အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအား သဘာဝရေဝေရေလဲ လုပ်နိုင်မည့် သုံးပန်လှအင်းအဖြစ် ထားရှိနိုင်ရန် လာမည့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အင်းလေလံပေးတော့မည် မဟုတ်သဖြင့် ငါးဖမ်းခွင့် ရရှိတော့မည် မဟုတ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက ပြောသည်။
သြဂုတ် ၂၁ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အမရ ပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က တောင်သမန်အင်းကို သုံးပန်လှအင်းအဖြစ် ဆောင်ရွက်ရေးမေးမြန်းချက်အပေါ် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီး ဦးအောင်မောင်းက“ပညာရှင်တွေရဲ့ စိစစ်ချက်အရ တောင်သမန်အင်းကို ရေသန့် ရေချိုကန်အဖြစ် ဆောင်ရွက်ရင် ပနံရမယ်ဆိုတဲ့အတွက် ငါးထုတ်လုပ်မှုအင်းအဖြစ် လုပ်ကိုင်နေတဲ့ တောင်သမန်အင်းကို လာမယ့်ဘဏ္ဍာနှစ်က စပြီး အင်း လေလံပေးမှာ မဟုတ်တော့သလို စက်မှုဇုန်က ရေဆိုးတွေ အင်းထဲကို မဝင်နိုင်အောင်လည်း ဆောင်ရွက်ထားပြီး ဖြစ်ပါ တယ်” ဟု ဆိုသည်။
နှစ်သက်တမ်း ၁၆၀ ကျော်ပြီဖြစ်သော ဦးပိန်တံတားနှင့် တွဲလျက်ဖြစ်သော တောင်သမန်အင်းကို ၁၉၈၈ ခုနှစ် နောက်ပိုင်း မှ စတင်ကာ အင်းလေလံ ချထားပေးခဲ့ပြီး လက်ရှိတွင်လည်း ငါးမွေးမြူသည့် ကန်အဖြစ် လုပ်ကိုင်လျက်ရှိသည်။ အင်းလေ လံလုပ်ပိုင်ခွင့်အား မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက စိစစ်ချထားပေးလျက်ရှိကြောင်း ၎င်းကော်မတီမှ သိရသည်။
တောင်သမန်အင်းမှ ငါးပိဿာချိန် တနှစ်လျှင် ပျမ်းမျှ ရှစ်သောင်းခန့် ဖမ်းယူရရှိပြီး လက်ရှိ တောင်သမန်အင်းလေလံ ရရှိ ထားသည့်ကုမ္ပဏီမှာ ဦးချစ်ခိုင်ကုမ္ပဏီဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်ကာ တနှစ်လျှင် ငွေကျပ် သိန်းငါးထောင်ဖြင့် သုံးနှစ်လေလံအောင်ထားသည့် ကုမ္ပဏီ ဖြစ်သည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ဦးချစ်ခိုင်က“ကျနော်တို့ လုပ်ပိုင်ခွင့်ရခြင်း၊ မရခြင်းကို မပြောဘူး၊ ကျနော့်အင်း လုပ်ပိုင်ခွင့် လေလံ သက်တမ်း တနှစ်ကျန်သေးတယ်။ အင်းထဲမှာ မွေးမြူရေးလုပ်နေတာဆိုတော့ အင်းလေလံပိတ်လိုက်ရင် ဈေးကွက် တခု ကိုတော့ ထိခိုက်စေမယ်။ ဒါပေမယ့် သူတို့က တောင်သမန်အင်းရဲ့ပြဿနာကို ရေတိုနည်းနဲ့ ဖြေရှင်းတယ်လို့ မြင်တယ်” ဟု ပြောသည်။
နှစ်ကာလကြာ အင်းရေဝင်ရေထွက်ပိတ်ကာ ငါးများ မွေးမြူခြင်း၊ အင်းအတွင်းသို့ စက်မှုဇုန်မှ ရေဆိုးများ ဝင်ရောက်ခြင်း တို့ ကြောင့် အင်းထဲက ငါးအကောင်ရေများစွာ မကြာခဏ သေဆုံးခြင်း၊ အင်းပတ်ဝန်းကျင်တွင် အနံ့အသက် မကောင်းခြင်း တို့ဖြစ်ပေါ်ပြီး ဦးပိန်တံတား၏ ကြံ့ခိုင်မှုကိုပါ ထိခိုက်လာသောကြောင့် ယခုကဲ့သို့ စီမံဆောင်ရွက်ခြင်းဖြစ်သည်ဟု အထက်ပါ ကော်မတီက ဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၅ ဧပြီမှ စတင်ကာ စက်မှုဇုန်မှ ရေဆိုးထွက်ရှိသည့် စက်ရုံများ သည် ရေဆိုးသန့်စင်စက်ရုံ ပူးတွဲမတည်ဆောက်ပါက စက်ရုံလည်ပတ်ခွင့်မပြုဟု သတ်မှတ် ထုတ်ပြန်ထားသည်။ တောင် သမန် အင်းသို့ ရေဆိုးထွက်သည့်စက်ရုံ စုစုပေါင်း ၂၀ ကျော်ခန့်ရှိကြောင်း ယင်းကော်မတီ သန့်ရှင်းရေးဌာနက ပြောသည်။
သြဂုတ်လမှ စတင်ကာ ဦးပိန်တံတားရှေးမူမပျက် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအား နိုင်ငံတော်သမ္မတ ရန်ပုံငွေဖြင့် စတင် ဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ ရာသီဥတု အခြေအနေကြောင့် တောင်သမန်အင်းအတွင်း ရေများပြည့်လျှံနေသော ကြောင့် တံတားပြုပြင်ရေး လုပ်ငန်းများအား ခေတ္တဆိုင်းငံ့ထားကြောင်း ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးကဏ္ဍအား တာဝန်ယူထားသည့် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။