နိုင်ငံရေးပါတီများက ယခုရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးကို ဦးစားပေးမည်ဟု ပြောကြားခဲ့ ကြသော် လည်း ၎င်းတို့၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းများ နောက်ဆုံး တင်သွင်းရမည့်ရက် နည်းကပ်လာသည့် အချိန် တွင် ကျားနှင့်မ ညီမျှမှု မရှိသည်ကို တွေ့ရသည်။
အမျိုးသမီးများ ကိုယ်စားပြုခွင့်ကို တိုးမြှင့်ရန် ကတိပြုခဲ့သော ပါတီအများစုက မည်သည့်အတွက်ကြောင့် ထိုသို့ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသည်ကို ဧရာဝတီက လေ့လာခဲ့ပါသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP) ၏ ဥက္ကဌ ဦးကျော်စွာစိုးက အမျိုးသမီးများက “”ေ-ာက်သုံးမကျ” ဟု ဆိုသည်။ “တကယ်လို့ ကိုယ်စားလှယ်တွေ အားလုံး အမျိုးသမီးတွေ ထည့်ရမယ်ဆိုရင် လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပြည့်သွားမှာပေါ့” ဟု ဦးကျော်စွာစိုးက ဆက်ပြောသည်။
ပါတီဥက္ကဌက ထိုသို့ မှတ်ချက်ပေးသော်လည်း MFDP ၏ အမျိုးသမီးများကို နေရာပေးမှုက အခြားပါတီများထက် ပိုများသည်။ ၎င်းတို့ပါတီ၏ ကိုယ်စားလှယ်လောင်း ၄၀၀ ခန့် ဝင်ရောက်ယှဉ် ပြိုင်ရန် ရှိရာတွင် အမျိုးသမီး ၅၀ ခန့် ပါဝင်နေသည့်အတွက် အကြမ်းဖျင်းအားဖြင့် ၁၂.၅ ရာခိုင်နှုန်းခန့် ရှိသောကြောင့် အတော် မြင့်မားသည့် နှုန်းဖြစ်သည်။
MFDP သည် အမျိုးသမီးများကို ပါတီ၏ ထိပ်တန်းနေရာများတွင် ခန့်ထားသည့် ပါတီ အနည်းငယ်ထဲတွင်လည်း ပါဝင် ပါသည်။ ပါတီဥက္ကဌ ဦးကျော်စွာစိုး၏ မှတ်ချက်နှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်သန်းဦးက သူ၏ ဥက္ကဌသည် စကားပြောပွင့်လင်းသူဖြစ်ကြောင်း နှင့် MFDP ပါတီနှင့် ဥက္ကဌက အမျိုးသမီးများ နေရာရရှိနေရေးကို အားပေး ကြောင်း ဧရာဝတီသို့ ပြောကြားခဲ့သည်။
“သူက ကရုဏာ ဒေါသောနဲ့ ပြောလိုက်တာပါ” ဟု ဒေါ်ခင်သန်းဦးက ရှင်းပြသည်။ အမျိုးသမီးများ ပါဝင်လာရေးကို ပါတီက အားပေးကြောင်း၊ သို့သော်လည်း အမျိုးသမီးများက အများပြည်သူရေးရာ ကိစ္စများတွင် ပါဝင်ဆောင်ရွက်ရန် တွန့်ဆုတ်ခြင်း သို့ မဟုတ် အတွေ့အကြုံ နည်းပါးခြင်းများ ရှိနေတတ်သည်ဟုလည်း သူကဆိုသည်။
ကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်နိုင်သော အရည်အချင်းပြည့်မီသည့် အမျိုးသမီး လုံလောက်စွာ မရှိကြောင်း ပါတီတိုင်းနီးပါးက ဧရာဝတီသို့ ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး အမျိုးသမီးဖြစ်သည့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်နေသည့် အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပင်လျှင် အမျိုးသမီးများကို တာဝန်ပေးမှု နည်းပါးခဲ့သည်။
NLD သည် အခြားပြိုင်ဘက်ပါတီ အများအပြားနှင့် နှိုင်းယှဉ်လျှင် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုတွင် (ရာခိုင်နှုန်း အရ) တိုးတက်မှု နည်းပါးနေခဲ့သည်။ အမျိုးသမီး ကိုယ်စားလှယ်လောင်း အချိုးအစားလည်း သိသိသာသာ ကျဆင်းသွား ခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသမီးကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၎င်းတို့ထဲမှ ၁၃ ဦး ရွေးကောက်ပွဲ အနိုင်ရရှိ၍ လွှတ်တော်တွင်းသို့ ရောက်ခဲ့သည်။ ယခုတကြိမ်တွင်မူ NLD မှ ယှဉ်ပြိုင်မည့် အမျိုးသမီး ကိုယ်စားလှယ်လောင်းက ၁၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သဖြင့် တဝက်မျှ ကျဆင်းသွား ခြင်း ဖြစ်သည်။
ပါတီအနေဖြင့် သင့်တော်သော အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ရရှိရန်အတွက် အခက်အခဲရှိခဲ့သည်ဟု NLD ပါတီ၏ ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ဧရာဝတီသို့ ပြောသည်။ အမျိုးသမီးများသည် မီးဖိုချောင် ထိန်းသိမ်းရန်နှင့် ဘုရား ပန်းအိုးလဲရန်ကဲ့သို့ တာဝန်များနှင့် အလုပ်ရှုပ်နေကြခြင်းကြောင့်လည်း တစိတ်တပိုင်း ဖြစ်သည်ဟု သူကဆိုသည်။ “တချို့ကတော့ မျှော်လင့်တာတွေ ရှိချင်ရှိနိုင်ပေမယ့်လည်း ဒီလို တာဝန်တွေရှိနေလို့ အမျိုးသမီးတွေက အမျိုးသားတွေလို အချိန် အပြည့်မပေးနိုင်ကြဘူး” ဟု ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။
လက်ရှိအချိန်တွင် NLD ပါတီ မြန်မာနိုင်ငံတွင် အမျိုးသမီးများ လုပ်ပိုင်ခွင့်ရရှိရေး အတွက် ဦးဆောင်လုပ်ကိုင် နေသည့် ပါတီတခု ဖြစ်နေသော အချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကို ကိုယ်စားလှယ်လောင်း အဖြစ်လက်မခံခဲ့သည့် အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဒေါက်တာညိုညိုသင်းက ပညာအရည် အချင်း မြင့်မားသလို NLD နှင့် ဆက်သွယ်မှုများ ရှိနှင့်ပြီးဖြစ်သော နိုင်ငံရေး အတွေ့အကြုံရှိသည့် အမျိုးသမီး တဦး ဖြစ်သည်။
ကိုယ်စားလှယ် ၆၆၄ ဦးရှိသည့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသမီး ကိုယ်စားလှယ်က ၅ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ဒေသတွင်းတွင် အနည်းဆုံး ဖြစ်နေသည်။ ပြည်နယ်နှင့် တိုင်းဒေသအဆင့် လွှတ်တော်များတွင် အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုက ပိုမိုနည်းပါးပြီး ၄ ရာခိုင်နှုန်းပင် မပြည့်ပါ။ အခြားနိုင်ငံအချို့တွင် ထိုကဲ့သို့ အချိုးအစား မညီမျှခြင်း ကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်မှုမျိုး ရှိသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါကိစ္စကို ဖြေရှင်းရန်အတွက် ဥပဒေအရ အထောက်အကူပေးမှု မရှိပါ။
အမျိုးသမီးများ ပိုမိုကိုယ်စားပြုနိုင်ရေးအတွက် မူဝါဒများ ချမှတ်ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း ပါတီ အမြောက် အများက ဖေဖော်ဝါရီလအတွင်း ဧရာဝတီသို့ ပြောခဲ့သည်။ အမျိုးသမီးများ ကိုယ်စားပြုခွင့် ပိုမိုရရှိနိုင်ရေးအတွက် အရေးပါသော ခြေလှမ်းဖြစ်သော်လည်း အမျိုးသမီးများ အနေဖြင့် ကိုယ်စားပြုခွင့်တိုးလာသည့်တိုင် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ခက်ခဲနေဆဲဖြစ်သည့်အတွက် အဆိုပါ ပေါ်လစီများက များစွာ ခရီးမရောက်ဟု အမျိုးသမီး အခွင့်အရေး တောင်းဆိုသူများက ပြောကြသည်။ ရွေးကောက်ခံရသည့် အမျိုးသမီး အရေအတွက်က ၃၀ ရာခိုင်နှုန်းခန့် ရှိသင့်သည်ဟုလည်း သူတို့က တောင်းဆိုခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ကိုယ်စားလှယ်လောင်းစာရင်းတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း အမည်တင်သွင်းခဲ့ပြီး အများစုက ၎င်းထက်များစွာ နည်းပါးခဲ့သည်။ ၀ ဒီမိုကရက်တစ်ပါတီ (Wa Democratic Party) ၏ ပြောရေး ဆိုခွင့် ရှိသူတဦးက ၎င်းတို့ပါတီ အနေဖြင့် အမျိုးသမီးများကို တာဝန်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း ဧရာဝတီသို့ ယခင်လ အတွင်းက ပြောကြားခဲ့သည်။ စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တင်သွင်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၁၄၇ ဦးထဲတွင် အမျိုးသမီး ၇၂ ဦးသာ ပါဝင်သဖြင့် ၆.၂ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၎င်းတို့ ယှဉ်ပြိုင်သည့် နေရာတိုင်းတွင် အမျိုးသမီး တယောက်စီ ထည့်သွင်း စဉ်းစားသွားမည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။ ထိုနည်းအတိုင်း လုပ်ကောင်းလုပ်ခဲ့ပါလိမ့်မည်။ သို့သော်လည်း သူ တို့ထဲမှ အနည်းငယ်မျှသာ အမည်စာရင်းတင်သွင်းရာတွင် ပါဝင်ခဲ့သည်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်း ၇၅၆ ဦးထဲတွင် အမျိုးသမီး ၇၉ ဦးပါဝင်သဖြင့် ၁၀.၄ ရာခိုင်နှုန်းသာရှိသည်။
အမျိုးသမီးပါတီ(မွန်) နှင့် ဝံသာနု ဒီမိုကရက်တစ်ပါတီ တို့သည် အမျိုးသမီး အများစုဖြင့် ဖွဲ့စည်းထားသည့် အတွက် အမျိုးသားများကို မရွေးချယ်နိုင်ခဲ့ပါ။ ပါတီနာမည်ပြောင်းလဲရန် အာဏာပိုင်များ၏ ဖိအားပေးမှုများနှင့် ဒေသတွင်း တိုင်းရင်းသား နိုင်ငံရေးသမားများ၏ ဆန့်ကျင်ကန့်ကွက်မှုများ ရင်ဆိုင်ခဲ့ရသော အမျိုးသမီးပါတီ(မွန်) သည် ကိုယ်စားလှယ်လောင်း ၄ ဦးသာ အမည်စာရင်း တင်သွင်းနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို သပိတ်မှောက်ခဲ့သော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ထောက်ခံခဲ့သည့် NLD ပါတီဝင်ဟောင်းများနှင့် ဖွဲ့စည်းထားသော ဝံသာနု ဒီမိုကရက်တစ် ပါတီက ကိုယ်စားလှယ်လောင်း ၂၀ တွင် အမျိုးသမီး ၁၈ ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
အရေအတွက် ကိန်းဂဏန်းများက အားရဖွယ်ရာ မဟုတ်သော်လည်း အမျိုးသမီးအရေးကို ပါတီများသည် (အနည်းငယ်မျှလောက်ပင်ဖြစ်စေ) အကြောင်းအရာတခုအဖြစ် သတိထားမိလာကြပြီ ဖြစ်သည့်အတွက် တိုးတက်လာသည်ကို သံသယရှိရန် မလိုပါ။ ၎င်းတို့ထဲမှ အချို့သည် သူတို့၏ မူဝါဒများတွင် ကျားနှင့်မ တန်းတူညီမျှရေးကို ထည့်သွင်းထားခဲ့ပြီ ဖြစ်ပြီး ရွေးကောက်ပွဲ အကြိုကာလတွင်လည်း အမျိုးသမီးတို့၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ထောက်ပြပြောဆိုမှုများ ရှိခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick က သူ့အနေဖြင့် နိုင်ငံရေးတွင် အမျိုးသမီးများ၏ ပါဝင်ခွင့်နှင့် ပတ်သက်၍ အလေးထားမှု တိုးလာသည့်အတွက် အားတက်မိကြောင်း မှတ်ချက်ပေးခဲ့သည်။
သို့သော်လည်း အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ပြည်သူ့ရေးရာ မူဝါဒနှင့် ပတ်သက်၍ လေ့ကျင့်သင်တန်းပေး နေသော ဒေါ်ခင်မမမျိုး က အောက်ခြေအထိရောက်အောင် တဖြေးဖြေးနှင့် ကြာမြင့်စွာ သွားရမည်ဟု ဆိုသည်။ ပါတီများတွင် အမျိုးသမီး အဖွဲ့ဝင် အရေအတွက် တိုးလာသော်လည်း သူတို့က သူတို့ကိုယ်သူတို့ နှိမ့်ချပြီး အထောက်အကူ ပေးသည့် နေရာများကိုသာ အလေးပေးကြသည်၊ ဆန္ဒရှိတတ်ကြသည်ဟုလည်း သူကပြောသည်။
ထိုနည်းအတိုင်းဆိုပါက နိုင်ငံရေး ပါတီများအတွင်းသို့ အမျိုးသမီးများကို ခေါ်ဆောင်ခြင်းသည် ပါတီ၏ တိုးတက်မှုကို ပြနိုင်သည်သာမက အမျိုးသားများ မလုပ်ချင်သော အလုပ်များကို လျှော့ချနိုင်သည့် လမ်းတခုဖြစ်သည့်အတွက် အာဏာရှိ အမျိုးသားများအတွက် အဆင်ပြေသွားသည့် အခြေအနေမျိုးသာဖြစ်သည်ဟု ဒေါ်ခင်မမမျိုးက ပြောသည်။
“ပါတီတခုမှာ အမျိုးသမီး အဖွဲ့တခုကို ကျမတို့ တွေ့ရတယ်ဆိုရင်တောင် သူတို့ရဲ့ အခန်းကဏ္ဍက ဗဟိုကော်မတီ အတွက် ကော်ဖီဖျော်ပေးဖို့လောက်ပဲ ဖြစ်နေတယ်။ ဒါကာ ကောင်းတဲ့ အခြေအနေ တခုမဟုတ်ပါဘူး” ဟုလည်း ဒေါ်ခင် မမမျိုး ကပြောသည်။
Feliz Solomon ပူးပေါင်းရေးသားသည်။
The Irrawaddy အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Yen Snaing ၏ In November Polls, Odds Already Against Women’s Empowerment ကို ဘာသာပြန်ဆိုသည်။