“သူငယ်ချင်း … ရှေ့ဆက်မင်းဘဝဟာ အမြဲ ချိုမြိန်ပါစေ … အောင်မြင်ပါစေ တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ် လိုက်ပေါ့ဟေ … ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော … ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ …”
မြစ်ပြင်ကျယ်ကြီးဘေး၊ တပြန့်တပြော သောင်ပြင်ပေါ်တွင် ပျံ့လွင့်လာသော သီချင်းသံ။ ရေဘေးအလှူ အတွက် လာရင်း ဂစ်တာတီးကာ သီဆိုနေသည့် လူငယ်များကို ငေးမောကြည့်နေသော မျက်ဝန်းများ၊ တချို့ မျက်ရည်ဝဲနေ သည်။
သဲသောင်ပြင် ပေါ်မှာတော့ အဆံအောင်နေပြီ ဖြစ်သည့် စပါးနှံများက နစ်မြုပ်တချို့ မြေပေါ် ပေါ်တချို့။ သဲသောင်ပြင် ကို နင်းလျှောက်တိုင်း စပါးနှံများနှင့် မလွတ်၊ ရေဖုံးလွှမ်းခဲ့သောကြောင့် ပျက်စီးရသော လယ်ကွင်းများ အတွက် သက်သေ။
ဧရာဝတီတိုင်း ကြံခင်းမြို့နယ် အတွင်းက ရေလယ်ကျွန်း ကျေးရွာအုပ်စုတွင် ပါဝင်သော ရွာလေးရွာသို့ ကျမတို့ အဖွဲ့ လှူဒါန်းရန် သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။ သြဂုတ်လ ၁၁ ရက်နေ့တွင် ရေပြန်ကျသွားပြီ ဖြစ်သောကြောင့် ရေလယ် ကျွန်းရွာများတွင် ရွှံ့ဗွက်များနှင့် ဖြစ်နေသည်။ နင်းလိုက်တိုင်း ဗွက်ထဲသို့ တပေနီးပါးခန့် နစ်ဝင်သွားရ သောကြောင့် ဟန်ချက် မပျက်ရန် မနည်းထိန်းထားရသည်။
ရွာလေးရွာ စလုံးသို့ ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းများ လိုက်လံ ဝေငှရန် မူလက စီစဉ်ခဲ့သော်လည်း ယခု အနေအထားရ မဖြစ်နိုင်။ စက်လှေကြီး ဆိုက်နိုင်သော အနောက်ကုန်းရွာတွင် ကမ်းကပ်ကာ တခြားရွာ သုံးရွာက စက်လှေငယ်များဖြင့် ပစ္စည်းများ လာရောက်သယ်ယူကြရန် စီစဉ်ရသည်။
ရေလယ်ကျွန်း ရွာစုရှိ အထက်ကုန်း၊ တဲတန်း၊ ကျောင်းကုန်း၊ အနောက်ကုန်း ဆိုသည့် ရွာလေးရွာတွင် နေထိုင်သည့် စုစုပေါင်း အိမ်ခြေ ၄၇၈ အိမ် အတွက် တအိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီတဘူး၊ ဆားတထုပ်၊ ငပိကြော်တထုပ်၊ ဓာတ်မီးတလက်၊ ဓာတ်ခဲ ၂ လုံး၊ ရေစစ်၊ ဆရာခိုလိမ်းဆေး ၂ ဘူး၊ ဘိုင်အိုဂျက်စစ် ၁ ကတ်၊ ရေသန့် ဘူးကြီး ၂ ဘူး၊ ဒဏ်ကြေလိမ်း ဆေး၊ ဓာတ်ဆား ၃ ထုပ် စသည်တို့ အပြင် ရေသန့်ဆေး ၅ ရက်စာ၂ ထုပ်စီ ပေးရန် တခါတည်း စီစဉ်ခဲ့ သည်။ ကျမတို့ထံ လာရောက်ပေးလှူသော အဝတ်အစားများကိုလည်း ယောက်ျားဝတ်၊ မိန်းမဝတ်၊ ကလေးဝတ် ခွဲ၍ တအိမ်စာ အတွက် နှစ်စုံစီပါရန် အထုတ်များ ထုပ်ခဲ့သည်။
တကယ်တော့ ကျမတို့ အဖွဲ့အတွက် ကုန်ကားက မရှိ၊ ငွေပေးငှားရလျှင်လည်း ကုန်ကျစရိတ် နည်းမည် မဟုတ်၊ အလှူငွေထဲက မသုံးချင်၊ ထိုအချိန်တွင် အဆင်ပြေစရာ တခု ကြုံရသည်။ ဧရာဝတီတိုင်း အခြေစိုက် ဧရာဝတီ သတင်း ထောက် ဆလိုင်းသန့်စင်၏ နှုတ်ဖြင့် စောင်မမှုကြောင့် ကားတစီး အဆင်ပြေသွားသည်။
ဟင်္သာတက ဟင်္သာညီနောင် ကုန်စည်ပို့ဆောင်ရေးနှင့် အဆက်အသွယ်ရသည်။ သူတို့က ကုန်ကားတစီး သန်လျင် အထိ လွှတ်ကာ လာသယ်ပေးမည် ဟု ဆိုသည်။ ကျမတို့ ကုန်သယ်ရန် သက်ပြင်းချနိုင်ပြီ။ လူ ၂၂ ဦးပါ ကား ၄ စီးနှင့် ကုန်အပြည့်ပါသော ကားကြီး တစီးတို့ သန်လျင်က စတင် ထွက်ခွာသည်က သြဂုတ်လ ၁၀ ရက်နေ့ ည ၇ နာရီခွဲ။
ကျမတို့ မကျွမ်းသော နယ်မြေ၊ မသိသော ခရီး အတွက် ဆလိုင်းသန့်စင်၏ ဆက်သွယ်ပေးမှုဖြင့်ပင် ဒေသခံများနှင့် အဆက်အသွယ် ရသည်။ ကြံခင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များက ကျမတို့ မသွားခင်ကပင် ရေနစ်မြုပ် ဒေသများသို့ သွားရောက်၍ တတ်နိုင်သလောက် ကူညီမှုများ ပြုလုပ်နေရာ ကျမတို့ လာမည် ဆိုတော့ ဝမ်းသာအားရ ကူညီမည်ဟု ဆိုသည်။
ကြံခင်းကို ရောက်တော့ မနက် ၄ နာရီခွဲ ချက်ချင်း လှေဆိပ်သို့ ဆင်း၍ မရ။ လှေဆိပ် ဆိုသည်မှာ ယာယီ ပြုလုပ်ထား ခြင်းသာ ဖြစ်သည်။ မီးမရှိ၊ လူမရှိ။ ထို့ကြောင့် ၂ နာရီခန့် ကြံခင်း NLD ရုံးတွင် ခဏနားချိန်ရသည်။ မနက် ၆ နာရီခွဲခန့် တွင် မနက်စာ စား၍ လှေဆိပ်သို့ ဆင်းကြသည်။ ကြံခင်းမြို့ပေါ်မှ ဆိပ်သာ လှေဆိပ်သို့ ၄၅ မိနစ်ခန့် လမ်းကြမ်းကို မောင်းရသည်။ လှေဆိပ်ရောက်တော့ မိုးက ဖွဲဖွဲရွာသည်။ ကုန်ကားပေါ်မှ ပစ္စည်းများကို လက်ဆင့်ကမ်း ပုံစံဖြင့် စက်လှေကြီးပေါ် သယ်တင်ရသည်။ ရေက နည်းနည်း ပြန်ကျနေပြီ ဆိုတော့ ဗွက်ထဲတွင် တန်းစီရပ်ကာ တချို့ စက်လှေဘေး ရေထဲသို့ ဆင်းကာ၊ တချို့က စက်လှေပေါ်မှ ရပ်ကာ သယ်ရသည်။ အချိန်အနည်းငယ် ယူရသည်။
စက်လှေပေါ် ပစ္စည်းများ တင်ဆောင်ပြီး ချိန်တွင် စက်လှေ စထွက်ပြီ။ ရွာ ၄ ရွာ ရှိသော်လည်း စက်လှေကြီးက အနောက်ကုန်း ဆိုသည့် အိမ်ခြေ ၈၁ အိမ် ရှိသော ရွာအထိသာ ရောက်နိုင်သည်။ ရေစူးနိမ့်သော တခြား ရွာများ အထိ စက်လှေကြီးက မသွားနိုင်။ စက်လှေကြီးပေါ်တွင် ယောက်ျားလေး အများစု လိုက်ပါပြီး ကျမတို့ မိန်းကလေး ၄ ယောက်နှင့် ယောက်ျားလေး ၃ ယောက်က စက်လှေငယ်ဖြင့် အနောက်ကုန်းသို့ အရှေ့က သွားနှင့်သည်။
စက်လှေကြီး အနောက်ကုန်းရွာ ကမ်းတွင် ဆိုက်စဉ် အကြောင်းကြားထားသော ရွာ ၄ ရွာမှ ကိုယ်စားလှယ်များက လှေများဖြင့် ပစ္စည်းများကို အိမ်ခြေနှင့် တကွ လာရောက်သယ်ယူကြ၏။ အနောက်ကုန်း အိမ်ခြေ ၈၁ အိမ်၊ အထက်ကုန်း ၂၂၇ အိမ်၊ တဲတန်း ၅၇ အိမ်၊ ကျောင်းကုန်း အိမ်ခြေ ၁၁၀။
ဦးဆောင် သယ်သူသွား သူများက ရွာသားများကို ပြန်လည် ဝေငှပေးရန် ဖြစ်သည်။ ကျမတို့ အမျိုးသမီးများ ကတော့ အနောက်ကုန်းက တည်းခိုရာအိမ်ပေါ်တွင် ရေသန့်ဆေးများဖြင့် အလုပ်ရှုပ်နေကြသည်။ ကျမတို့ သယ်သွားသော ရေသန့်ဆေးက စုစုပေါင်း ၂၃ ဘူး၊ တဘူးကို အထုပ်ရေ ၂၄၀ စီပါသည်။ တွက်ကြည့်လိုက်တော့ တအိမ်ထောင်ကို ၁၀ ထုပ်ခန့်စီ ရမည်။ တထုပ်ကို ရေ ၁၀ လီတာ၊ အိမ်တအိမ်အတွက် World Vision က သတ်မှတ် ပေးလိုက်သည်က တနေ့ကို လီတာ ၂၀ ခန့် အသုံးပြုသည် တဲ့။ ထို့ကြောင့် ကျမတို့ ရေသန့်ဆေးက ၅ ရက်စာတော့ လုံလောက်မည်။
စက်လှေ အသီးသီးဖြင့် ပစ္စည်း လာယူသူများကို အနောက်ကုန်း တည်းခိုအိမ်သို့ ခေါ်ယူကာ ရေသန့်ဆေး အသုံးပြုပုံ သရုပ်ပြသည်။ နောက်ကျိနေသည့် ဧရာဝတီ မြစ်ရေကို ခပ်ကာ အသုံးပြုပုံ ပြသခြင်း ဖြစ်သည်။ သူတို့ကလည်း စိတ်ဝင်တစား မေးခွန်းများ ပြန်လည်မေးကြသည်။
“ကလေးငယ်လေး တွေကိုကော ဒီရေ တိုက်လို့ရလား”
“ဒီရေက အန္တရာယ် မရှိဘူးလား”
“သန့်ထားပြီးသား ရေတွေ ဒီနေ့ မကုန်ရင်ကော နောက်တနေ့ သုံးလို့ရလား”
သူတို့ မေးခွန်းများကို ကျမတို့က စိတ်ရှည်လက်ရှည် ပြန်ဖြေပေးရသည်။ ကလေးငယ်များကိုလည်း တိုက်နိုင်ကြောင်း၊ ဆေးက အန္တရာယ်မရှိအောင် ပိုးသတ်ပြီးသား ဖြစ်ကြောင်း၊ လှောင်ထားကာ နောက်တနေ့လည်း အသုံးပြုနိုင်ကြောင်း၊ ကြွင်းကျန်သော အနယ်အနှစ်များကို ကလေးများ အနီးတွင် မထားဘဲ အိမ်သာကျင်းထဲ စနစ်တကျ စွန့်ပစ်ရန် လိုကြောင်း စသည်ဖြင့် ရှင်းပြရသည်။ ရေသန့်ဆေးကို ကလေးများနှင့် လက်လှမ်းမီရာတွင် မထားသင့်ကြောင်းလည်း ပြောပြရသည်။ မသိဘဲ ကိုက်ဖောက်စားမိလျှင် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။
ကျမတို့ အမျိုးသမီးများ ရေသန့်ဆေး ကိစ္စ ရှင်းပြီးချိန်တွင် လှေပေါ်က ပစ္စည်းများလည်း အကုန် ဝေပြီးပြီ။ အမျိုးသားများကို ကူညီသည့် NLD အဖွဲ့ဝင်များ၊ ရွာသားများပါ ပင်ပန်းကြသည်။ မိုးရေထဲတွင် ပစ္စည်းများ ဖလှယ်ရသည်က လွယ်သည့် ကိစ္စတော့ မဟုတ်။ အစတော့ ကျမတို့ပါ သူတို့ကို ကူရန် လှေကြီးရှိရာ သွားကြသေးသည်။ သို့သော် လမ်းတွင် ဗွက်နစ်၊ ရုန်းမရ ဖြစ်ပြီး တပ်လန်ကာ တည်းခိုအိမ်သို့ ပြန်ခဲ့ရသည်။
ပစ္စည်းဝေ၊ ရေသန့်ဆေး ဝေပြီးချိန်တွင် နေ့လယ်စာ စားချိန်ရောက်ပြီ။ နေ့လယ်စာ အတွက် ကျမတို့ အားလုံး ကြံခင်းမြို့ပေါ်က ကြံခင်းထမင်းသုပ်ကို ဖက်နှင့် ထုပ်ကာ ဝယ်ယူခဲ့ကြသောကြောင့် တယောက် တထုပ်စီနှင့် ဝမ်းအဟာကို ဖြေရှင်းလိုက်ကြသည်။
ပြီးသည်နှင့် ရေဝင်ခဲ့သော ရွာများကို သွားကြည့်ရန် စက်လှေနှစ်စင်း စီစဉ်ပေးသဖြင့် ကျမတို့ အုပ်စု ကမ်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ စက်လှေထွက်တော့ နေက သာနေပြီ။ သာယာသော ရာသီဥတုဖြင့် ဘေးဘီ ဝဲယာ ငေးမော လိုက်ပါလာရင်း သောင်ပြင်ပေါ်မှ မြင်ကွင်းတခုကို ဘွားခနဲ တွေ့လိုက်ရတော့သည်။ ထိုမြင်ကွင်းက ကျမတို့ အားလုံးကို ဖမ်းစားထားသည်။ ကျမတို့ ပေးလိုက်သော ပစ္စည်းများကို ရွာသားများအား စနစ်တကျ ဝေခြမ်းပေးနေ သည့် မြင်ကွင်း။ ခမောက်ကိုယ်စီဆောင်းထားသည့် ရွာသူရွာသားများက သောင်ပြင်ပေါ်တွင် စနစ်တကျ စီတန်း ထိုင်နေကြခြင်း ဖြစ်သည်။ ထိုရွာက ရွာစုတွင် အိမ်ခြေအများဆုံး အထက်ကုန်းရွာ။
စက်လှေ ၂ စီး ထိုကမ်းသို့ ကပ်ရန် စီစဉ်လိုက်သည်။ စက်လှေပေါ် ပါလာသော ဂစ်တာကိုပါ ကမ်းပေါ်သို့ သယ်ချလိုက် သည်။ ကျမတို့ကို ရွာသားများက ငေးမော ကြည့်နေကြသည်။ အစတော့ ခပ်စိမ်းစိမ်း၊ နောက်တော့ ဂစ်တာကို စတီးကာ သီချင်းတပုဒ် စဆိုလိုက်ကြသည်။ သီချင်းအပြီးတွင် ရွာသားများက အားပါးတရ လက်ခုပ်တီးကာ “နောက်တပုဒ် ဆိုပါဦး” ဟု အော်ကြသည်။ မျက်နှာများတွင် ရင်းနှီးဟန်များ တွေ့နေရသည်။
“သူငယ်ချင်း … ရှေ့ဆက်မင်းဘဝဟာ အမြဲ ချိုမြိန်ပါစေ … အောင်မြင်ပါစေ တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ် လိုက်ပေါ့ဟေ … ဟိုအရင်အချိန်က ကြေကွဲခြင်း မင်းမျက်ရည် မြစ်ပြင်ကျယ်မှာမျော … ပင်လယ်ထိ စီးပါစေ အားတင်းကာ လျှောက်လေ”
ဝိုင်ဝိုင်း၏ “ဖြေသိမ့်လိုက်” သီချင်းကို တမင် ရွေးဆိုခြင်း မဟုတ်ဘဲ အားလုံးရသဖြင့် သီဆိုခြင်း ဖြစ်သော်လည်း ထိုသီချင်းက ရွာသူရွာသားများနှင့် ကျမတို့ကို ပိုမို နီးကပ်သွားစေသည်ဟု ထင်သည်။
“အားလုံး ပြီးဆုံးသွားတော့ ရင်တခုလုံး ကြေသွားသလား၊ ကိုယ်ချင်းစာပါတယ် အိုသူငယ်ချင်း သိပ်မဆန်းဘူး …”
ကျမတို့ တကယ်ကို ကိုယ်ချင်းစာစိတ်ဖြင့် သွားကြခြင်း ဖြစ်သည်။ သူတို့ အဖြစ်ကို နဖူးတွေ့၊ ဒူးတွေ့ တွေ့လိုက်ရတော့ အားလုံး၏ မျက်ဝန်းများတွင် ကိုယ်စီ မျက်ရည်များ ဝဲလျှက်။
သီချင်းဆုံးတော့ လက်ခုပ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထို့နောက် အဖွဲ့တွင် ပါသူများက ရွာသားများ နဘေးတွင် သွားထိုင်ကာ ရင်းရင်းနှီးနှီးစကား ပြောကြသည်။
သူတို့ လိုအပ်နေသည်က ရေနှင့် အစားအသောက်အပြင် သူတို့အပေါ် နွေးထွေးသော ဆက်ဆံမှု ဆိုတာ ကျမတို့ သိလိုက်ရသည်။
“ကျမတို့ လယ်တွေ ပြန် မစိုက်နိုင်သေးဘူး။ လယ် မစိုက်နိုင်တော့ ဝင်ငွေ မရှိဘူး၊ အခုလို လာလှူတာတွေနဲ့ပဲ စားသောက်နေရတာ၊ ကျေးဇူး သိပ်တင်တာပဲ”
ကျေးဇူးတင်သည် ဆိုသည့်စကားကို သူတို့ အလွယ်တကူ ပြောနေခြင်း မဟုတ်၊ မျက်ရည်များ ရစ်ဝဲကာ လှိုက်လှိုက် လှဲလှဲ ပြောနေခြင်း ဖြစ်သည်။ အဘိုးအဘွားများနှင့် တွဲကာ ကျမတို့ တတွေ ဓာတ်ပုံရိုက်ကြသည်။ သူတို့ ကလည်း ပြောချင်နေသည် များကို အားပါးတရ ပြောပြကြသည်။ စကားပြောရင်းက ရေလယ်ကျွန်း အလယ်တန်း ကျောင်း ကလေး အကြောင်းကို ရောက်သွားသည်။ ကျောင်းများ ပြန်မဖွင့်နိုင်သေး။ ကလေးများ၏ စာအုပ်အားလုံး ရေထဲ မျောသွားသည် တဲ့။
တကယ်တော့ ကျမတို့ သန်လျင် ဖွံ့ဖြိုးတိုးတက်ရေး အသင်းသည် သန်လျင်မြို့ရှိ ကျောင်းနေ ကလေးများ အတွက် ကျန်းမာရေး၊ ပညာရေးကို အဓိကထား လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ မြန်မာတနိုင်ငံလုံး ရေလွှမ်းတော့ ကျမတို့ လည်း ပရဟိတ အဖွဲ့တဖွဲ့ အနေဖြင့် ကြည့် မနေရက်တော့ဘဲ နိုင်သလောက် ဝင်ရောက်ပါဝင်ရန် နီးစပ်သူများ ထံမှ အလှူငွေများ ကောက်ခံကြသည်။
အခု ရေလယ်ကျွန်း ကျောင်းကလေး ကိစ္စ သိလိုက်ရတော့ ကျမတို့ တက်အားသရွေ့ ပါဝင်ရန် စိတ်ဝင်စားကြပြန်ပြီ။ အထက်ကုန်း သောင်ပြင်မှ ၅ မိနစ်ခန့် စက်လှေစီးရသော ကျောင်းကလေးသို့ ကျမတို့ သွားကြည့်ဖြစ်သည်။ ရေကျ သွားသော ကျောင်းကလေးထဲတွင် ဗွက်များက တထွာခန့် ဖုံးလွှမ်းနေသည်။ ကျောင်းဝင်းဝမှ ကျောင်းကလေးဆီသို့ ဗွက်များ တစွက်စွက် နင်းဖြတ်ရင်း လျှောက်သွားရသည်။ ဆရာမများနှင့် တွေ့ကာ ကျောင်းသားဦးရေကို အတန်းနှင့် တကွ တောင်းယူခဲ့သည်။ ယခုတခေါက်တော့ဖြင့် မကူနိုင်သေး၊ နောက်တခေါက် ထပ်လာကြမည်ဟု ဆုံးဖြတ်လိုက် သည်။ ဖတ်စာအုပ်၊ ဗလာစာအုပ်များ ပေးလှူရန် ဖြစ်သည်။
အပြန်ခရီးတွင် လက်ပြနှုတ်ဆက် ကျန်ခဲ့သော ခမောက်ကိုယ်စီနှင့် ရွာသူရွာသားများ၏ မျက်နှာများက ထက်ကြပ် မကွာ လိုက်ပါလာသည်။ ကျမတို့ကဲ့သို့သော သွေးချင်း မြန်မာနိုင်ငံသားများ၊ ကျမတို့လို အေးအေးသက်သာ မနေနိုင်သော ဘဝများ။ ကျမတို့အဖွဲ့ ပေးလှူနိုင်သည့် အစာရေစာက သူတို့အိမ်ခြေ ၄၇၀ ကျော်အတွက် တပတ်စာပင် မရှိ။ ကျန်ရက်များတွင် သူတို့ ဘယ်လို လုပ်ကြပါ့မလဲ။ တခြားသော အကူအညီ မရောက်နိုင်သည့် ဒေသများက သွေးချင်း မောင်နှမများကော ဘယ်လိုများ နေပါလိမ့်မလဲ။
“အခု ရေကျသွားတော့ တင်ကျန်ခဲ့တဲ့ နုန်းတွေက စပါးစိုက်လို့ မရသေးဘူး။ အဲဒါ တတောင်လောက် ရှိတဲ့ ရွှံ့စေးတွေ၊ ထယ်က ၆ လက်မလောက်ပဲ ထိုးလို့ရတာလေ။ စပါးက ဘယ်အချိန် ပြန်စိုက်နိုင်မလဲ မသိသေးဘူး”
ကျမနားထဲတွင် NLD ရုံးမှ ရေဘေး ကူညီပေးနေသည့် ကိုသော်ဇင်ဝင်း၏ စကားသံက ပဲ့တင်ထပ် လိုက်ပါလာသည်။
“လယ် မစိုက်ရတော့ ဝင်ငွေမရှိဘူးလေ” ဆိုသည့် အထက်ကုန်းရွာသူ တဦး၏ စကားသံကိုလည်း ကြားယောင်ဆဲ။
တတ်နိုင်လျှင် ရေမြုပ်ဒေသများ အားလုံးရှိ လူများအားလုံးကို ကူညီပေးလိုက်ချင်သည်။ သို့သော်လည်း ကျမက သမ္မတကြီး မဟုတ်။ ကျမတို့ အဖွဲ့ထဲတွင်လည်း သမ္မတကြီး တယောက်မှ မပါ။ ဝိုင်ဝိုင်းသီချင်းဖြင့် သူတို့ကို ဖြေသိမ့်လိုက် ဟု ကျမတို့ သီဆိုပေးခဲ့သည်။ ကျမတို့ကိုယ် ကျမတို့လည်း ပေးနိုင်လှူနိုင်သလောက်နှင့်သာ ဖြေသိမ့်လိုက်ဟု ဆိုရပေဦးမည်။ ။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။