ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ဖြုတ်ချအပြီး သိသာလာခဲ့သည့် အာဏာရပါတီ၏ ပါတီတွင်းအကွဲအပြဲသည် ယမန်နေ့က ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းအပေါ် မဲခွဲ ဆုံးဖြတ်ချက်က ထပ်မံသက်သေပြခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ပြဌာန်းနိုင်ရေးကို ဆိုင်းငံ့ထားရန် ဩဂုတ်လ ၂၀ ရက်နေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ကြားနေမဲ ၁၂ မဲ ဖြင့် ဆိုင်းငံ့ထားရန် လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။ ပြည်ထောင်စု လွှတ်တော် တတ်ရောက်စာရင်းတွင် တပ်မတော်သား ကိုယ်စားလှယ် အပါအဝင် ကိုယ်စားလှယ်ပေါင်း ၆၃၂ ဦး ရှိပြီး ယမန်နေ့က တက်ရောက်စာရင်းတွင် ၅၂၄ ဦး တတ်ရောက်ခဲ့ပြီး ပျက်ကွက် ၁၀၈ ဦး ရှိခဲ့သည်။
“ကန့်ကွက်မဲက ၂၃၅ မဲ ဆိုတော့ ကန့်ကွက်မဲထဲမှာ တပ်မတော်သား၊ တိုင်းရင်းသား ကိုယ်စားလှယ် တချို့နဲ့ ကြံ့ခိုင်ရေးဘက်က ၇၀ လောက် ပါနိုင်တယ်။ NDF ကလည်း အမြန်ဆုံးပြဌာန်းပေးဖို့ ထုတ်ပြန်ချက် ထုတ်ထားတယ်ဆိုတော့ သူတို့တွေလည်း ထောက်ခံမဲမှာ ပါနိုင်ခြေရှိတယ်၊ ထောက်ခံမဲ ၂၆၄ မဲ မှာဆိုရင် အန်အယ်ဒီနဲ့ တိုင်းရင်းသား တရာ နီးပါးလောက် မဲပေးမယ်ဆိုရင်တောင် ကြံ့ခိုင်ရေး အများစု ပေးတာလို့ ခန့်မှန်းလို့ ရတယ်” ဟု ရှမ်းပြည်နယ်၊ သီပေါ မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။
ဥပဒေကို ပြဌာန်းနိုင်ရေးကို ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးခဲ့သည်။ ယင်သို့ ဆွေးနွေးရာတွင် အမြန်ဆုံး ပြဌာန်းပေးရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်း၊ ကြံ့ခိုင်ရေး ပါတီဝင်များထဲမှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးလှဆွေနှင့် ကိုယ်စားလှယ် တချို့ ပါဝင်ပြီး ဆိုင်းငံရန် ထောက်ခံသည့်ဘက်မှ ဆွေးနွေးရာတွင် တိုင်းရင်းသား ကိုယ်စားလှယ်၊ အန်အယ်ဒီနှင့် ကြံ့ခိုင်ရေးပါတီဝင် တချို့ ဆွေးနွေးခဲ့ကြသည်။
ယင်းဥပဒေပါ အချက်များစွာထဲမှ အဓိက သဘောထား ကွဲလွဲနေသည့် အချက်မှာ လွှတ်တော်ကိုယ်စားလှယ်အနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၃၉၆)(က)ပါ ပြဌာန်းချက် ၅ ရပ်အနက် တရပ်ရပ်ကို ချိုးဖောက်လျှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားနိုင်ပြီး၊ ယင်းတိုင်းကြားနိုင်သည့် မဲဆန္ဒရှယ် အရေအတွက်ဟာ အနည်းဆုံး ၁ ရာခိုင်နှုန်း သတ်မှတ်ထားသည့် အချက်အပေါ် သဘောကွဲလွဲနေခြင်း ဖြစ်သည်။
သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးမှ အာဏာသုံး၍ ဖြုတ်ချခဲ့ပြီး ရက်ပိုင်းအတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ အရေးကြီး ပြဌာန်းရန် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။ ယင်းဥပဒေ ပြဌာန်းချက်သည် သူရဦးရွှေမန်းကို ဖြုတ်ချရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း လွှတ်တော် နိုင်ငံရေး လေ့လာသူများက သံသယရှိကြသည်။
ထို့ပြင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အချို့က ရေဘေးကူညီရေး အကြောင်းပြပြီး လွှတ်တော်များ ရပ်နားရန် အဆိုတင်သွင်းခဲ့ခြင်းသည်လည်း ဦးရွှေမန်း၏ နိုင်ငံရေးခွင်ဖြစ်သော လွှတ်တော်များကို အသံတိတ်သွားစေရန် ဦးရွှေမန်းဆန့်ကျင်သူများက နိုင်ငံရေးဆင်ကွက်တခုဟု ထင်မြင်နေကြသည်။ သို့သော် လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ ဦးရွှေမန်းက ၎င်းဦးစီးသည့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့က မရပ်ဆိုင်းဘဲ နေခဲ့သည်။ ဦးခင်အောင်မြင့် ဥက္ကဋ္ဌလုပ်သော အမျိုးသားလွှတ်တော်ကသာ ရပ်နားပေးခဲ့သည်။
သေချာသည့် အချက်မှာ ယမန်နေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ချက် ရလဒ်ကို ကြည့်မည်ဆိုလျှင် သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်၏ အားပြိုင်မှုတွင် လွှတ်တော်အတွင်း သူရဦးရွှေမန်းအနေနှင့် အသာစီး ပြန်ရနေကြောင်း လေ့လာသူများက ဆိုသည်။
“မဲခွဲဆုံးဖြတ်ချက်ကို ကြည့်လိုက်ရင်ပဲ ပါတီတွင်းမှာ နှစ်ဖက်ကွဲနေတာက ငြင်းလို့ မရဘူးလေ။ ဒီအခြေအနေကို ကြည့်ရင် ပါတီဝင်တွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မဲပေးတယ်လို့ ပြောလို့ရတယ်။ ပါတီအနေအထားအရဆိုရင်တော့ ဒါကို ကန့်ကွက်ချင် ကန့်ကွက်မှာပေါ့လေ။ ဒါကတော့ ရှင်းနေတာပဲ။ ဒီတခေါက်ကတော့ ပါတီရဲ့ သဘောထားအတိုင်း မဖြစ်ဘူးပေါ့။ ထိန်းချုပ်ဖို့ မလွယ်ကူတော့ဘူးဆိုတာကို ပြလိုက်တာပဲလေ” ဟု ကြံ့ခိုင်ရေး ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်မဖော်လိုသူ တဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းက ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အပေါင်းအပါ ဗဟိုကော်မတီဝင်တချို့ကို ပါတီရာထူးအသီးသီးမှ ဖယ်ရှားခဲ့သည်။ ယင်းရာထူးဖြုတ် ချခဲ့သည့် ညက နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်ကို လုံခြုံရေးရဲတပ်ဖွဲ့ ဝင်ရောက်ခဲ့ခြင်းမှာ ပါတီ၏ မေတ္တာရပ်ခံချက်ကြောင့် လုံခြုံရေး အင်အားကို အစိုးရမှ အကူအညီ ပေးခြင်းဟု ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က မီဒီယာများရှေ့တွင် ပြောခဲ့သည်။
လက်ရှိ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌ ပူးတွဲတာဝန်ယူထားသည့် ဦးဌေးဦးကို ရာထူးအလွဲအပြောင်း လုပ်ခဲ့သည်မှာလည်း သမ္မတ ဦးသိန်းစိန် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီနှင့် အင်တာဗျူးတွင် ယခုလို ဖြေကြားခဲ့သည်။
“ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ အခြေခံစည်းမျဉ်း ပုဒ်မ ၉၉ (ခ) မှာ ဥက္ကဋ္ဌ သည် ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိဘူးဆိုရင် ဒုတိယဥက္ကဋ္ဌ တဦးဦးကို ဥက္ကဋ္ဌ တာဝန်ပူးတွဲ ထမ်းဆောင်စေရမည်လို့ ပါ ပါတယ်။ အဲဒါကြောင့် သူက အရင်က ဦးရွှေမန်းကို ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဖို့ပေးထားတဲ့ အမိန့်ကို ရုပ်သိမ်းပြီးတော့မှ ဦးဌေးဦး ကို သူ့ကိုယ်စား တာဝန် ပေးခဲ့တာ။ ဒါကိုပဲ သူ လုပ်ပါတယ်” ဟု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။
သူရ ဦးရွှေမန်းကို ရာထူးမှ မဖြုတ်ချခင် အရှေ့ပိုင်းအချိန်ကတည်းက သူရ ဦးရွှေမန်းနှင့် အစိုးရအကြားတွင် အမြင်မကြည်လင်မှုများစွာ ရှိနေခဲ့သည်။ ပါတီတွင်းမှာ ယခင်ကတည်းက ထိပ်ပိုင်းခေါင်းဆောင်များအကြား နိုင်ငံရေးပွတ်တိုက်မှုများ တဖြေးဖြေး များလာရာမှ အခုလို အကွဲအပြဲမျိုး ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ပါတီဝင် တဦး ဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် တခုမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆိုသည်။
“ စဖြစ်တာကတော့ လွှတ်တော်တွင်းနဲ့ အစိုးရနဲ့ ကြား ပွတ်တိုက်မှုတွေ များလာတာပေါ့။ အဲဒီကနေ တဖြေးဖြေး ဖြစ်ဖို့ အကြောင်းတွေ ပိုများသွားတယ်နဲ့ တူပါတယ်။ ပိုသိသာလာတာက ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်လ လောက်မှာ ပိုသိသာလာတယ်။ အစိုးရ တောင်းဆိုချက်တွေ တချို့ မဖြစ်ဘူး။ ကြာလာတော့ ဒါမျိုးတွေ များလာတော့ ပွတ်တိုက်မှုတွေ များလာတာပေါ့။ လွှတ်တော်ထဲမှာလည်း ပြည်ခိုင်ဖြိုး ပါတီဝင်တွေ များတယ်လေ” ဟု ၎င်းက ပြောသည်။
မကြာခင် လပိုင်းကလည်း တပ်မတော် ထိပ်ပိုင်း အရာရှိတဦး ဖြစ်ခဲ့ဖူးသည့် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကို ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းအနေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လွှတ်တော်တွင်း မဲခွဲပွဲတွင် မိမိကိုယ်တိုင် မဲပေးခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တရားဝင် ချိုးဖောက်ခဲ့သည် ဆိုပြီး တပ်မတော် မိသားစုများမှ ပြည်ထောင်စု ရွေးကောက်မဲ ကော်မရှင်ကို လျှို့ဝှက် တိုက်ကြားမှုမျိုး ရှိနေခဲ့သည်။
သို့သော်လည်း တဖက်တွင် သူရဦးရွှေမန်း၏ လက်ရှိ ဆောင်ရွက်ချက်များကို ထောက်ခံနေသည့် သူများကလည်း အခိုင်အမာ ရှိနေကြောင်း စုံစမ်းသိရသည်။
“ လွှတ်တော်ထဲမှာ ပါတီ ၁၈ ခုရှိတယ်။ အဲဒီထဲက အများစုက သူ့ကို (ဦးရွှေမန်း) သဘောကျတယ်။ သူက လူတိုင်းကို မျှမျှတတ ပွင့်ပွင့်လင်းလင်း ဆက်ဆံတဲ့အတွက် အများစုက သဘောကျတယ်။ ဘယ်လမ်းကို သွားမလဲဆိုတာကို ကျနော်တို့ စဉ်းစားရတော့မယ်။ လမ်းဟောင်းတွေအတိုင်း ပြန်သွားမလား၊ လမ်းသစ်သွားမလားပေါ့။ ဦးရွှေမန်းက တိုင်းပြည်နဲ့ ပါတီအတွက် ဒီမိုကရေစီလမ်းသစ်တခုကို ထူထောင်တဲ့အတွက် ရာထူးက ဖယ်ရှားခံရတာလို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့အတွက်ကတော့ နောက်ဘာဖြစ်လာမယ်ဆိုတာကို မသိနိုင်တဲ့အတွက် ဘာလုပ်ရမှန်း မသိဘူး” ဟု တနသာၤရီတိုင်း ရေဖြူမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက ဆိုသည်။