ကောင်းကင်တခွင်လုံး မည်းမှောင်၍ တဝုန်းဝုန်းရွာသွန်းနေသော မိုးရေစက်များကြားထဲတွင် မသင်းသင်းလှိုင်တို့ မိသားစု အထုပ် အပိုးကိုယ်စီဖြင့် ခပ်သုတ်သုတ် ခရီးနှင်နေကြသည်။ သူတို့ဦးတည်သွားနေသည်က ရေဘေး ကယ်ဆယ်ရေးစခန်းဆီသို့ ဖြစ်သည်။
ပုသိမ်မြို့ အမှတ် ၇ ရပ်ကွက် မီးရထားလမ်းဘေးတွင် ဆောက်ထားသည့် မသင်းသင်းလှိုင်တို့နေအိမ်သည် လူနေ၍ မရလောက် အောင် ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် လိုအပ်သောပစ္စည်းများကို ထုပ်ပိုးကာ ကယ်ဆယ်ရေးစခန်းဆီသို့ မိသားစုလိုက် ခရီးနှင်ခဲ့ ကြခြင်း ဖြစ်သည်။
ပုသိမ်မြို့တွင် ရေဘေးကယ်ဆယ်ရေး စခန်းများကို ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် ဘုရားတန်ဆောင်းများတွင် ဖွင့်လှစ် ထားသော်လည်း သူတို့ဦးတည်သွားနေသည့် ကယ်ဆယ်ရေးစခန်းမှာ ဒေါ်သန်းဌေးအမည်ရှိ အမျိုးသမီးကြီးတဦးက ၎င်း၏နေ အိမ် ကို ရေဘေး ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားသည့်နေရာ ဖြစ်သည်။
“အိမ်ကရေတက်လာတော့ တအိမ်လုံး မြုပ်သွားတယ်။ လုံးဝနေလို့မရတော့ဘူး။ အဲဒါနဲ့ အိမ်ကို ဒီအတိုင်း ထားခဲ့ပြီး အန်တီဒေါ်သန်းဌေးဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းဆီကို ပြေးတက်လာကြတာ”ဟု မသင်းသင်းလှိုင်က ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့ ဧရာမင်းရပ်ကွက် ၂ လမ်းတွင် တည်ရှိသည့် ပျဉ်ထောင်သွပ်မိုးနေအိမ်ကို ပိုင်ရှင်ဒေါ်သန်းဌေးက သြဂုတ်လ ၁၂ရက်တွင် စတင်၍ ကယ်ဆယ်ရေးစခန်း အဖြစ် ဖွင့်လှစ်ခဲ့ရာ အမှတ် ၇ နှင့် အမှတ် ၈ ရပ်ကွက်တို့မှ ရေဘေးသင့်သူပေါင်း ၁၀၀ ကျော် လာ ရောက်ခိုလှုံခဲ့ကြသည်။
“ကောလင်းတို့ ကလေးတို့ မန္တလေးမြို့ဘက်တွေမှာ ရေကြီးနေကတည်းက တို့ပုသိမ်မှာလည်း ရေဘေး ဖြစ်လာတော့မယ်ဆိုတာ ကြိုတွက်ထားပြီးသား။ တကယ်လည်း ရေတွေတက်လာရော အိမ်တွေပါမြုပ်၊ နေစရာမရှိတွေ ဖြစ်နေတာ မြင်ရတော့ မနေနိုင်တော့ ဘူး။ ကဲ နေချင်တဲ့သူတွေ လာနေကြပေတော့ဆိုပြီး အိမ်ကို ကယ်ဆယ်ရေးစခန်းဖွင့်လိုက်တာ”ဟု ဒေါ်သန်းဌေး က ဧရာဝတီကို ပြောသည်။
စခန်းအမည်ကိုလည်း ဒေါ်သန်းဌေး ရေဘေးကယ်ဆယ်ရေးစခန်းဟူ၍ ပေးထားခဲ့ပြီး စခန်းဖွင့်သည့် အစောပိုင်းရက်များ၌ အလှူရှင် မရှိသည့်အတွက် ရေဘေးဒုက္ခသည်များကို အိမ်ပိုင်ရှင် ဒေါ်သန်းဌေးတယောက် ကိုယ်တိုင်ချက်ပြုတ် ကျွေးမွေးခဲ့ရသည်။
“အစောပိုင်းရက်မှာ အလှူရှင်မရှိဘူး။ အဲဒီတော့ ကျမက ထမင်းဆိုင်ဖွင့်ထားတာဆိုတော့ ဆန်အိတ်တွေ ကြိုဝယ်ထား ဖြစ်တာ ရှိတယ်။ အဲဒီဆန်အိတ်တွေ အကုန်ဆွဲချပြီး စခန်းကလူတွေကို ချက်ကြွေးလိုက်တယ်။ နောက်ပိုင်းရက်တော့ မိုးကုတ်ကျောင်းတိုက် ဆရာတော်က ထမင်းထုပ်တွေပေးတယ်၊ အလှူရှင်တွေလည်း လာလှူကြတော့ မချက်ရတော့ဘူး”ဟု ဒေါ်သန်းဌေးက ပြောသည်။
အလှူရှင်များ မပေါ်ပေါက်ခဲ့လျှင်လည်း စခန်းရှိရေဘေးသင့်သူများကို မိမိကိုယ်ပိုင်ငွေဖြင့် နေ့စဉ် ချက်ပြုတ်ကျွေးမွေးရန် စီစဉ်ထား သည်ဟု ဒေါ်သန်းဌေးက ဆိုသည်။
“စခန်းဖွင့်ကတည်းက အလှူရှင်ကို အားကိုးပြီး ဖွင့်တာတော့ မဟုတ်ပါဘူး။ အလှူရှင် မလာခဲ့လည်း နေ့တိုင်း ဒိုင်ခံချက်ကျွေးဖို့ ပြင် ထားပြီးသား။ အစကတည်းက ဒီလိုဒုက္ခရောက်နေသူတွေကို ကျွေးမွေး စောင့်ရှောက်မယ်ဆိုတဲ့ စိတ်နဲ့ အိမ်ပေါ် ခေါ်တင်ထားခဲ့တာ ပါ”ဟုလည်း ၎င်းက ပြောပြသည်။
သြဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ပုသိမ်မြို့ပေါ်ရပ်ကွက် ၁၅ ခုစလုံးရှိ အနိမ့်ပိုင်းနေရာများ အားလုံး ရေနစ်မြုပ်ခဲ့ပြီး လူပေါင်းသောင်းနှင့်ချီ၍ ရေဘေးဒုက္ခ ရင်ဆိုင်ခဲ့ရကာ လူ ၄၇၀၀ ကျော် နေအိမ်များကိုစွန့်ခွာ၍ ဒေါ်သန်းဌေး စခန်းအပါအဝင် ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း၂၃ ခု၌ ခိုလှုံခဲ့ရသည်။
အဆိုပါ ရေဘေးသင့်သူများကို ပုသိမ်မြို့ရှိ လူမှုကူညီရေး ပရဟိတအဖွဲ့ပေါင်း ၃၀ ကျော် စုပေါင်းထားသည့် သဘာဝဘေး အရေး ပေါ် ကူညီထောက်ပံ့ရေး အဖွဲ့က ဆန်အိတ်များ၊ ထမင်းထုပ်များ နေ့စဉ်ဝေငှ၍ အဓိကကူညီပေးခဲ့သလို စေတနာရှင်များကလည်း ကယ်ဆယ်ရေးစခန်းများသို့ နေ့စဉ်လာရောက်၍ ကူညီလှူဒါန်းပေးခဲ့ကြသည်။
ဧရာဝတီတိုင်း အစိုးရအနေဖြင့် ကယ်ဆယ်ရေးစခန်းများအား စားနပ်ရိက္ခာထောက်ပံ့မှုတချို့သာပေးခဲ့ပြီး ရေကြီးနစ်မြုပ်မှုမဖြစ်မီနှင့် ဖြစ်နေဆဲအချိန်များ၌ ရေဘေးသင့်ပြည်သူများအပေါ် ကူညီဆောင်ရွက်မှုသည် အားရစရာမရှိကြောင်း ပုသိမ်မြို့ရှိ ရေဘေးကယ် ဆယ်ရေး လုပ်နေသူများက ဝေဖန်ပြောဆိုကြသည်။
အစိုးရအနေဖြင့် ရေဘေးသင့်သူများအား ရေလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ လိုအပ်သည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းနှင့် ရေဘေးသင့်သူတို့၏ ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ရာတွင် အားနည်းခဲ့သည်ဟု ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။
“အစိုးရမှာ ရေဘေးကယ်ဆယ်ရေးအတွက် စီမံချက်တွေ ရေးဆွဲထားတာ ရှိတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ စီမံချက်တွေက စာရွက်ပေါ်မှာပဲဖြစ်နေပြီး လက်တွေ့ အကောင်အထည်ပေါ်လာတာ နည်းတယ်။ အဲဒီတော့ ရေဘေးသင့်ပြည်သူတွေက ဒုက္ခပိုခံရတာပေါ့”ဟု ပုသိမ်မြို့ သဘာဝဘေး အရေးပေါ်ကူညီထောက်ပံ့ရေး အဖွဲ့မှ ဦးမြင့်ဌေး ကပြောသည်။
ဒေါ်သန်းဌေး စခန်းကဲ့သို့ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် စာသင်ကျောင်းများ၌ နေထိုင်ကြသည့် ရေဘေး သင့် သူများအနေဖြင့် လုံခြုံစွာနေထိုင်ကြရသော်လည်း ဘေးဘက်အကာအရံမရှိသည့် ဘုရားတန်ဆောင်းများ၌ ခိုလှုံနေထိုင်ကြ သူများသည် အခက်အခဲများစွာ ကြုံတွေ့ကြရသည်။
“ကျမကတော့ သူတို့ဘေးဒုက္ခကြုံချိန်မှာ အခုလို လုံခြုံတဲ့ အမိုးအကာအောက်မှာ ထားရတာ ပီတိဖြစ်ပါတယ်။ ဒီလိုလူ အများကြီး အိမ်ပေါ်တင်ထားလို့ အိမ်ပျက်စီးမလားဆိုပြီး စိတ်ပူတာလည်း မရှိပါဘူး။ ပျက်လည်း ပြင်ရုံပေါ့။ သူတို့တတွေ လုံခြုံဖို့ကအဓိကပါ” ဟု ဒေါ်သန်းဌေးက ပြောပြသည်။
ဒေါ်သန်းဌေးအတွက် မိမိနေအိမ်ကို ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီခြင်းသည် ယခုတကြိမ် ပထမဆုံး မဟုတ်ပါ။ ၂၀၁၂ ခုနှစ်တွင် ပုသိမ်မြို့၌ ရေလွှမ်းမိုးမှု အများအပြားဖြစ်ပွားခဲ့စဉ်ကလည်း သူပိုင်ဆိုင်သည့် ပျဉ်ထောင် သွပ်မိုးအိမ်နှင့် ၂ ထပ် တိုက် တို့တွင် ရေဘေးဒုက္ခသည် ၂၀၀ ကျော်ကို ခိုလှုံခွင့်ပေး၍ ကူညီပေးခဲ့သူ ဖြစ်သည်။
“၂၀၁၂ ရေကြီးတာက အခုထက် ပိုဆိုးတယ်။ အဲ့ဒီတုန်းကဆိုရင် ပျဉ်ထောင်အိမ်မှာ မဆန့်လို့ ဒီဘက်က တိုက်အိမ် အောက် ထပ် ရော၊ အပေါ်ထပ်ရော လူတွေဆန့်သလောက် လက်ခံပေးခဲ့တယ်။ အလှူရှင်မရှိခင်မှာ အိမ်မှာ ရှိတဲ့ဆန်တွေနဲ့ အိမ် နောက်ဖေးမှာ မိုးပြဲဒယ်တွေနဲ့ချက်ပြီး ကျွေးခဲ့တယ်”ဟု လွန်ခဲ့သည့် ၃နှစ်က အတွေ့အကြုံကို ဒေါ်သန်းဌေးက ပြန်ပြောပြသည်။
ယခုကဲ့သို့ မိမိနေအိမ်ကိုအသုံးပြု၍ လူမှုကူညီရေးလုပ်ခဲ့သည့် ကယ်ဆယ်ရေးစခန်းကို ဧရာဝတီတိုင်းအစိုးရက အသိအမှတ်ပြု၍ ထောက်ပံ့ကူညီမှုတချို့ ပြုလုပ်ခဲ့သော်လည်း အောက်ခြေရပ်ကွက် အုပ်ချုပ်ရေး တာဝန်ရှိသူများက တရားမဝင် ကယ်ဆယ်ရေးစခန်း အဖြစ် သတ်မှတ်ခဲ့ကြောင်း ဒေါ်သန်းဌေးက ပြောသည်။
“စခန်းဖွင့်ကတည်းက အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားခဲ့ပေမယ့် လာကူညီတာ၊ အားပေးစကားပြောတာ တကြိမ်မှ မရှိတဲ့အပြင် ဒီစခန်းက တရားမဝင်တဲ့စခန်းဆိုပြီး အပြင်မှာ လျှောက်ပြောတယ်။ ကျမတို့မှာ လူမှုရေးစိတ်နဲ့ ကူညီတာတောင် အဲ့ဒီလိုအပြော အဆို တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်”ဟုလည်း သူက ပြောဆိုသည်။
နေအိမ်များ ရေကြီးနစ်မြုပ်ချိန်တွင် ဒေါ်သန်းဌေး၏ ပျဉ်ထောင်သွပ်မိုးအိမ်ကလေး၌ လုံခြုံစွာနေထိုင်ခွင့်ရသူ ရေဘေးဒုက္ခသည် ဒေသခံများကတော့ ဒေါ်သန်းဌေးကို အလွန်ကျေးဇူးတင်ကြကြောင်း ပြောဆိုကြသည်။
“ကျမတို့ကတော့ အန်တီဒေါ်သန်းဌေးကို အရမ်းကျေးဇူးတင်တယ်။ တချို့တွေဆို ဘုရားတန်ဆောင်းတွေမှာနေရတော့ အကာအရံ မရှိတဲ့အခါကျတော့ မိုးပက်တာတွေ ခံရတယ်။ ကလေးတွေ ဖျားနာကြတယ်။ ဒီမှာကျတော့ လုံခြုံပြီး နွေးနွေး ထွေးထွေးနေရတော့ အရမ်းအဆင်ပြေတယ်”ဟု မသင်းသင်းလှိုင်က ပြောသည်။
ဒေါ်သန်းဌေးက ၎င်း၏ ရေဘေးကယ်ဆယ်ရေး စခန်းကို သြဂုတ်လ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရေပြန်ကျချိန် သြဂုတ်လ ၁၆ ရက် တွင် စခန်းပိတ်သိမ်းခဲ့ရာ စခန်းတွင် ခိုလှုံခဲ့ကြသော ဒေသခံများသည်လည်း ၎င်းတို့နေအိမ်များတွင် ပြန်လည်နေထိုင်ကြလေသည်။
သို့သော် အိမ်ပြန်ခဲ့ကြသည့် ရေဘေးသင့်သူများကို ဒေါ်သန်းဌေးက စကားတခွန်းမှာကြားလိုက်သည်။ ယင်းမှာ အိမ်များ ရေပြန်မြုပ် လျှင် အချိန်မရွေး သူ့ဆီပြန်လာခဲ့ ဟူသောစကားဖြစ်ပါသည်။ ။