တနိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ထိုးပြီးလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ လက်နက် ဖျက်သိမ်း ရမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ရာ ယင်းပြော ဆိုချက်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပေါ်သို့ ဂယက်ရိုက် ခတ်သွားပြီး နှစ်ဖက်ယုံကြည်မှု ယုံကြည်လျော့ကျ စေသည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုလိုက်သည်။
သြဂုတ်လ ၁၉ ရက်နေ့ ဗြိတိန်သံအမတ်ကြီး Mr.Andrew Silas Patrick နှင့် ကာချုပ်မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က“NCA လက်မှတ် ရေးထိုးပြီးပါက DDR ၊ SSR လုပ်ငန်းစဉ်များကို မဖြစ်မနေ ညှိနှိုင်း ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းကို လက်ခံသည်ဆိုပြီး လက်နက်ကိုင် လမ်းစဉ်ကို မစွန့် လွှတ်၍ မဖြစ်နိုင်”ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ကာချုပ်မင်းအောင်လှိုင်၏ ပြောဆိုချက်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပ လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုပါ ရိုက်ခတ်မှု ရှိခဲ့ပြီး ကာချုပ်မင်းအောင်လှိုင်၏ ပြောဆိုချက်ကိုပါ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက“ရိုက်ခတ်မှုတော့ ရှိတာပေါ့ဗျာ။ ယုံကြည်မှုတွေ ပိုပြီးတော့ လျော့ကျ သွားတာပေါ့”ဟု သြဂုတ်လ ၂၁ ရက်နေ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြော သည်။
ကာချုပ်မင်းအောင်လှိုင်၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး လက်ရှိ ကျင်းပနေသည့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး “အထွေထွေ” အခန်းကဏ္ဍတွင် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား နောက်ဆုံး ဆွေးနွေးခဲ့သည့် ၉ ကြိမ်မြောက် အစည်းအဝေးအထိ တိုင်းရင်းသား အဖွဲ့များအနေဖြင့် လက်နက် ဖျက်သိမ်းရေး ကို လက်မခံကြောင်း၊ နယ်မြေ အလိုက် ပြည်နယ် လုံခြုံရေးတပ်များ အနေဖြင့် တပ်မတော် လက်အောက်တွင် ထားရှိရေး တောင်းဆိုထားသည်ဟု ဆိုသည်။
နိုင်ဟံသာက“နိုင်ငံတခုမှာ တပ်မတော်တခုတည်း ရှိရမယ်ဆိုတဲ့မူကို လက်မခံတာ မဟုတ်ဘူးဗျ။ ဒါပေမယ့် ဘယ်လို ဖွဲ့စည်းမလဲ။ အဲဒါမျိုးကို ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေက လက်ခံနေပါလျက်နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ လက်နက် ကိုင် တပ်တွေကို အားလုံး ဖျက်သိမ်းမယ်။ လက်နက်တွေကို ဖျက်သိမ်းမယ်ဆိုရင်တော့ ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါတော့ အသေ အချာပါပဲ”ဟု ပြောသည်။
သြဂုတ်လအတွင်း ရန်ကုန်မြိ့၌ ပြုလုပ်ခဲ့သော ၉ ကြိမ်မြောက် ဆွေးနွေးပွဲတွင် NCA စာချုပ်ပါ အချက်ပေါင်း ၃၃ ရှိသည့် အနက် ၃၂ ချက်သဘောတူခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ အားလုံး ပါဝင် လက်မှတ်ရေး ထိုးရေး အချက်ကို သဘောတူညီမှု မရရှိခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
ချင်းမိုင်မြို့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ခေါင်းဆောင်အများစုက NCA လက်မှတ် ထိုး ရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အားလုံးပါဝင်နိုင်ရေး သဘောထားပေးကြကြောင်း နိုင်ဟံသာက ပြောသည်။
အစိုးရက NCA လက်မှတ်ထိုးရန် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ထိုးရန် ဖိတ်ခေါ်ထားပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့် တပ်မတော် (AA)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) အဖွဲ့ ၆ ဖွဲ့ကို အကြောင်းအမျိုးမျိုးပြ၍ ကန့်သတ်ထားကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ငြိမ်းချမ်းရေး သီးခြား ကမ်းလှမ်းခဲ့ပြီးနောက် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA)နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ(KPC ) တို့က လက်မှတ် ရေးထိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ၄ ဖွဲ့၏ ထုတ်ပြန်ချက်သည် ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် ရိုက်ခတ်မှုရှိခဲ့သကဲ့သို့ အထူးသဖြင့် အစိုးရက ချန်ထားရန် ကန့်သတ်ခံနေရသည့် အဖွဲ့များအပေါ်တွင်လည်း ရိုက်ခတ်မှုရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့က ပြောသည်။