အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)မှ ပါတီဝင်တချို့နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)မှ ပါတီဝင် တချို့သည် ယခုရက်ပိုင်းအတွင်း နုတ်ထွက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဗဟိုအလုပ်မှုဆောင်၏ ဆုံးဖြတ်ချက်ကို သဘောမကျသဖြင့် နုတ်ထွက်ကြခြင်း ဖြစ်သည်ဟု လည်း ထိုပါတီဝင်များက ပြောသည်။
“ကျမတို့ ကျေးရွာက မနက်ဖန်ဆိုရင် ပါတီဆိုင်းဘုတ် ချတော့မယ်။ အဓိကတော့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ် ရွေးချယ် တာကို သဘောမကျတာနဲ့ ဗဟိုချုပ်ကိုင်မှုကို မကြိုက်လို့ပါ”ဟု NLD ပါတီဝင်မှနုတ်ထွက်ရသည်နှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လူငယ်တာဝန်ခံဟောင်း မနှင်းဝေလွင်က ဧရာဝတီကို ပြောသည်။
အလားတူ ကျုံပျော်မြို့နယ်၊ ခရုရိုး ကျေးရွာတွင် NLD ပါတီအဖွဲ့ဝင် ၈၀ ကျော်နုတ်ထွက်ထားကြောင်းနှင့် တချို့ကျေးရွာမှ NLD ပါတီဝင် ၅၀ ခန့်သည်လည်း နုတ်ထွက်ရန် ရှိနေကြောင်းလည်း မနှင်းဝေလွင်က ဆက်ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီအဖွဲ့ဝင် ၁၀၀ နီးပါးသည် ပြီးခဲ့သည့် အပတ် အတွင်းက နုတ်ထွက်စာ တင်ထားကြောင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ပါတီဝင် ၂၂ ဦးတို့သည်လည်း နုတ်ထွက်ထားကြောင်း ထိုပါတီအဖွဲ့ဝင်များက ပြောဆိုကြသည်။
NLD ပါတီဝင်များသည် ပါတီ ဗဟိုမှ ချမှတ်သည့် စည်းမျဉ်စည်းကမ်းကို သဘောမကျကြောင်းနှင့် အမတ်လောင်း ရွေးချယ်သည့် နေရာတွင်လည်း စိစစ်မှု မရှိဘဲ ရွေးချယ်ခဲ့သည့်အတွက်နုတ်ထွက်စာ တင်ကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“အခုလုပ်နေတာက ဗဟိုဦးစီးစနစ် ပုံစံပဲ။ ကျမတို့က ဒီစနစ်ကို မကြိုက်လို့ တိုက်ဖျက်နေတာ။ လောလောဆယ် ကိုယ့်ပါတီထဲမှာ ဒီလိုစနစ် ဖြစ်နေတော့ ကျမတို့က ဗဟိုကို သွားတင်ပြတယ်။ ပြီးတော့ ပါတီကို ဆန္ဒပြတာတွေလုပ်ရင် ပါတီကနေ ထုတ်ပယ်တာ တွေကို ကျမ မကြိုက်ဘူး။ ကျမတို့လုပ်နေတာက ဒီမိုကရေစီလေ။ မကြိုက်ရင် မကြိုက်ဘူးလို့ ပြောပိုင်ခွင့်က ရှိပြီးသားလေ”ဟု ကျုံပျော်မြို့နယ် NLD ပါတီဝင်ဟောင်း မစုစုနိုင်က ပြောဆိုသည်။
NLD ဗဟို၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးချယ်မှုကို သဘောမကျသဖြင့် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့နယ်မှ ပါတီဝင်များသည် ယခုလအတွင်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် ပါတီဝင် ၅၀ ကို NLD ဗဟိုက ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
အလားတူ နမ့်ခမ်းမြို့နယ် SNLD ပါတီမှ အလုပ်အမှုဆောင် ၂၂ ဦးသည်လည်း SNLD ဗဟိုဌာနချုပ်က ပါတီမူဝါဒ လမ်းစဉ်ကို လိုက်နာ ကျင့်သုံးမှု မပြုလုပ်လိုသည့်အတွက် ယခုလ ၁၃ ရက်တွင် နုတ်ထွက်လိုက်ကြကြောင်း SNLD က ပြောသည်။
နမ့်ခမ်းမြို့နယ် SNLD ပါတီ အလုပ်အမှုဆောင်များနုတ်ထွက်သည့် ကိစ္စနှင့် ပတ်သက်ပြီး SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် တဖွဲ့လုံး ထွက်တာ။ ပါတီ ဗဟိုကော်မတီက ဆုံးဖြတ်တာကို လက်မခံလို့ပါ။ ကျနော်တို့ ကော်မတီ အသစ် ပြန်ဖွဲ့လိုက်ပါပြီ”ဟု ပြောပြသည်။
NLD ပါတီနှင့် SNLD ပါတီများသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အနိုင်ရ ဝါရင့်ပါတီများလည်း ဖြစ်သည်။