သံလွင်မြစ်ပေါ် တည်ဆောက်မည့် အရှေ့တောင်အာရှ၌ အကြီးဆုံးရေကာတာတခုဖြစ်လာမည့် မိုင်းတုံရေကာတာ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနှင့် လူမှုဘဝထိခိုက်နစ်နာမှု အကဲဖြတ်ချက်များ(EIA/SIA) စစ်ဆေးနေမှုအပေါ် ဒေသခံများ၏ လက်မခံမှုနှင့် ကြုံတွေ့နေရသည်။
ထိုစီမံကိန်း အတွက် EIA/SIA စစ်ဆေးမှုကို သြစတြေးလျနိုင်ငံ The Snowy Mountains Engineering Corp (SMEC) ကုမ္ပဏီက တာဝန်ယူ ပြုလုပ်နေခြင်း ဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောပြကြသည်။
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများ ရပ်တန့်ပေးရန် ဒေသခံပြည်သူ ၆ သောင်းကျော်နှင့် နိုင်ငံရေး အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်က လက်မှတ်ရေးထိုး၍ ပြီးခဲ့သည့် မတ်လတွင် သက်ဆိုင်ရာသို့ တင်ပြထားရာ ထူးခြားမှု မရှိသေးသော် လည်း သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခု တည်ဆောက်ရန် လျာထားမှုရှိနေသည်။
စီမံကိန်းများမှာ ရှမ်းပြည်နယ်အတွင်း မဂ္ဂါဝပ် ၁,၄၀၀ ထွက်နိုင်သည့် အထက်သံလွင်(ကွမ်းလုံ) စီမံကိန်း၊ မဂ္ဂါဝပ် ၁,၀၀၀ ထွက်နိုင် သည့် နောင်ဖ စီမံကိန်း၊ မဂ္ဂါဝပ် ၂၀၀ ထွက်နိုင်သည့် မန်တောင်း စီမံကိန်း၊ မဂ္ဂါဝပ် ၇,၁၀၀ ထွက်နိုင်မည့် မိုင်းတုံ (တာဆန်း) စီမံကိန်းတို့ ဖြစ်ပြီး ကယားပြည်နယ်အတွင်း မဂ္ဂါဝပ် ၄၅၀၀ ထွက်နိုင်မည့် ရွာသစ်စီမံကိန်းနှင့် ကရင်ပြည်နယ်အတွင်း မဂ္ဂါဝပ် ၁,၃၆၀ ရရှိမည့် ဟတ်ကြီး စီမံကိန်းတို့ ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း တည်ဆောက်မည့် မိုင်းတုံရေကာတာ စီမံကိန်းကို China’s Three Gorges Corporation (တရုတ်)၊ The Electricity Generating Authority of Thailand (ထိုင်း) နှင့် Myanmar’s Ministry of Electric Power, International Group of Entrepreneurs (မြန်မာ)တို့က ပူးပေါင်း တည်ဆောက်မည် ဖြစ်သည်။
ဇူလိုင်လ အတွင်း၌ SMEC ကုမ္ပဏီက ကွန်ဟိန်းမြို့နယ်နှင့် မိုင်းတုံမြို့နယ်များတွင် မိုင်းတုံရေကာတာ တည်ဆောက်နိုင်ရန်အတွက် EIA/SIA စစ်ဆေးမှုများ လာရောက်ပြုလုပ်ရာတွင် ဒေသခံများက ထိုသို့စစ်ဆေးမှုများ မပြုလုပ်ရန် တားဆီးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ မိုင်းတုံဒေသခံတွေက ရေကာတာ မဆောက်ဖို့ အမျိုးမျိုး ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှထူးခြားမှု မရှိလာပါဘူး။ မိုင်းတုံမြို့နဲ့ ရေကာတာ တည်ဆောက်မယ့် နေရာက ၃ မိုင်လောက် ဝေးတယ်။ အဲ့ဒီနေရာကိုလည်း ကျနော်တို့ သွားလို့လာလို့ မရ ဘူး။ ရေကာတာဆောက်ရင်တော့ အဓိက သစ်တောပြုန်းတီးတာတွေ ဖြစ်တဲ့အတွက် မြေပြိုမှုတွေ ဖြစ်လာနိုင်တယ်”ဟု မိုင်းတုံ ဒေ သခံ စိုင်းနွမ်လှိုင်းခေးက ပြောသည်။
SMEC ကုမ္ပဏီက မိုင်းပြင်းမြို့နယ် မိုးပုလုံကျေးရွာ အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ရွာသားများကို ခေါ်ယူပြီး မိုင်းတုံ ရေကာတာ ဆောက်လုပ်ဖြစ်ပါက အနိမ့်ပိုင်း ဒေသများ ရေလွှမ်းမိုးနိုင်ကြောင်း၊ ထိခိုက်နိုင်မည့် ကျေးရွာများကို အချက်အလက် ကောက်ယူနေခြင်းဖြစ်ကြောင်း ပြောဆို၍ ရွာသားများကို လက်ဆောင်ပစ္စည်းများ ပေးခဲ့ကြောင်း မိုင်းတုံဒေသခံများက ပြန်လည် ပြောပြကြသည်။
“SMEC ကုမ္ပဏီက စစ်တမ်းကောက်ဖို့အတွက် လာကြပါတယ်။ သူတို့စစ်တမ်းကောက်ဖို့ ရွာ ၁၄ ရွာမှန်းထားတယ်။ ဒါပေမယ့် ၄ ရွာက ရွာသားတွေနဲ့ တွေ့ခဲ့တယ်။ ရွာသားတွေကို လက်ဆောင်တွေပေးပြီး စည်းရုံးတာတွေ လုပ်တယ်။ နောက်ပိုင်း ရွာသားတွေက ရေ ကာတာ ဆောက်လုပ်ဖို့ လာတာသိတော့ လက်ဆောင်တွေ ပြန်ပေးလိုက်ပါတယ်”ဟု မိုင်းတုံဒေသခံ တဦးဖြစ်သူ စိုင်းခေးဆိုင်က ပြောဆိုသည်။
SMEC ကုမ္ပဏီက EIA/SIA တာဝန်ယူ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ရွာသားများကို ရေကာတာ ကောင်းကျိုးသာ ပြောဆိုပြီး ရေကာတာ နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿနာများကို မရှင်းပြကြောင်း သံလွင်ရေကာတာ တည်ဆောက်မှုနှင့် ပတ် သက်ပြီး ကန့်ကွက် လှုပ်ရှားနေသည့် နန်းခမ်းနောင့်က ဧရာဝတီကို ပြောသည်။
“မိုင်းတုံမြို့နယ်က ကျေးရွာတွေကို ရေကာတာ ဆောက်လုပ်ရင် ရေလွှမ်းမိုးမှုက ဘယ်လောက်အထိ ဖြစ်လာနိုင်လဲ ဆိုတာကို သူတို့သိအောင် ရှင်းပြပါတယ်။ ကျမတို့ ဒေသခံ အနေနဲ့ ပေးမဆောက်ချင်ဘူး။ မိုင်းတုံမှာရှိတဲ့ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေလည်း အာလုံးပြန်သိမ်းသွားစေချင်တယ်”ဟုလည်း နန်းခမ်းနောင့်က ဆိုသည်။
သံလွင်ရေကာတာ တည်ဆောက်ပြီးပါက မြန်မာနိုင်ငံအတွက် လျှပ်စစ်မီးရရှိရန် ၁၀ ရာခိုင်နှုန်းသာရှိပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရေကာတာ တည်ဆောက်မှု အဆင့် ၂ ဖြစ်သည့် (EIA/SIA) စစ် တမ်း ကောက်ယူမှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရှမ်းသဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့မှ စိုင်းခေးဆိုင်က ပြော သည်။
“ရေကာတာဆောက်ဖို့ ၂ အဆင့်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ EIA/SIA ကို တိတိကျကျ ကောက်ရမယ်။ ဒီနေရာတွေ ဒီ ဒေသတွေ ဒီလောက်ကျယ်ဝန်းတာတောင် အချိန်တိုတိုအတွင်း လူတွေကိုခေါ်ပြီး ကောက်တယ်။ ကုမ္ပဏီအနေနဲ့ ပိုက်ဆံကိုပဲ ကြည့် တယ်။ သူတို့နိုင်ငံ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံကို လျစ်လျူရှု ထားတယ်။ ကျနော်တို့ နိုင်ငံထဲကနေ ထွက်ခွာသွားသင့်ပြီ”ဟု လည်း ၎င်းက ဆက်ပြောသည်။
သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများက ကန့်ကွက်သည့် အစီရင်ခံစာများကို SMEC ကုမ္ပဏီထံ တင်ပြသော်လည်း ကုမ္ပဏီက ရေကာတာ တည်ဆောက်ရန်အတွက် ထောက်ခံချက်ပေးရန် စစ်တမ်း ကောက်နေရခြင်းဖြစ်ကြောင်း ရှမ်းသဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေး အဖွဲ့သို့ စာပြန်ပေးပို့ခဲ့သည်ဟု သိရသည်။
“EIA/SIA လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တဲ့အခါမှာ ကိုယ်စားပြု အဖွဲ့တွေအနေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် တခါတရံ အနှောင့်အယှက်များနဲ့ ရင်ဆိုင်ရတဲ့အတွက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။ တချို့ဆွေးနွေးတိုင်ပင်မှုတွေက အဖွဲ့အစည်းတွေကြောင့် ပျက်သွားတယ်”ဟု SMEC ကုမ္ပဏီက အမေရိကန် သတင်းဌာန တခုကို ပြောဆိုထားသည်။
EIA/SIA လုပ်ငန်းစဉ်သည် ဒေသခံ အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကောင်းမွန်ရန်အတွက် လုပ်ဆောင်သင့်သည့် အခြေခံ လိုအပ် ချက်ဖြစ်ကြောင်းလည်း SMEC ကုမ္ပဏီက ဆက်ပြောသည်။
စိုင်းခေးဆိုင်က“ကရင်ပြည်နယ် ဘားအံကို ကြည့်မယ်ဆို သံလွင်မြစ်ရေတက်တဲ့ အချိန်ဆိုရင် နှစ်တိုင်း ရေကြီးရေတက်လာတယ်။ သံလွင်ရေကာတာကို ဆောက်မယ်ဆိုရင်တော့ ဒီနှစ် ဧရာဝတီတိုင်း ရေနစ်သလိုပဲ ကျနော်တို့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် ကရင်ပြည်နယ်တွေလည်း အဲဒီလို ဖြစ်သွားမယ်။ SMEC ကို ရပ်တန်းကရပ်ဖို့ ကျနော်တို့ ဆက်ပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသည့် ရေကာတာများ ရှိနေပြီဖြစ်သော်လည်း လျှပ်စစ်မီး ရရှိရန် လုံလောက်မှု မရှိသေးကြောင်း၊ ဆည်များမှ ရေများသည်လည်း လယ်သမားများ အတွက်ဟုသာ ပြောဆိုသော်လည်း လက်ရှိအချိန်ထိ လယ်သမား တချို့မှာ စိုက်ပျိုးရေးအတွက် ရေ လုံလောက်စွာ မရသေးသောကြောင့် ရေကာတာ အသစ်များ ထပ်မံ တည်ဆောက်ရန် ရပ်တန့်သင့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများ စောင့်ကြည့်ရေး အဖွဲ့များကလည်း ပြောဆိုသည်။
“သံလွင် ရေကာတာက ကိုယ့်နိုင်ငံအတွက် လိုအပ်ချက်အရ လုပ်တာ မဟုတ်ဘဲ တခြားနိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လုပ်နေတဲ့ စီမံကိန်း ဖြစ်တဲ့အတွက် ကျနော်တို့က ဒါကို ဆောင်ရွက်ဖို့လည်း မသင့်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ပြောရရင် တိုင်းရင်း သား ဒေသအားလုံးက မှီခိုအားထားနေရတဲ့ ဒီအသက်မွေးဝမ်းကြောင်းမှု ပြုနေရတဲ့ သံလွင်မြစ်ကြီးကို လွတ်လပ်စွာ စီးဆင်းခွင့်ပေး ဖို့ လွှတ်တော်ကို တင်ပြထားပါတယ်”ဟု မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဧရာဝတီကို ပြော သည်။
သံလွင်ရေကာတာကို မွန်ပြည်နယ်အတွင်း တည်ဆောက်ဖြစ်မည် ဆိုပါက သံလွင်မြစ်ဝတွင် ရှိသည့် ဘီလူးကျွန်းသည် ထိခိုက်မှု အများဆုံး ဖြစ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေကာတာ၏ ဆိုးကျိုးနှင့် ပတ်သက်ပြီး ပြည်သူလူထုကို အမြဲ ပညာပေးလျက် ရှိနေကြောင်းလည်း ၎င်းက ပြောပြသည်။
“EIA/SIA လုပ်မယ်ဆိုရင် ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် သွားမလဲ။ အဲဒီအပေါ် တိုင်းတာဖို့ လုပ်ပေါ့။ လက်ရှိ EIA/SIA လုပ်တဲ့သူတွေက အနီးအနားပဲ လုပ်တယ်။ လျော်ကြေးလည်း အဲဒီအနီးနားပဲ ပေးတယ်။ ကျနော်တို့ကတော့ EIA/SIA အဆင့်ထိ မသွားချင်ဘူး။ NO EIA/ NO SIA ၊ NO Dam ဆိုကတည်းက EIA/SIA ကိုစစ်တာ ကျနော်တို့ လက်မခံဘူး”ဟု ဒေါက်တာ အောင်နိုင်ဦး က ဆိုသည်။
စီမံကိန်း အကြီးစားများ တည်ဆောက်ချိန်တွင် EIA/SIA ကို လုပ်ဆောင်သင့်ပြီး စီမံကိန်း လုပ်ဆောင်ပါက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အကျိုးထက် အပျက်က ပိုများနေပါက ဆက်မလုပ်သင့်ကြောင်း၊ ဆည်ကြီးများ တည်ဆောက်ပါက အဓိက ပြဿနာသည် ရေဝပ်ဧရိယာများပြီး သစ်ပင်များ၊ သစ်တောများ ရေဖုံးလွှမ်းသွားကာ ရေအောက်သို့ ရောက်ရှိသွားနိုင်ကြောင်း ဆည်မြောင်းနှင့် တာတမံဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ ဆည်မြောင်းဦးစီးဌာန အရာရှိဟောင်း ဦးချိုချိုက ဧရာဝတီကို ပြောသည်။
“EIA/SIA လုပ်တဲ့သူတွေက အရမ်း အရေးကြီးပါတယ်။ EIA/SIA လုပ်တာကလည်း ဆည်ဆောက်ဖို့ အကျိုးမရှိတာများရင် ဘာလို့ ဆက်လုပ်ရမှာလဲ။ ဆည်ဆောက်လိုက်လို့ ငါးတွေ မျိုးတုံးသွားမှာလား၊ ဆည်အောက်က လူတွေရဲ့ livelihoods(ဘဝ)တွေ ပျောက် သွားမှာလား ဆိုတဲ့ Environmental နဲ့ Social Impact (EIA/SIA)တွေ ဆန်းစစ်ဖို့ လုပ်ရမယ်”ဟု ဦးချိုချိုက ဆိုသည်။
ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ကြုံတွေ့နေရသည့် အတွေ့အကြုံများကို သင်ခန်းစာယူကာ မြန်မာနိုင်ငံ အတွက် ကြိုတင်ဆောင်ရွက်မှု စီမံကိန်းများ ရေးဆွဲဆောင်ရွက်နိုင်သည်ဟု ဦးချိုချိုက ဆက်ပြောသည်။
ဆည်တည်ဆောက်မှု စီမံကိန်း အများဆုံး လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြား ကုမ္ပဏီများသည် တရုတ်နိုင်ငံမှဖြစ်ပြီး ပြည်တွင်းမှ အေးရှားဝေါလ်၊ ရွှေတောင်၊ IGE ကုမ္ပဏီတို့က အများဆုံး လုပ်ခွင့်ရထားသော်လည်း လုပ်ကိုင်ခွင့်ရသည့်အချက်နှင့် ကုမ္ပဏီရွေးချယ်မှု စံနှုန်း များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
လက်ရှိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာက လုပ်ငန်းပေါင်း ၁၁ ခု၊ တိုင်းရင်းသား လုပ်ငန်းရှင်များက လုပ်ငန်း ၇ ခု၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး ၄၆ ခု၊ စုစုပေါင်း ၆၄ ခုကို လုပ်ဆောင် ရန် ခွင့်ပြုထားကြောင်း သိရသည်။ ။