ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် လင်းစဒေါင်းရှိ မြန်မာစီးပွားရေး ကော်ပိုးရေးရှင်း(MEC) ပိုင်သည့် အမှတ် (၁) ဓာတ်ငွေ့စက်ရုံ ယနေ့ နံနက်ပိုင်း ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်ထမ်း ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်စဉ်သည် Acetylene (အက်စီတလင်း) ဓာတ်ငွေ့အိုးအား ပိတ်နေစဉ် နတ်ခေါင်းချော်ထွက်ရာမှ မီးပွားများ ပန်းထွက် ကာ မီးစတင်လောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် အက်စီတလင်း ဓာတ်ငွေ့အိုး (C2 H2) ကုဗပေ တသောင်းခန့် မီးလောင်ခံရကာ ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ တဦးက ဧရာဝတီကို ပြောသည်။
ဒဏ်ရာရရှိခဲ့သည့် ဝန်ထမ်း ၃ ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ် ဋ္ဌာနသို့ ပို့ဆောင်ထားကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့မှ အမှုဖွင့် တိုင်ကြားရန် MEC ဓာတ်ငွေ့စက်ရုံမှ တာဝန်ရှိသူနှင့် ပြစ်မှု (ပ) နံပါတ်တို့ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း အဆိုပါ ကျောက်တံတား မီးသတ်တပ်ဖွဲ့မှ တာဝန်ကျသူက ပြောဆိုသည်။
MEC ဓာတ်ငွေ့စက်ရုံပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး MEC မှ တာဝန်ရှိသူထံ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ကျပုဂ္ဂိုလ် ဗိုလ်ကြီးဝင်းမြင့်အောင်က“အဲဒါက ဒီလောက် ကြီးကြီးကျယ်ကျယ် မဟုတ်ဘူး။ ကျနော်တို့က မထည့်ဖို့တောင် လိုက်ပြီး အကူအညီ တောင်း ထားပါတယ်”ဟု ပြောဆိုကာ ဖုန်းချသွားသည်။
အဆိုပါ ဓာတ်ငွေ့စက်ရုံသည် လူနေထိုင်သည့် ရပ်ကွက်များနှင့် နီးကပ်စွာတည်ရှိနေပြီး ထိုသို့ ဓာတ်ငွေ့ပေါက်ကွဲမှုနှင့် ပတ်သက်၍ စက်ရုံအနီး နေထိုင်သည့် ပြည်သူများ စိုးရိမ်မှု ဖြစ်ပွားနေသည်ကို တွေ့ရသည်။
“အချိန်မီ မီးငြိမ်းနိုင်လို့ပေါ။ အရင်တခါတုန်းကလည်း စက်ဆန်း ပေါက်ကွဲမှု မီးလောင်မှုလည်း တခါ ကြုံပြီးသွားပြီ”ဟု စက်ရုံအနီး တွင် နေထိုင်သည့် အမျိုးသားတဦးက ဧရာဝတီကို ပြောပြသည်။
အက်စီတလင်း ဓာတ်ငွေ့သည် လောင်စာအနေဖြင့် အသုံးပြုသကဲ့သို့ စက်မှုလုပ်ငန်းများ၌ သံ၊ ဂဟေ ဖြတ်တောက် သည့် အခါတွင် အဓိက အသုံးပြုသည့် ဓာတ်ငွေ့ဖြစ်သည်။
ပန်းထိမ်လုပ်ငန်းကြီးများ ပြုလုပ်ရာတွင်လည်း အက်စီတလင်း ဓာတ်ငွေ့ ကို အသုံးပြုကြောင်း၊ ထို့အပြင် အက်စီတလင်း ဓာတ်ငွေ့သည် အောက်စီဂျင်နှင့် ဒြပ်ပြုပါက မီးလောင်ကျွမ်းနိုင်သည့် သတ္တိရှိကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာ ရရှိသူများကို လာရောက်ကူညီပေးသည့် Nobel Heart ရှင်ရေးကူညီမှု အသင်းမှ ဦးမိုးယံက “ဝန်ထမ်း ၂ ဦးက မျက်နှာကို မီးဟပ်သွားတာ။ တဦးက လက်ကို ထိတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ အထဲမှာလည်း ပျက်စီးမှု သိပ်မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများဖြစ်သည့် ဦးမောင်သူသည် ဦးခေါင်း၊ ဆံပင်များနှင့် ယာလက်ဖျံတို့ကို မီးဟပ်ခံရပြီး ဦးသိန်းသန်းလင်းမှာ မျက်နှာပြင်၊ လက်ဖျံနှင့် အရေပြားတို့ကို မီးဟပ်ခံရကြောင်းနှင့် ဦးအောင်ကိုလတ်သည် လက်ဖျံနှင့် ဝမ်းဗိုက် ပွန်းပဲ့သွားပြီး လက်ရှိအခြေအနေမှာ စိုးရိမ်စရာ မရှိကြောင်း သိရသည်။
မြန်မာစီးပွားရေး ကော်ပိုးရေးရှင်း(MEC)သည် တပ်မတော် စီးပွားရေး လုပ်ငန်းစုတခုအနေဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး MEC လက်အောက်တွင် စတီး စက်ရုံ၊ ဘိလပ်မြေ စက်ရုံများအပါအဝင် စက်ရုံကြီးများ၊ ဘဏ် လုပ်ငန်း၊ အိုင်တီ လုပ်ငန်းတို့ကို လုပ်ကိုင်လျက် ရှိကြောင်း၊ MEC ၏ ဥက္ကဋ္ဌ အဖြစ် ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင်ဦးက ယခင်က တာဝန်ယူခဲ့ဖူးကြောင်း သိရသည်။