ကချင်ပြည်နယ် မိုးကောင်း-ဖားကန့် လမ်းပေါ်ရှိ နမ့်တိန်ကျေးရွာ အနီးတွင် သြဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ယာဉ်ကြော ပိတ် ဆို့ရာမှ တပ်မတော်သားတဦးနှင့် အရပ်သား ကားသမားတဦး အချင်းများပြီး အရပ်သား ကားသမား သေနတ်ကျည်ဆန် ထိမှန်၍ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်ကြောပိတ်နေသည့်အတွက် လုံခြုံရေးယူထားသည့် အစိုးရ တပ်မတော်က လမ်းကြောင်းရှင်းပေးရာ၌ ကားတစီး ကျော်တက်သဖြင့် တပ်မတော်သားတဦးနှင့် အရပ်သားတဦးတို့ စကားများကြကြောင်း၊ စကားများကြရာမှ တပ်သားက သေနတ် ဆွဲထုတ်စဉ် ကျည်ဆန်ထွက်သွားပြီး အရပ်သားကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လုံခင်းမြို့ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ဧရာဝတီ ကို ပြောသည်။
“တပ်မတော်သားကို ပေါ့ဆမှု၊ လူသေမှု ပြစ်မှု ၃၀၄(က) နဲ့ မနေ့က အမှုဖွင့်ထားပါတယ်။ အခုတော့ လုံးခင်း ရဲစခန်းမှာ ကားလမ်း ပေါ်မှာရှိတဲ့ ကားသမားတွေနဲ့ တပ်ကလူတွေကို ခေါ်ပြီး စစ်ဆေးနေပါတယ်”ဟု အဆိုပါ တာဝန်ကျ ရဲအရာရှိက ပြောပြသည်။
သေဆုံးသူ၏ဆွေမျိုးတော်စပ်သူ ကိုလွင်မောင်မောင်ကမူ သေဆုံးသွားသည့် အသက် ၂၂ နှစ်အရွယ်ရှိ ကားသမား ကိုရတနာထွန်း ကို ခြေမြန်တပ်ရင်း (၄၂၁)မှ ဒုတပ်ကြပ်က လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ကားသမား ကိုရတနာထွန်းက ဒေါသထွက်ပြီးရန်ပြုရန် ကြိုးပမ်းစဉ် ထိုဒုတပ်ကြပ်က သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ထိုအမှု ဖြစ်စဉ်ကို မျက်မြင်ကိုယ်တိုင် တွေ့ရှိခဲ့ကြသည့် ကား သမားများက ပြောဆိုကြကြောင်း ပြောသည်။
“ကျနော်တို့ဆီက မျက်မြင်သက်သေ ကားမောင်းသူ တဦးနဲ့ စပါယ်ရာ(ယာဉ်နောက်လိုက်) တဦးကို အခုထိ ရဲက မလွှတ်ပေးသေး ဘူး။ သတင်းကို အပြင်ပေါက်ကြားမှာစိုးလို့ လုံးခင်းရဲစခန်းမှာ ဖမ်းထားတယ်လို့ ကြားပါတယ်”ဟု ၎င်းက ဧရာဝတီကို ပြောပြသည်။
သေဆုံးသွားသည့် ကားသမားကို ယနေ့ လုံခင်း၌ သင်္ဂြိုဟ်မည်ဖြစ်ပြီး ထိုအမှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ် ကြောင်း၊ သေနတ်ပစ်ခံရသည့် ပုံများကိုရိုက်ယူထားသည့် ဖုန်းများကိုလည်း ရဲများက သိမ်းဆည်းထားကြောင်း၊ ထိုလမ်းကိုအသုံးပြု နေသည့် ကားသမားများကလည်း ထိုကဲ့သို့ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်းလည်း ကိုလွင်မောင်မောင်က ဆက်ပြော သည်။
ထိုအမှုနှင့်ပတ်သက်ပြီး မိုးကောင်း-ဖားကန့်လမ်းသို့ ပြေးဆွဲနေသည့် ကားသမားတဦးက “တပ်နဲ့အရပ်သား ရန်ဖြစ်တာ ဒီလောက် ထိ မလုပ်သင့်ဘူး။ ကိုယ်ခန္ဓာမှာ ပစ်ဖို့နေရာ အများကြီးရှိပါတယ်။ လက်တွေ ပေါင်တွေကို ပစ်လို့ရပါတယ်။ ဒါတွေက ပြန်ကုလို့ ရ တယ်။ သေနတ်တွေနဲ့လည်း ထုလို့ရတယ်။ ဒီလိုပစ်ခတ်မှုကတော့ မလုပ်သင့်ပါဘူး”ဟု ပြောဆိုသည်။