အနုပညာနဲ့ပတ်သက်လို့ သူ့လက်နဲ့ထိရင်ရွှေလို့ တင်စားကြတဲ့အထိ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ကြည့်ရှုသူ ပရိသတ်တွေ ရင်ထဲမှာ နှစ်ပေါင်းများစွာ ကျန်ရစ်စေခဲ့တဲ့ မန္တလေးသား ဒါရိုက်တာ မောင်တင်ဦးဟာ သြဂုတ်၂၄ ရက်နေ့ မနက် ၉ နာရီက မန္တလေးမြို့ ကျွဲဆည်ကန်ရပ် ၁၁ လမ်း လမ်းသွယ်၂၊ ကျွဲဆည်ကန်လမ်း နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဒါရိုက်တာမောင်တင်ဦးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး အသည်းခြောက် ရောဂါနဲ့ကွယ်လွန်ခဲ့တာ ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်တင်တင်အေးက ပြောပြပါတယ်။
“သူက နေမကောင်းဖြစ်တော့ ကျန်းမာရေးကြောင့် အလုပ်တွေ နားထားတာကြာပြီ၊ ဆေးကုနေတယ်။ အခု သေဆုံးခါနီး အထိလည်း ဘာမှတော့သူ ပြောမသွားနိုင်ပါဘူး။ အခု ကျန်ခဲ့တာက ကျမရယ်၊ သမီးသုံးယောက်နဲ့ပါ။ သမီးသုံးယောက်မှာ နှစ်ယောက်က အိမ်ထောင်ကျသွားတော့ သမီးအလတ်က ကျမတို့နဲ့ တူတူနေတယ်” လို့ ဒါရိုက်တာ မောင်တင်ဦးရဲ့ ဇနီးဖြစ်သူက ဧရာဝတီကို ပြောပြပါတယ်။
ဒါရိုက်တာ မောင်တင်ဦးကို တိုင်းချစ်သခင်သိန်းဖေ၊ ဒေါ်မြမြ (စာရေးဆရာမကြီးနဲ့ တိုင်းချစ် ကျောင်းအုပ် ဆရာမကြီးတို့က ၁၉၄၂၊ ဖေဖော်ဝါရီ ၂၁ ရက်မှာ မန္တလေးမြို့ မှာမွေးဖွားခဲ့ပြီး ငယ်နာမည် ကိုပါဖြစ်ပါတယ်၊ သူ့ကို အပါ လို့လည်း ခေါ်ကြပြီး မန္တလေးတက္ကသိုလ်မှာ ရူပဗေဒ ဘာသာရပ် ပထမနှစ်အထိ ပညာသင်ကြားခဲ့ပါတယ်။ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်းရဲ့ အစ်ကိုလည်း ဖြစ်တဲ့ ဒါရိုက်တာ မောင်တင်ဦးဟာ ရုပ်ရှင် ဒါရိုက်တာကြီး ရှုမဝဦးကျော်ဆီမှာ ရုပ်ရှင်ပညာကို သုံးနှစ်တိတိ စာတွေ့၊ လက်တွေ့ သင်ကြားခဲ့ပြီး ၁၉၇၂ ခုနှစ်မှာ ဒါရိုက်တာ အဖြစ်ရိုက်ကူးတဲ့ နေထွက်သောည ဇာတ်ကားနဲ့ ဒါရိုက်တာဆု၊ အဲဒီနောက်မှာတော့ ၁၉၇၈ ခုနှစ်မှာ တစ်ခါက တစ်ဘဝဇာတ်ကားနဲ့ ဒါရိုက်တာဆု၊ ၁၉၈၅ ခုနှစ်မှာတော့ သင်္ကြန်မိုး ဂန္တဝင် ဆေးရောင်စုံ ဇာတ်ကားကြီးနဲ့ ဒါရိုက်တာဆု၊ ၁၉၉၅ ခုနှစ်မှာ တိုက်ပွဲခေါ်သံ ဆေးရောင်စုံ ဇာတ်ကားနဲ့ ဒါရိုက်တာဆု၊ ၂၀၁၁ ခုနှစ်မှာ နှလုံးလှလူမိုက် ဆေးရောင်စုံဇာတ်ကားနဲ့ ဒါရိုက်တာဆု၊ စုစုပေါင်း အကယ်ဒမီ ငါးဆုကို ရရှိထားသူ ဖြစ်ပါတယ်။ အနုပညာ လောကမှာတော့ ပါပါကြီးလို့ အများက ခေါ်ဝေါ်ကြတဲ့ ဒါရိုက်တာ မောင်တင်ဦးဟာ မန္တလေးမြို့မှာ အနုပညာနှလုံးအိမ် ရုပ်ရှင် သင်တန်းကို ဖွင့်လှစ်ပြီး သရုပ်ဆောင်သစ်များစွာကို မွေးထုတ်ပေးခဲ့ပါတယ်။ ဒါရိုက်တာမောင်တင်ဦးဟာ ရုပ်ရှင်ကားကြီး ၁၀၀ ကျော်နဲ့ ဗီဒီယိုကား ဆယ်ကားနီးပါး ရိုက်ကူးခဲ့ပါ ဖြစ်ပါတယ်။
ဒါရိုက်တာ မောင်တင်ဦးလိုပဲ မန္တလေးသားလည်းဖြစ်၊ စာရေးဆရာ ဒါရိုက်တာ တဦးလည်း ဖြစ်တဲ့ မောင်မိုးသူက “မောင်တင်ဦးက မြန်မာဒါရိုက်တာ ထဲမှာတော့ ကျနော်တို့ထက် ငယ်ပေမယ့် တော်တော်ထူးချွန်တဲ့ ဒါရိုက်တာ တယောက်ဆိုတာ ထင်ရှားပါတယ်။ သူရိုက်ခဲ့တဲ့ ကားတွေကလည်း အရမ်းကိုကောင်းပြီးတော့ အကယ်ဒမီတွေလည်း အများကြီး ရခဲ့သူတယောက်ပါ။ သူရိုက်ခဲ့တဲ့ကားတိုင်းက သရုပ်ဆောင် မင်းသား၊ မင်းသမီး ကင်မရာမင်းတွေက အစ အကယ်ဒမီရအောင် စွမ်းဆောင်နိုင်သူပါ။ နောက်ပိုင်း သူရုပ်ရှင် သိပ်မရိုက်တော့၊ သရုပ်ဆောင် သင်တန်းတွေ ဖွင့်တော့ ကျနော် သွားသွားပြီး ပြောပေးပါသေးတယ်။ သူနဲ့က ညီအစ်ကိုလိုဖြစ်နေတာပါ။ ညီအစ်ကို နှစ်ယောက် စလုံးနဲ့ ကျနော်နဲ့ ပတ်သက်ပါတယ်။ ကျနော်တို့ မန္တလေးသားအချင်းချင်း အတူတူပါပဲ၊ ကိုတာနဲ့ကိုပါဆိုတာ သူတို့ ညီအစ်ကို နှစ်ယောက်ပေါ့။ ရုပ်ရှင်လောကကို သူက ရှုမဝက ရိုက်တဲ့ စေလိုရာစေ ဆိုတဲ့ ဇာတ်ကားနဲ့ ဝင်လာတာလေ။ ကျနော်က သူတို့နှစ်ယောက်ကို အမြဲပြောတယ်။ မင်းတို့နှစ်ယောက်က သိပ်သဘောကောင်းတာပဲလို့၊ ဒါပေမယ့် ပြန်မပြော နားမထောင်တဲ့ နှစ်ယောက်လို့။ ဒါရိုက်တာ ဦးသုခပြီးရင် အကယ်ဒမီတွေ အများဆုံးရတဲ့သူက သူပဲလို့ ထင်ပါတယ်။ သူ့ရဲ့ အရည်အချင်းက တော်တဲ့ သူတွေဆီက အဲဒီသူရဲ့ တော်တဲ့ အရည်အချင်းကို နှိုက်ထုတ်နိုင်တဲ့ သူတယောက်ပါ။ သရုပ်ဆောင်လည်း သရုပ်ဆောင်အလျောက်၊ ကင်မရာမင်းလည်း ကင်မရာမင်းအလျောက် အဲဒီလို စွမ်းတဲ့သူ တယောက်လို့ ကျနော်က သတ်မှတ်ပါတယ်။ သူ့ရဲ့ အေကောင်းဆုံးကားက ရီမြင့် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ သင်္ကြန်မိုးလေ။ နောက်ထပ်ကားတွေလည်း အများကြီး ရှိပါတယ်။ အောင်မြင်သွားတဲ့ သရုပ်ဆောင်တွေ အကုန်လုံးနီးပါးကလည်း သူ့လက်ထွက်တွေပါပဲ။ အခုဆုံးသွားပြီကြားတော့ စိတ်မကောင်းဖြစ်ရပါတယ်” လို့ ပြောပါတယ်။
ဒါအပြင့် အနုပညာရှင်တွေထဲမှာလည်း ဒါရိုက်တာမောင်တင်ဦးရဲ့ တပည့်ရင်းလည်းဖြစ် သင်္ကြန်မိုးဇာတ်ကားနဲ့ အနုပညာလောကထဲမှာ ယနေ့ထက်တိုင် နေရာတနေရာ ခိုင်မာစွာရပ်တည်ထားတဲ့ သရုပ်ဆောင် မေသန်းနုကလည်း ဒါရိုက်တာ မောင်တင်ဦးလို ပညာရှင်တယောက် ကွယ်လွန်သွားတာဟာ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု တခုလို့ ဆိုပါတယ်။
“ပါပါကြီးကတော့ မဆင့်ရဲ့ ဆရာ အရင်းခေါက်ခေါက်ပေါ့၊ ပထမဦးဆုံး လက်ဦးဆရာလည်း ဖြစ်တယ်၊ အခုလို ဆုံးသွားပြီကြားရတော့ စိတ်လည်းမကောင်းဘူး။ ဒီလိုပညာရှင်တယောက် ဆုံးသွားတာဟာ အစားထိုးလို့လည်း မရဘူးလေ။ သူတဦးပဲ ရှိတာလေ။ သူက ပါရမီရှင်ပဲလေ။ သင်္ကြန်မိုးဇာတ်ကားကတော့ ပြနေတဲ့ အချိန်တွေမှာ အခု ပါပါကြီး မရှိတော့လည်း သူ့ကို အမြဲ သတိရနေစေမယ့် ဇာတ်ကားပဲပေါ့။ လူသေပေမယ့် သူနာမည်ကတော့ ရှင်သန် နေဦးမှာပဲလေ။ သင်္ကြန်မိုးကားကလည်း အခု အနှစ်သုံးဆယ်ကျော် ကြာတာတောင် ရှင်သန်နေတုန်းပဲလေ။ သင်္ကြန်မိုး ဇာတ်ကားကတော့ မဆင့်အတွက် အမှတ်တရတွေ အများကြီး ဖြစ်ခဲ့တဲ့ ကားပါပဲ။ နောက်ပြီး ဒါရိုက်တာတိုင်းက မသင်တတ်ဘူး၊ တချို့ သင်တတ်တယ်၊ တချို့ မသင်တတ်ဘူးလေ။ ပါပါကြီးကျတော့ တကယ်သင်တတ်တာ။ လူတယောက်ရဲ့ အားနည်းချက်၊ အားသာချက်၊ လူတယောက်မှာ ဘာရှိလဲဆိုတာ သူက အကုန်ထုတ်တတ်တာ။ အကုန်ညှစ်ထုတ်ပြီးမှ သူက အသုံးချတာ။ အဲဒီလူမှာ ဘာလိုလဲ၊ ပြီးမှ ထပ်ဖြည့်တတ်တာ။ အခြေခံဘာမှ မတတ်တဲ့သူ တောင်မှ တတ်သွားစေရမယ်။ အဲဒီလိုလူပါ။ အနုပညာမှာ သူက မှော်ပါပဲ အကုန်စွမ်းတဲ့သူလို့ မဆင့်က တင်စားချင် ပါတယ်။ အခု မဆင့်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ မမို့ (မို့မို့မြင့်အောင်) ရယ် ၂၇ ရက်နေ့ မနက်ကို မန္တလေးကို လိုက်သွား မှာပါ” လို့ မေသန်းနုက ဧရာဝတီကို ပြောပြပါတယ်။
ဒါရိုက်တာ မောင်တင်ဦး ကွယ်လွန်သွားတာဟာ ရုပ်ရှင်လောကအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု တခုဖြစ်ပြီး ဒါရိုက်တာ မောင်တင်ဦးရဲ့ ဈာပနကို တပည့်များဖြစ်တဲ့ အနုပညာရှင်များစွာက မန္တလေးအထိ သွားရောက်ကြပြီး လိုက်ပါပို့ဆောင် ပေးကြမယ်လို့ သိရပါတယ်။ သြဂုတ် ၂၇ ရက်နေ့ မန္တလေး တောင်အင်း မြောက်အင်း သုဿန်မှာ ညနေ သုံးနာရီ အချိန် ဒါရိုက်တာ မောင်တင်ဦးရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။