ကိုရီးယား ကျွန်းဆွယ် တင်းမာမှုဖြစ်ပွားနေချိန်တွင် အမေရိကန်နိုင်ငံက သူရဲ့ B – 52 အမျိုးအစား မဟာဗျူဟာ မြောက်ဗုံးကြဲ လေယာဉ်များကို တောင်ကိုရီးယားနိုင်ငံတွင် ဖြန့်ချထားရန် အသင့်ဖြစ်နေပြီလို့ ဆိုကြောင်း တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်က ဆိုပါတယ်။ အဲဒီအတွက် အမေရိကန်နဲ့ တောင်ကိုရီးယား ၂နိုင်ငံ ဆွေးနွေးနေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ကင်မင်ဆု ကပြောတယ်လို့ သိရပါတယ်။ အလားတူ နြူကလီးယား စွမ်းအင်သုံး အမေရိကန် ရေငုတ်သင်္ဘောဟာလည်း ဂျပန်နိုင်ငံ ယိုကို ဟားမား ဆိပ်ကမ်းကို မကြာခင်ရောက်မယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပုံမှန်နှစ်စဉ် ပြုလုပ်နေကျ Ulchi Freedom Guardian (UFG) စစ်ရေးလေ့ကျင်မှုကို စတင်ခဲ့ပြီးနောက် ကြာသာပတေးနေ့မှာ မြောက်ကိုရီးနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၅နှစ်အတွင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် နှစ်ဖက်ပစ်ခတ်ခြင်းဖြစ်ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကတော့ သူ့ရဲ့ မြောက်ကိုရီးယား စစ်တပ်ကို စစ်ဖြစ်နေတဲ့ အနေအထားအတိုင်းရှိဖို့ တပ်လှန့်လိုက်ပြီး၊ အသံချဲ့စက်သုံးကာ တောင်ကိုရီးယားရဲ့ နယ်စပ်ဖြတ်ကျော် ဝါဒဖြန့်နေတဲ့ တောင်ကိုရီးယားရဲ့ လုပ်ရပ်ကိုလည်း ရပ်တန့်ဖို့ မရပ်ရင် ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးလိုက်သလို မြောက်ကိုရီးယား အမြောက်တပ်တွေကိုလည်း စစ်မဲ့ဇုန်အနီးမှာ တိုးချထားလိုက်သလို ရေငုတ်သင်္ဘောများကိုလည်း ပင်လယ်ပြင်မှာ ဖြန့်ချထားတယ်လို့ ယွန်ဟပ်သတင်းက ဆိုပါတယ်။
ယနေ့မှာတော့ တောင်ကိုရီးယားသမ္မတ Park Geun-hye ကတော့ တောင်ကိုရီးယား ဘက်က ဝါဒဖြန့်တာတွေ ကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြောင်းသိရပါတယ်။