ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိသည့် ကျေးရွာပေါင်းများစွာသည် ယခုနှစ်အတွင်း ရက်ပေါင်းများစွာ ရေကြီး ရေလျှံမှုဒဏ်ကို ခံစားခဲ့ရသည့် ဒေသများထဲမှ တခုအပါအဝင် ဖြစ်သည်။
ရေတိုက်စားမှုကြောင့် မျောပါလာသည့် သစ်ပင်ကြီးငယ်များ၊ သစ်ကိုင်းများ၊ အမှိုက်သရိုက်များစွာက စစ်တွေမြို့မှတဆင့် ကျောက် တော်နှင့် မြောက်ဦးမြို့နယ်သို့သွားရာ ကားလမ်းဘေးတလျှောက်တွင် သောင်တင်နေသည်ကို တွေ့ရသည်။
စပါးစိုက်ပျိူးသည့် လယ်မြေ အများစုသည်လည်း မည်းညစ်နေသည့် ရွှံ့နွံပြင်များအဖြစ် ကျန်ရစ်ခဲ့ပြီး ရေနစ်မြုပ်မှုဒဏ် ခံထားရသဖြင့် လဲပြိုနေသည့် စပါးပင်ပေါက်များ၊ ပြိုလဲနေသည့် အိမ်ငယ်များကလည်း ကားလမ်းဘေးတလျှောက်တွင် ရှိနေသည်။
အဆိုပါမြင်ကွင်းများသည် သြဂုတ် ၁၆ ရက် က CB-KMA Foundation က ဒေသခံများသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့် အနုပညာရှင်များက ပြည်သူများအတွက် စိတ်ဓာတ်မြှင့်တင်ရေးအတွက် သီဆိုဖျော်ဖြေမှုများပြုလုပ်ပေးခဲ့သည့် ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
ဇူလိုင်လ မှ သြဂုတ်လအစပိုင်းအထိ ရွာသွန်းခဲ့သည့်မိုးကြောင့် ရေကြီးရေလျှံမှုသည် ရခိုင်ပြည်နယ်သမိုင်းတလျှောက် အဆိုးရွားဆုံးရေကြီးမှုတခု ဖြစ်ခဲ့သည်ဟု သိရသည်။
ရေကြီးမှုကြောင့် ရခိုင်ပြည်နယ်တွင် ဒေသခံပြည်သူ ၆၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၇ ရက်က အနုပညာရှင်များ၊ မီဒီယာများ အပါအဝင် ရေဘေးကူညီရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့စဉ်က ရှင်းပြသည်။
ဆက်လက်၍ သူက“သမ္မတကြီးက သူ့ရဲ့ရန်ပုံငွေနဲ့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဆုံးဖြတ်ထားတယ်။ တချို့ ပျက်စီး သွားတဲ့ ရထားလမ်း ကားလမ်းတွေလည်း ပြန်လည်ပြင်ဆင်နေပြီ။ လျှပ်စစ်မီးလိုင်းတွေကအစ ပြန်လုပ်နေပြီ။ စစ်တွေမြို့ပေါ်မှာဆိုရင်လည်း အိမ်ရာစီမံကိန်းတွေ၊ အော်ဂဲနစ်စိုက်ခင်းတွေ အဆင့်မီရိုးရာ စားသောက်ဆိုင်တွေ ဖွင့်လှစ်နိုင်ဖို့လုပ်နေပြီ။ မြောက်ဦးမြို့နယ်မှာဆိုရင်လည်း CB က ဦးခင်မောင်အေးတို့နဲ့ ဟိုတယ်ဇုန်လုပ်ဖို့ စီစဉ်နေတာတွေရှိတယ်”ဟုလည်း ပြောပြသည်။
လတ်တလောတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း အိုးအိမ်ပျက်စီးဆုံးရှုံးခြင်း၊ လယ်ယာမြေများပျက်စီးခြင်းများနှင့် မိသားစုဝင်များသေဆုံးခဲ့မှုများစွာ ရှိခဲ့ရာဒေသခံများ၏ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲရှိနေကြဆဲ ဖြစ်သည်။
အခြေခံပညာ အစိုးရကျောင်းအများအပြားတွင်လည်း ရွှံ့နွံများစွာ ရှိနေပြီး စာသင်ခုံများ၊ စာသင်ဆောင်များ အတွင်းတွင်လည်း ညစ်ပတ်ပေကျံလျက် ရှိနေသည်ကို တွေ့ရသည်။
“တခါမှ အခုလိုဖြစ်ရပ်ကို မကြုံဖူးဘူး။ အရင်တုန်းကတော့ ၃ နှစ်တကြိမ်လောက် မိုးကြီးလေ့ရှိတယ်။ ဒီလောက်ထိ ဆိုးဆိုးရွားရွားမဖြစ်ခဲ့တော့ ကြိုတင်ပြင်ဆင်တာ မလုပ်ခဲ့ဘူး။ အိမ်တွေရေမြုပ်လာတော့မှပဲ ကျောက်တော်မြို့ပေါ်ထိ ပြောင်းပြေးရတယ်”ဟု ကျောက်တော်မြို့နယ် ဘုရားပေါင်း ကျေးရွာဒေသခံ ဦးမောင်သာ က ဧရာဝတီသို့ ပြောသည်။
အိမ်ခြေ ၅၀၀ ကျော် လူဦးရေ ၉၀၀ ကျော်ရှိသော ဘုရားပေါင်းကျေးရွာရှိ နေအိမ်အများစုသည် ရေကြီးမှုဒဏ်ကို ဆိုးရွားစွာခံခဲ့ရပြီး ရွာတလျှောက် သွားလာသည့်လမ်းများလည်း ပျက်စီးမှုတချို့ရှိနေသည်ကို တွေ့ခဲ့ရသည်။ ယင်းဒေသခံများသည် ရေကြီးရေလျှံမှုကြောင့် ကျွဲနွားတိရစ္ဆာန် ဆုံးရှုံးမှုနှင့်လယ်ယာမြေများ ထိခိုက်မှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့အတူ မြောက်ဦးမြို့နယ်အတွင်းရှိ တောင်ဦးကျေးရွာ၊ မြောင်းဘွေကျေးရွာ စသည့် ကျေးရွာဒေသခံများသည်လည်း လယ်ယာမြေ ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
စစ်တွေမြို့မှ ၄ နာရီခန့်သွားလာရပြီး မြောက်ဦးမြို့နယ်အတွင်း ရှိသည့် ကိုင်းတော၊ ဘူးတလုံး စသည့် မွတ်စလင် ကျေးရွာများက ဒေသခံများကလည်း ရေတိုက်စားမှုကြောင့် မျောပါလာသည့် သစ်ပင်များကို ဆယ်ယူရောင်းချခြင်း၊ ထင်း အဖြစ်အသုံးပြုရန် သယ်ဆောင် နေခြင်းများကိုလည်း တွေ့ခဲ့ရသည်။
အဆိုပါကျေးရွာများကိုမူ ကယ်ဆယ်ရေးနှင့် အထောက်အပံံ့ပစ္စည်းများ လုံးဝမရောက်ရှိသေးဟု ဒေသခံတချို့က ပြောဆိုကြသည်။
“ထောက်ပံ့ရေးပစ္စည်း တင်လာတဲ့ကားအများအပြားကို တွွေ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရွာတွေကိုတော့ ကျော်သွားတာ ချည်းပဲ။ ကုလားရွာဖြစ်နေလို့နေမှာပါ။ အထောက်အပံ့မရဘူး ရေကြီးတဲ့ဒဏ်ခံခဲ့ရတယ်၊ ဒီလိုပဲ ဖြစ်တဲ့နည်းနဲ့ ဆက်ပြီး ရပ်တည်နေပါတယ်”ဟု ဘူးတလုံးကျေးရွာ ဒေသခံ ဦးအဒူရ်က ပြောပြသည်။
မြောက်ဦးမြို့နယ်သည် ရှေးဟောင်း အမွေအနှစ်ဇုန် နယ်မြေအဖြစ် သတ်မှတ်ထားသည့် နေရာတခုလည်း ဖြစ်သည်။ ယခု ရေကြီးမှုဖြစ်စဉ်တွင် မြို့နယ်တွင်းရှိအိမ်ရာ အဆောက်အအုံများနှင့်ပစ္စည်းများ ထိခိုက်မှုရှိခဲ့သည်။ သို့သော် ရှေးဟောင်း အမွေအနှစ် စေတီ ပုထိုးများနှင့် အခြားယဉ်ကျေးမှု အမွေအနှစ်အားလုံး ထိခိုက်ပျက်စီးမှုလုံးဝမရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူ တဦး က ဧရာဝတီကို ပြောပြသည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် နောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်လာပါကလည်း ရှေးဟောင်း အမွေအနှစ်များမထိခိုက်စေရန် ကာကွယ်ထိန်းသိမ်းမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
တနိုင်ငံလုံး ရေကြီးရေလျှံမှုများဖြစ်ပြီးနောက် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း ပရဟိတအဖွဲ့အစည်းများနှင့် အရပ် ဘက်အဖွဲ့အစည်းများစွာက ဒေသခံများအတွက် စားနပ်ရိက္ခာများ၊ သောက်သုံးရေ နှင့် နေအိမ်အသုံးအဆောင် ပစ္စည်းထောက်ပံ့ခြင်းများ ယနေ့အချိန်ထိ ပြုလုပ်နေဆဲဖြစ်သည်။
ရခိုင်ပြည်နယ် ရေဘေးသင့်ပြည်သူများသို့ ကယ်ဆယ် ထောက်ပံ့ရေးများ ပြုလုပ်နေသည့် အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန ္တအရိယဝံသ ကလည်း ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာအပါအဝင် အခြားအထောက်အပံ့များ ရှိနေသည့်အတွက် အနည်းငယ်အဆင်ပြေလာကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် ဆက်လက် လုပ်ကိုင်သွား မည်ဖြစ်ကြောင်း မိန့်ကြား သည်။
တောင်ဦး ကျေးရွာဒေသခံ ဒေါ်သန်းဦးက“ရေကျသွားပြီးတော့ ကယ်ဆယ်ရေးတွေ ရောက်လာတာပဲ။ ထောက်ပံ့တော့လည်း ပြေ လည်တာပေါ့။ အိမ်ကစိုက်တဲ့ လယ် ၂ ဧက က စပါးခင်းကတော့ ပျက်စီးသွားပြီ။ အိမ်လည်း ထိသွားတယ်။ အစိုးရ အထောက်အပံ့ တော့လိုချင်တာပေါ့။ မပေးတော့လည်း မယူဘူး၊ ဖြစ်တဲ့နည်းနဲ့ အဆင်ပြေအောင် နေရမှာပဲလေ”ဟု ဧရာဝတီသို့ ရှင်းပြသည်။
ကျောက်တော်နှင့်မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့်ဒေသများအတွက် အထူးသဖြင့် CB-KMA Foundation က ထောက်ပံ့ခြင်းနှင့် ပြန်လည် ထူထောင်ခြင်း လုပ်ငန်းများတွင် အဓိက ကူညီလုပ်ဆောင်လျက် ရှိသည်။
အဆိုပါဒေသများအပါအဝင် ရေဘေးသင့်ဒေသခံများသို့ ထောက်ပံ့ရန် ငွေကျပ် သန်း ၁၂၀၀၀ ကို မတည်ထားပြီး ဖြစ်ကြောင်း၊ ရခိုင်အပါအဝင် မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် ချင်းပြည်နယ်တို့ကိုလည်း ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက် ရှိကြောင်း CB-KMA Foundation မှ သိရသည်။
၎င်းဖောင်ဒေးရှင်းနှင့်အတူ အနုပညာရှင်များစွာကလည်း ရေဘေးသင့်ပြည်သူများ၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး အပိုင်းတွင် ကူညီလုပ်ဆောင်ပေးမှုများ ရှိသည်။
“သူတို့ရဲ့ စိတ်လေးတွေ တဒင်္ဂ ပျော်ရွှင်သွားတယ်ဆိုရင်ပဲ ကျေနပ်မိတယ်။ သဘာဝဘေးကြီးဖြစ်လာမှတော့ မတတ်နိုင်ဘူးလေ။ လုပ်သင့်လုပ်ထိုက်တဲ့သူတွေက ဒီအတိုင်းရှိနေတော့ ဦးတို့က စိတ်ဓာတ်ပိုင်းလေးတွေအတွက် ကူညီပေးတဲ့ သဘောပါပဲ”ဟု ဝါရင့် ဟာသ သရုပ်ဆောင် ဦးကျော်ထူး က ပြောပြသည်။
ဟာသ သရုပ်ဆောင်များကလည်း ရေဘေးသင့်ပြည်သူများ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ၎င်းတို့တတ်ကျွမ်းသည့် ဟာသပညာဖြင့် ပြည်သူများပျော်ရွှင်အောင် ဖျော်ဖြေပေးကြကြောင်း၊ မကွေးတိုင်းဘက်သို့ သွားရောက်ခဲ့ပြီးဖြစ်ပြီး ဧရာဝတီတိုင်းသို့ သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။
ထို့နည်းတူ အဆိုတော်များ၊ သရုပ်ဆောင်များကလည်း ရေဘေးဒုက္ခသည် ပြည်သူများ စိတ်ဓာတ်ပျော်ရွှင်လာစေရန်အတွက် ရေဘေး သင့် ဒေသများသို့သွားရောက်၍ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများ ပြုလုပ်နေကြသည်။
ဇွန်လ ၂၄ ရက် မှ သြဂုတ် ၁၈ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်လူဦးရေ ၁၁၁၅၆၈ ဦးရှိခဲ့ပြီး သီးနှံစိုက်ဧက ၂၁၇၂၄၆ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း တနိုင်ငံလုံး အတိုင်းအတာအားဖြင့် သေဆုံးသူ ၁၁၇ ဦးရှိခဲ့ကြောင်း သြဂုတ် ၁၉ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။