ဩဂုတ်လ ၁၆ ရက်နေ့က နေပြည်တော်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါ စီးနင်းလာသည့် ယာဉ်တန်းအား ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်နှောင့်ယှက်ခဲ့ကြောင်း NLD အဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။
အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပမည့် ၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်သို့ ခရီးထွက်လာရာ နေပြည်တော်ရောက်ခါနီးတွင် ယင်းသို့ နှောင့်ယှက်ခံရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားမှု မှတ်တမ်းကို လုံခြုံရေးရဲတပ်ဖွဲ့သို့ ပေးပို့ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာသော ယာဉ်တန်းသည် နေပြည်တော်သို့ ရောက်ခါနီးတွင် Isuzu Trooper အမျိုးအစား ကားတစီးက ရုတ်တရက် ကျော်တက်လာပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ကားနှင့် ယှဉ်မောင်းခဲ့သောကြောင့် ကားချင်းတိုက်မိမလို ဖြစ်ခဲ့သည်ဟု အမည်မဖော်လိုသူ NLD ပါတီအဖွဲ့ဝင်တစ်ဦးက ဧရာဝတီ သို့ပြောသည်။
ယင်းအဖြစ်အပျက်သည် ဦးသူရရွှေမန်းအား ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ ဥက္ကဌရာထူးမှ ရုတ်တရက် ထုတ်ပယ်ခဲ့ခြင်းနှင့်လည်း တိုက်ဆိုင်နေသောကြောင့် စိတ်ဝင်စားစရာကောင်းနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ချောမွေ့လာခြင်းက ဦးသူရရွှေမန်းကို ထုတ်ပစ်ရခြင်း၏ အရင်းခံ အကြောင်းအရင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီတွင်း အာဏာသိမ်းမှုအား ဒီမိုကရေစီ နည်းလမ်းတကျ မဟုတ်ဟု သြဂုတ်လ ၁၈ ရက်နေ့က နေပြည်တော် လွှတ်တော် အဆောက်အုံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အထက်ပါကိစ္စသည် ၂၀၀၃ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းလာသည့် ယာဉ်တန်းအား စစ်အစိုးရဟောင်း ထောက်ခံသည့်သူများက တိုက်ခိုက်ခဲ့ခြင်းကို ပြန်လည် အမှတ်ရစေသည်။ ဒီပဲယင်း တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသည့် လွှတ်တော်အမတ် ဦးအောင်သောင်းသည် ပြီးခဲ့သည့်လက စင်ကာပူ နိုင်ငံရှိ ဆေးရုံတွင် ဆုံးပါးသွားခဲ့သည်။