မြန်မာနိုင်ငံ အပြောင်းအလဲအတွက် အစိုးရကို ပြောင်းရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံကြီးတခုလုံး ပြောင်းလဲဖို့နဲ့ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်ကလည်း ပြောင်းလဲချိန်တန်ပြီ။ ပြောင်းလဲဖို့ ဘာလိုအပ်လဲဆိုတော့ ခပ်တိုတိုပြောရရင် စနစ်ကို ပြောင်းရမယ်။ အစိုးရကို ပြောင်းရမယ်” ဟု ယမန်နေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့၊ သန်လျင်မြို့နယ် ကျိုက်ဒေးယျုံ ဘုရားဝန်းအတွင်း ပြုလုပ်သည့် ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲတွင် ပြောကြားသည်။
သူက လူအများစုသည် နိုင်ငံအစိုးရကို ပြောင်းလဲပစ်ရမည်ဟူသည့် စကားကို ရာဇဝတ်မှု၊ မပြောသင့်သည့် စကားရပ်ဟု ယူဆကာ ပြောလေ့မရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် အစိုးရအား ပြောင်းလဲပစ်ရန် ဆောင်ရွက်ခြင်းသည် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများက အချိန်ပြည့် လုပ်ဆောင်နေကြသည့် ကိစ္စတရပ်ပင် ဖြစ်ကြောင်း ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးရန်၊ ပါတီကိုယ်စားလှယ်၊ နာမည်နှင့် မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ထက် ပါတီအလံကိုသာကြည့်၍ မဲပေးကြရန် သန်လျင်ပြည်သူလူထုသို့ ပြောဆိုခဲ့သည်။
“ပြည်သူတွေက ပါတီအလံကို ကြည့်ပြီး မဲပေးကြပါ။ နာမည်နဲ့ မျက်နှာကို ကြည့်မနေပါနဲ့တော့။ မဲပေးမှသာ ကျမတို့အစိုးရဟာ တမူကွဲပြားနေတယ် ဆိုတာကို သိရမှာဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
သန်လျင်မြို့နယ်တွင် ပြုလုပ်သည့် ဟောပြောပွဲသို့ ဒေသခံ ၁ ထောင်ခန့် လာရောက်ခဲ့ကြသည်။
“NLD ပါတီ ကို မဲပေးဖို့အသင့်ပဲ။ ဒီနေ့လာပြီး နားထောင်ရကျိုးနပ်တယ်။ လာမယ့် ရွေးကောက်ပွဲအပြီးမှာ ဖြစ်လာမယ့် အပြောင်းအလဲကလည်း ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မှန်မှန်ကန်ကန်နဲ့ လုပ်မယ်ဆိုရင်ပေါ့” ဟု သန်လျင်မြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွင်း NLD မှ ကိုယ်စားလှယ် ၁၁၅၁ ဦး က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် NLD ပါတီ နာယက ဦးတင်ဦးက ဥက္ကဋ္ဌ တာဝန်ယူကာ ဆောင်ရွက်နေကြောင်း၊ မဲဆွယ်စည်းရုံးမှုနှင့် အသိပညာပေး သင်တန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တွင်လည်း ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ကာ လူထုနှင့် တွေ့ဆုံများ ပြုလုပ်ခဲ့သည်။