တောင်- မြောက် ကိုရီးယား နှစ်နိုင်ငံ အကြားတင်းမာမှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူရန် မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံတမန် အန်မြောင်ဟွမ်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ရန်စမှုတွေကြောင် ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်မယ့် အခြေကို စိုက်နေတယ်၊ ဒါဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်၊ တောင်ကိုရီးယားဘက် ပစ်ခတ်မှုနဲ့ အသံချဲ့စက်နဲ့ ဝါဒဖြန့်တာတွေကို ရပ်တန့်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစီအစဉ်မှာ ထည့်သွင်းဆွေးနွေးဖို့ ပြောပါတယ်။
ဒါအပြင် မြောက်ကိုရီးယားဘက်က စတင်ပစ်ခဲ့တာမဟုတ်ပဲ၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က သူတို့ ပြုလုပ်နေကြအတိုင်း စွပ်စွဲတာသာဖြစ်တယ်လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပုံမှန်နှစ်စဉ် ပြုလုပ်နေကျ Ulchi Freedom Guardian (UFG) စစ်ရေးလေ့ကျင်မှုကို စတင်ခဲ့ပြီးနောက် ကြာသာပတေးနေ့မှာ မြောက်ကိုရီးနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၅နှစ်အတွင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် နှစ်ဖက်ပစ်ခတ်ခြင်းဖြစ်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကတော့ သူ့ရဲ့ မြောက်ကိုရီးယား စစ်တပ်ကို စစ်ဖြစ်နေတဲ့ အနေအထားအတိုင်းရှိဖို့ တပ်လှန့်လိုက်ပြီး၊ အသံချဲ့စက်သုံးကာ တောင်ကိုရီးယားရဲ့ နယ်စပ်ဖြတ်ကျော် ဝါဒဖြန့်နေတဲ့ တောင်ကိုရီးယားရဲ့ လုပ်ရပ်ကိုလည်း ရပ်တန့်ဖို့ မရပ်ရင် ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးလိုက်ပါတယ်။