တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာတွင် သမ္မတ ဦးသိန်းစိန် ကမ်းလှမ်းထားသည့် ၁၅ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးမည်ဖြစ်ပြီး ကျန်သည့်တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့နှင့် ပတ်သက်ပြီး အစိုးရ၏ မူဝါဒ ပြောင်းလဲမည် မဟုတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) ကိုယ်စားလှယ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD)တို့ သြဂုတ်လ ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု အပြီးတွင် MPC ကိုယ်စားလှယ်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အစိုးရကတော့ ပေါ်လစီ မပြောင်းဘူး။ အရင်အတိုင်းပဲ သူတို့ဖိတ်ခေါ်ထားတဲ့ အဖွဲ့တွေနဲ့ပဲ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတယ်”ဟု MPC ၏ Peace Dialogue ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်နိုင်ဦးက သတင်းထောက်များကို ပြောသည်။
MPC နှင့် SD ကိုယ်စားလှယ်များ ယခုပြုလုပ်သည့် ဆွေးနွေးပွဲသည် လာမည့်သြဂုတ်လကုန်ပိုင်း၌ နေပြည်တော်တွင် ပြုလုပ်မည့် သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် တချို့တွေ့ဆုံမည့် ဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းကြခြင်း ဖြစ်သည်ဟုလည်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။
အစိုးရက NCA စာချုပ်ကို တရားဝင် ထုတ်ပြန်လိုက်ပြီး ဖြစ်သော်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအားလုံး ပါဝင်လက်မှတ်ထိုးရေးကို သဘောတူညီမှု မရရှိထားသေးသဖြင့် ယခု လ ကုန်၌ ကျင်းပမည့် နေပြည်တော် ဆွေးနွေးပွဲတွင် အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိုင်းရင်းသား ခေါင်းဆောင်များက တင်ပြဆွေးနွေးကြမည်ဟု သိရသည်။
တိုင်းရင်းသား ခေါင်းဆောင်များသည် နေပြည်တော် ဆွေးနွေးပွဲ မသွားခင် ယခုလ ၂၁ ရက်မှ ၂၃ ရက်အထိ SD ခေါင်းဆောင်များ အကြား အားလုံးပါဝင် လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သီးသန့်ညှိနှိုင်း ဆွေးနွေးကြမည်ဟု ဆိုသည်။
“ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တကယ်လို့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ဘယ်ပုံစံ စဉ်းစား မလဲ။ ပုံစံက ၆ ခု လောက် ထွက်လာတယ်။ အဲဒါကို ကျနော်တို့ဘက်က သေချာစဉ်းစားဖို့ လိုတယ်။ အဲဒါကို ကျနော်တို့ဘက်က ထိပ်သီး အစည်းအဝေးကို တင်ပြဖို့ လိုတယ်။ သူတို့ (MPC) ဘက်ကလည်း တင်ပြမယ်”ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ဆွေးနွေးပွဲ တက်ရောက်သူ ဒေါက်တာ ဆလိုင်းလျန်မုန်း ဆာခေါင်းက ပြောသည်။
အစိုးရက ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့်တပ်မတော် (AA)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသားကောင်စီ (ANC) အဖွဲ့ ၆ ဖွဲ့ကို အကြောင်းအမျိုးမျိုးပြ၍ ကန့်သတ်ထားခြင်း ဖြစ်သည်။
NCA လက်မှတ်ရေးထိုးရန် ယခုလ ၁၁ ရက်က သမ္မတ ကမ်းလှမ်းလိုက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၅ ဖွဲ့တွင် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA- PC)၊ ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K)တို့ ပါဝင် သည်။