မြေပြိုမှုများ ဖြစ်ပွားခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၏ မြေနေရာ အနေအထားကို ဘူမိဗေဒပညာရှင်များနှင့် အစိုးရ တာဝန်ရှိသူများက လေ့လာနေပြီ ဖြစ်ကြောင်းနှင့် ထို လေ့လာတွေ့ရှိချက်များကို လာမည့်စက်တင်ဘာလတွင် အသေးစိတ် ထုတ်ပြန်ပေးသွားမည် ဟု ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။
“မြို့လုံးကျွတ် ပြောင်းရွှေ့စရာ မလိုပါဘူး။ အဆိုးဆုံး ဖြစ်သွားတဲ့ မြို့ဟောင်းရပ်ကွက်နဲ့ နောက်ရပ်ကွက် တခုကို နီးစပ်ရာ နေရာ တခု သို့ အမြန်ဆုံး ပြောင်းရွှေ့ နေရာချပေးသင့်ပါတယ်။ မိုးတွင်းဆိုတော့ ဒုက္ခသည်တွေရဲ့ နေထိုင်ရေး အရမ်းအခက်အခဲတွေ ဖြစ် နေတယ်”ဟု ချင်း အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ဧရာဝတီကို ပြောသည်။
အစိုးရက မြေပြိုမှုများကြောင့် ဒုက္ခရောက်နေသည့် ဟားခါးမြို့ ဒေသခံများ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း၊ ဒုက္ခသည် အများစုသည် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၌ ခိုလှုံနေရသဖြင့် ရေရှည်တွင် ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး မပျက်စီးကြောင်းနှင့် အစိုးရအနေဖြင့် မလိုအပ်ဘဲ မြို့လုံးကျွတ် ပြောင်းရွှေ့မည်ဆိုပါက မြို့ခံ များကလည်း ကန့်ကွက်သွားမည်ဟု ဟားခါးမြို့ခံ တချို့ကလည်း ဧရာဝတီကို ပြောသည်။
ဟားခါးမြို့တွင် ရပ်ကွက် ၆ ခု ရှိပြီး မြေပြိုမှုများကြောင့် မြို့ဟောင်း၊ ဈေးသစ်၊ ပြည်တော်သာ စသည့် ရပ်ကွက်များ၌ လူနေအိမ် အများအပြား ပျက်စီးသွားခဲ့သဖြင့် မြို့လုံးကျွတ် ပြောင်းရွှေ့ရမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း ၎င်းတို့က ပြော သည်။
ထို့အပြင် ဒုက္ခသည်များအား ကူညီထောက်ပံ့ပေးရာတွင် ဘာသာရေးအရ ခွဲခြားဆက်ဆံမှုများရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတ ကျောင်းများရှိ ဒုက္ခသည်များကို ဦးစားပေးပြီး၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများရှိ ဒုက္ခသည်များကို ထောက်ပံ့မှု နည်းပါးကြောင်းလည်း သိရသည်။
ဒေသခံ တဦးက“ပြည်နယ် အစိုးရအဖွဲ့က ဘုန်းကြီးကျောင်း တကျောင်းကို ကျပ် သိန်း ၂၀ လောက်လှူရင် ခရစ်ယာန် ကျောင်းတွေကို လေးငါးသိန်းလောက်ပဲ ပေးပါတယ်။ အများစု ပျက်စီးသွားတာက ခရစ်ယာန် ကျောင်းတွေ ဖြစ်ပြီးတော့ ဒုက္ခသည်တွေလည်း အများကြီး ခိုလှုံနေကြဆဲပါ”ဟု ပြောသည်။
နိုင်ငံတဝန်း ဖြစ်ပွားခဲ့သည့် ရေကြီးမှုများတွင် ဟားခါးမြို့သည် ပျက်စီးဆုံးရှုံးမှုများသော ဒေသတခုတွင် ပါဝင်သည်။ ဟားခါးမြို့ ပျက်စီးမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် ဒုက္ခသည်များထံ စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမည့် လူမှုအဖွဲ့အစည်းများက အလွယ်တကူ လာရောက်နိုင်ခြင်း မရှိကြကြောင်း ဦးဇိုဇမ်ကလည်း ပြောသည်။
“ကျနော်မြင်တာတော့ ဟားခါးမြို့မှာ ဘုန်းကြီးကျောင်းတွေထက် လူနေအိမ်တွေက ပိုပြီးပျက်စီးသွားတာ တွေ့ရတယ်။ အစိုးရ အနေနဲ့ ဒုက္ခရောက်နေသူ အားလုံးကို ကူညီသင့်တယ်။ ဟားခါးမှာ သောက်သုံးရေလည်း အရေးတကြီး လိုအပ်နေပါတယ်၊ ဒုက္ခသည်တွေကို ဒီအတိုင်း အကြာကြီး မထားသင့်ပါဘူး”ဟု ဦးဇိုဇမ်က ဆိုသည်။
လက်ရှိအချိန်အထိ ဟားခါးမြို့ပေါ်၌ ဒုက္ခသည် ထောင်ချီ ရှိနေပြီး၊ အစားအသောက်များ၊ ပြန်လည် ထူထောင်ရေး ပစ္စည်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။