်ရွက်မယ်လို့ ပွန်ပေါ့ ဘွန်ဆရီ က ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ သူ့ကို တရားစွဲဆိုဖို့ မရှိပေမယ့် မူလရေးသား သူကိုတော့ ဆက်လက်စုံစမ်းဖော်ထုတ် မယ်လို့ သိရပါတယ်။
သူ ပြောတဲ့ နိုင်ငံရေး အုပ်စုဟာ အဖွဲ့ဝင်ပေါင်း ၇သောင်းခန့်ရှိပြီး နိုင်ငံရေးခန့်မှန်းချက်တွေ၊ ထိုင်းတောင်ပိုင်းက အဖြစ်အပျက်တွေကို ခန့်မှန်းရာမှာတော့ တော်တော်များများမှန်တယ်လို့ သူကပြောကြောင်း Bangkok Postက ဆိုပါတယ်။
ပွန်ပေါ့ ဘွန်ဆရီဟာ အာဏာရှင်ဆန့်ကျင်ရေး (UDD) ထောက်ခံသူတဦးဖြစ်သလို ရှပ်နီအဖွဲ့မှာလည်း တစိတ်တဒေသပတ်သက်သူဖြစ်ပေမယ့် လက်ရှိ စစ်အစိုးရ ဆန့်ကျင်ရေးသမားတော့ မဟုတ်ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ (သြဂုတ်လ ၁၇ ရက်)က ဘန်ကောက်မြို့လယ် ရာချပရာဆုံ လမ်းဆုံ နိုင်ငံခြားခရီးသွား များ စည်ကားရာ ဧရာဝဏ်နတ် ကွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ လူ ၂၀ သေဆုံးပြီး ၁၂၅ဦး ဒဏ်ရာရခဲ့ပါတယ်။