မြန်မာနိုင်ငံသား ၂ ဦး စွဲဆိုခံထားရသော ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အရေးပါသည့် တရားလိုပြ သက်သေ ၃၀ ဝန်းကျင်အထိ ထွက်ဆိုပြီးသော်လည်း သက်သေခိုင်မာမှု မရှိသေးကြောင်း သိရသည်။
လူသတ်မှုဖြစ်ပွားစဉ်က ဘာသာပြန် အဖြစ်ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံသား ဘာသာပြန် နှစ်ဦးဖြစ်သူ ကိုရဲ (ခ) ကိုမြင့်နိုင် နှင့် ကိုကမာတို့၏ ထွက်ဆိုမှု များသည်လည်း ရှေ့နောက်မညီ ဖြစ်နေကြောင်း အမှုအား ကူညီဆောင်ရွက်ပေးနေသူ မြန်မာသံရုံး အထူး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီကို ပြောသည်။
ဘာသာပြန်ပေးခဲ့သူ နှစ်ဦး အနက် ကိုရဲ သည် ဘာသာပြန်လုပ်စဉ်က မေးခွန်းများ မေးမြန်းရာတွင် လိုရာကိုဆွဲယူ၍ ခြိမ်းခြောက် မေးမြန်းထားသည့် ဗီဒီယို မှတ်တမ်းများ ထွက်လာကြောင်း၊ ထို့အတူ ကိုကမာ ဆိုသူကလည်း လူသတ် သူများသည် ဝိုင်ပုလင်းဖြင့် ရိုက်သတ်ခဲ့သည်ဟု ဘာသာပြန်ပေးခဲ့ပြီး ယခုအခါ ထိုသို့ မထွက်ဆိုတော့ကြောင်း ဦးအောင်မျိုးသန့် က ဆိုသည်။
၎င်းက“ဥပမာ ကိုရဲဆိုတဲ့ ဘာသာပြန်က ဝင်းဇော်ထွန်းကို စစ်တဲ့အခါမှာ မင်းဘယ်နှစ်ချက် ရိုက်လဲ၊ ကြောက်စရာ မလိုဘူး နော်၊ အမှန် ပြောရင် မင်းကို ငါတို့ ဝိုင်းကူညီမယ်ဆိုတာမျိုးတွေ မေးထားတာတွေ့ရတယ်၊ အဲဒီတော့ ပြန်ဖြေသူကလည်းပဲ ကျနော် ၂ ချက် ၃ ချက် ရိုက်ပါတယ် ဆိုတာမျိုးတွေ ဖြေထားတဲ့ အသံဖိုင်တွေပါတယ်”ဟု ပြောသည်။
အဓိက ကွဲလွဲနေသည့် အချက်မှာ သေဆုံးသူ ဗြိတိသျှ အမျိုးသမီး၏ ရင်သားပေါ်က ရရှိထားသည့် မျိုးဗီဇ(DNA)သည် ဖမ်းဆီးခံ ထားရသူနှစ်ဦး၏ DNA နှင့်တူနေသည်ဟု ရဲမှတ်တမ်း၌ပါရှိသော်လည်း စွပ်စွဲခံထားရသူ ၂ ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့၏ ဖြေဆိုချက် ဗီဒီယို ဖိုင်၌ ၎င်းတို့သည် သေဆုံးသူ အမျိုးသမီး၏ ရင်သားအား လုံး၀ ထိတွေ့မှုမရှိခဲ့ကြဟု ပါရှိကြောင်း၊ ထို့ကြောင့် ယင်းအချက်သည် သိသာသည့် ကွဲလွဲမှု ဖြစ်နေကြောင်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
တရားလိုပြ သက်သေများအား ဇူလိုင် ၈ ရက်က စတင်၍ စစ်ဆေးလျက်ရှိရာ ယနေ့အထိ ၃၀ နီးပါး ထွက်ဆိုပြီး ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း အမှုစစ်ဆေးခဲ့သည့် အမှတ် ၈ နယ်မြေ ရဲမှူးတဦး က ဗီဒီယိုဖိုင်ဖြင့် ထွက်ဆိုခဲ့ကြောင်း၊ တရားလိုပြ သက်သေ များအား စစ်ဆေးမှုကို လာမည့် သီတင်းပတ် အတွင်း အပြီးသတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေ ၆၅ ဦး ထွက်ဆိုရန် တင်ပြထားပြီး အဓိကကျသည့် သက်သေများအား ဦးစားပေး စစ်ဆေးနေခြင်းဖြစ်သည်။
တရားလိုပြ သက်သေ ၆၅ ဦးတွင် ၃၀ နီးပါးက ထွက်ဆိုထားပြီး ဖြစ်ကာ ကျန်ရှိသူများထဲက အများစုကို ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း ဦးအောင်မျိုးသန့်က ပြော သည်။
တရားလိုပြ သက်သေများ၏ သက်သေထွက်ဆိုမှုများနှင့်ပတ်သက်၍ တရားခံဘက်မှ ရှေ့နေများက ပြန်လှန် မေးခွန်းထုတ်မှုများကို လည်း တရားလိုပြ သက်သေများက ယနေ့အထိ တိကျစွာဖြေဆိုနိုင်ခြင်း မရှိကြသေးကြောင်းလည်း သိရသည်။
တရားခံများ ဘက်က ရှေ့နေများသည် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ ရှေ့နေကြီးများ ဖြစ်သည်။
ထို့အတူ ထိုင်းနိုင်ငံ၏ မှုခင်းဆရာဝန်မကြီး ဒေါက်တာ ဖွန်ထစ် ကလည်း တရားခံများဘက်က စင်တင်ဘာလ ၁၁ ရက်တွင် သက် သေ ထွက်ဆိုပေးမည် ဖြစ်ပြီး ဖမ်းဆီးခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ DNA ကိုလည်း ပြန်လည် စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။
အမှု တခုလုံးကို စက်တင်ဘာလ အတွင်း စီရင်ချက် ချမှတ်ပေးမည်ဟု ကော့စမွေခရိုင် တရားရုံးက ပြောဆိုထားသည်။
ဗြိတိန်နိုင်ငံသား နှစ်ဦးသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်း၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။