ဘန်ကောက် ဗုံးပေါက်ကွဲမှု သံသယရှိသူကို ခြေရာခံနိုင်ရေး နိုင်ငံတကာ ရဲတပ်ဖွဲ့(အင်တာပိုလ်) ကူညီဆောင် ရွက်ပေးရန် ထိုင်းအစိုးရက တောင်းဆိုထားကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ထိုင်းအစိုးရအနေဖြင့် မူလက ပြင်ပအကူအညီတောင်းခံရန် စိတ်မဝင်စားသော်လည်း နောက်ပိုင်းတွင် အင်တာပိုလ်ကို အကူအညီကို တောင်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ Kissana Phatsanacharoen က Reuters သတင်းကို ပြောသည်။
ဆိုးရွားသည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့ကမှ တာဝန်ခံခြင်း မရှိသကဲ့သို့ ရဲတပ်ဖွဲ့ အနေနှင့် လည်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ ကနဦးက အဆိုပါတိုက်ခိုက်မှုကို ထိုင်းပြည်တွင်းရေးပြဿနာဟု ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက ဆိုသော်လည်း လတ်တလောတွင်မူ ရဲတပ်ဖွဲ့ အနေဖြင့် CCTV ကင်မရာတွင် မှုံဝါးဝါး တွေ့မြင်ရသည့် အရှေ့အလယ်ပိုင်းသားနှင့် တူသည့် လူငယ်ကို ဖမ်းဆီးမိန့်ထုတ်ပြန်ထားပြီး၊ နောက်ထပ် လူနှစ်ဦးကိုလည်း ကြံရာပါ အဖြစ် သံသယရှိနေကာ ၎င်းတို့၏ ပုံများကိုလည်း မီဒီယာများ သို့ ပေးအပ်ခဲ့သည်။
ထိုင်းရုပ်မြင်သံကြား Channel 3 ကမော်တော်ဆိုင်ကယ် ကယ်ရီသမား တဦးကို ဖုံးဖြင့် မေးမြန်းရာတွင် ရဲတပ်ဖွဲ့က ပုံရေးဆွဲကာ သရုပ်ဖော်ထားသည့် လူနှင့် တူသူတဦး ကို ဗုံးပေါက်ကွဲပြီးနောက် သူတို့၏ ဆိုင်ကယ်ရပ်နားရာသို့ ရောက်ရှိလာကာ စကားမပြောပဲ လုမ္ပဏီဥယျာဉ်(Lompini Park)ဟု ရေးသားထားသော စာရွက်ကိုပြကာ လိုက်ပို့ခိုင်းကြောင်း သိရသည်။ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရ Kissana Phatsanacharoen က ယခုပေါက်ကွဲမှုတွင် လူ ၃ဦး ပါဝင်ကြံစည်သည်ဟု ယုံကြည်သည့်အတွက် လေဆိပ်များ တခြားသော နိုင်ငံတွင်းထွက်ပေါက်များကို စစ်ဆေးနေသော်လည်း အဓိက သံသယဖြစ်သူများကိုတွေ့ရှိခြင်းမရှိဟု ဆိုသည်။