ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Federation of Asian Bishops’ Conferences က ကမကထပြုကျင်းပသော ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ (climate change)ဆိုင်ရာ ဝတ်ပြုကြားနာပွဲတခုတွင် ရန်ကုန် ကက်သလစ် ခရစ်ယာန်သာသနာ ဆရာတော်ကြီး ကာဒီနယ် ချားလ်ဘိုက ရာသီဥတု အပြောင်းအလဲကို ရင်ဆိုင်ဖြေရှင်းကြပါရန် နှိုးဆော်လိုက်သည်။ “မကောင်းဆိုးဝါးဟာ အကြံဆိုးတွေနဲ့ ချီလာနေပြီ။ လူသား မိသားစုတွေကို ဖျက်ဆီးဖို့၊ ဘုရားသခင်ရဲ့ လက်ဆောင် သဘာဝတရားကို ချေမှုန်းဖို့ လာနေပြီ”ဟု ဆရာတော်ကြီး ကာဒီနယ် ချားလ်ဘိုက ဟောသည်။ “ကျနော်တို့ ဆင်းရဲသူဆင်းရဲသားတွေဟာ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ (climate change) ဆိုတာ ဘာလဲလို့တောင် မသိကြပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဒီရာသီဥတုအပြောင်းအလဲရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်”ဟုလည်း ချားလ်ဘိုက ဒေသတွင်း နိုင်ငံ ၄ နိုင်ငံတွင် လူပေါင်း ၁၃၈၀၀၀ ကျော် သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်းကို ရည်ညွှန်းပြောဆိုသည်။ “ကျနော်တို့ရဲ့ သစ်သီးဝလံနဲ့ ပန်းမန်တွေ နှစ် ၅၀ အတွင်း ပျောက်ဆုံးသွားခဲ့ရပြီ။ သစ်တောတွေ၊ မြစ်တွေ ပျက်ဆီးနေခဲ့ရပြီ။ မဲခေါင်၊ ဧရာဝတီနဲ့ အရှေ့အာရှက မြစ်များစွာ အန္တရာယ်ကြီးကြီးနဲ့ အသုံးချခံနေရတယ်။ ကျနော်တို့ရဲ့ ဂေဟစနစ်ကို အခါများစွာ တိုက်ခိုက်မှုဟာ ကျနော်တို့ရဲ့ မြေကမ္ဘာကို ရေရှည်ဖျားနာနေစေခဲ့ပါပြီ”ဟုလည်း ဆရာတော်ကြီးက မိန့်ကြားသွားခဲ့သည်။