ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင်လောင်း အဖြစ်မှ ပယ်ချလိုက်ခြင်းသည် ရခိုင်ပြည်နယ် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ပိုင်ခွင့်အတိုင်း စိစစ်၍ ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ စိစစ်တဲ့အခါမှာ ငြိစွန်းတာ တွေ့တဲ့အတွက် ကျနော်တို့ ပယ်ချခဲ့တာပါ။ ကျနော်တို့ အခု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စိစစ်တာ ဒီကိုယ်စားလှယ်လောင်းရဲ့ အရည်အချင်းကို စိစစ်တာပါ။ အရင်တုန်းက လွှတ်တော် ကိုယ်စားလှယ် ဖြစ်တယ်၊ မဖြစ်တယ် ဆိုတာ ကျနော်တို့ အလုပ်မဟုတ်ပါဘူး” ဟု ရခိုင်ပြည်နယ် မောင်တော ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဦးရွှေမောင်(ခ) ဦးအဒူရော်ဇာက်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်အနေဖြင့် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။
ယခု ကျင်းပမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးရွှေမောင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ နုတ်ထွက်ပြီး တသီးပုဂ္ဂလ အမတ်အဖြစ် ဘူးသီးတောင်မဲဆန္ဒနယ်မှ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် လောင်း အမည်စာရင်း လျှောက်ထားရာ မိဘနှစ်ပါးသည် ၎င်းမွေးဖွားချိန်တွင် နိုင်ငံသားမဟုတ် ဟူသော အချက်နှင့် ပယ်ချခံခဲ့ရကြောင်း စုံစမ်းသိရသည်။
“၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကျနော်ဝင်ပြိုင်ခဲ့တာ၊ ဒီမောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှာပဲ။ ကျနော်တို့ ပူးတွဲ စိစစ်ခဲ့တာလည်း မောင်တောခရိုင် လဝက ကပဲ။ အဲဒီကမှ အဆင့်ဆင့် စိစစ်ပြီးမှာ ကျနော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုလွှာ ထုတ်ပေးခဲ့တာပါ။ ကျနော် ဆိုလိုချင်တာက ကျနော်နဲ့ ကျနော့် မိဘနှစ်ပါးဟာ ၂၀၁၀ တုန်းကတည်းက နိုင်ငံသား မဟုတ်ခဲ့ဘူး။ ကျနော် မွေးဖွားစဉ်ကတည်းက မိဘနှစ်ပါးဟာ နိုင်ငံသား မဟုတ်ခဲ့ဘူးဆိုရင် ကျနော့်ကို ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုခဲ့မှာ မဟုတ်ပါဘူး။ အခုကျတော့မှ ငါးနှစ်တောင် မပြည့်သေးဘူး ဒီလိုလုပ်တယ်ဆိုတော့ ရှေ့နောက် မညီတာတွေ ရှိနေတာဟာ တစုံတခု ဒါမှမဟုတ် အဖွဲ့အစည်းတခုခုကတော့ ဥပဒေအပေါ်ကို ရောက်နေပြီလို့ပဲ ကျနော်မြင်ပါတယ်” ဟု ဦးရွှေမောင်က ပြောသည်။
ဦးရွှေမောင်ကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ် အသိအမှတ် ပြုခဲ့ခြင်းသည်လည်း ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအတိုင်း ဖြစ်ပြီး ယခု ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအတိုင်း စိစစ်ပြီး ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။
သို့သော် တူညီမှု မရှိသည့်အချက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ၂၀၁၅ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ ကွဲပြားသွားခြင်း ဖြစ်သည်။
“၂၀၁၀ တုန်းက ဘယ်အခြေအနေ ရှိနေသလဲဆိုတာ ကျနော် ပြောလို့ မရဘူးလေ။ ၂၀၁၀ တုန်းက အခြေအနေက တမျိုး ဖြစ်ကောင်းဖြစ်မှာပေါ့။ ၂၀၁၅ ရဲ့ အခြေအနေက တမျိုး ဖြစ်ကောင်း ဖြစ်မှာပေါ့။ ဒါကြောင့် ၂၀၁၀ က အကြောင်းကို ကျနော်တို့ ဘာမှ ပြောစရာ မရှိပါဘူး။ အခု ကျနော်တို့ ဆောင်ရွက်နေတဲ့ ၂၀၁၅ အခြေအနေကိုပဲ ပြောပါမယ်” ဟု ခရိုင် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်က ဆိုသည်။
ဦးရွှေမောင်ကို ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ချခဲ့သည်ဟု အကြောင်းကြားစာပါ ဖော်ပြချက်တွင် ဦးရွှေမောင်နှင့် အတူ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ဦးအောင်သောင်းရွှေ၏ ကန့်ကွက်ချက်အပေါ် မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဦးရွှေမောင်က ဆိုသည်။
၎င်းပြင် ဦးအောင်သောင်းရွှေ၏ ကန့်ကွက်ချက်အပေါ် မောင်တောခရိုင် လဝက အဖွဲ့က ထောက်ခံခဲ့သည်ကို တွေ့ရသည်ဟုလည်း ဦးရွှေမောင် ပြောသည်။
ထို့ကြောင့် ဦးရွှေမောင်အနေဖြင့် မောင်တော ခရိုင် ကော်မရှင်က အကြောင်းကြားခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့မှ စပြီး တပတ်အတွင်း အချက်အလက် ပြည့်စုံစွာနှင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ အယူခံ ဆက်ဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။