တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရေး တိုင်းရင်းသားခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် မကြာခင်ရက်ပိုင်းအတွင်း ညှိနှိုင်းမည်ဟု သိရသည်။
အဆိုပါဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး (EAOS) က တညီ တညွှတ်တည်း သဘောတူဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များကပြောသည်။
KNU အထွေထွေအတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက “ကျနော်တို့ အခုအစီအစဉ်က တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ၅ ဦးနဲ့ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့က ခေါင်းဆောင် ၃ ဦးသွားပြီး NCA ကို အပြီးသပ်ညှိနှိုင်းဖို့ဖြစ်တယ်။ လက်မှတ်ရေးထိုးဖို့ အတွက် တော့မဟုတ်ဘူး။ ဒီတခါကတော့ အပြီးသပ် ညှိနှိုင်းဖို့ အတွက်ဖြစ်ပါတယ်” ဟု အစည်းအဝေး အပြီးသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၅) ဖွဲ့၌ ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ဥက္ကဌ အေဘယ်တွိ၊ မွန်ပြည်သစ်ပါတီ (NMSP) မှ ဥက္ကဌ နိုင်ထောမွန်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ နာယက ဒုဗိုလ်ချုပ်ကြီး ဆေထင်တို့ ပါဝင်မည်ဟု သိရသည်။
ထို့အပြင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) မှ အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင် (၁) ဒေါက်တာ လဂျာ၊ ဒုအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံး တို့သုံးဦးလည်း လိုက်ပါသွားကြ မည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ၈ ဦးတွေ့ဆုံမည့်ရက်မှာ စက်တင်ဘာ လဆန်းပိုင်းတွင်ဖြစ်ဖွယ်ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောဆိုသော်လည်း ယခုလ ၂၈ ရက်နေ့နောက်ဆုံးထား တွေ့ဆုံခြင်းမပြုနိုင်ပါက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် အစီအစဉ်သည် လွဲချော် နိုင်ကြောင်းသိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုလုပ်ငန်းဌာန (MPC) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှမောင်ရွှေကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ယခုလကုန်ရက်ပိုင်းတွင် နိုင်ငံခြားခရီးစဉ်တခုသွားရန်ရှိသဖြင့် သတ်မှတ်ရက် အတွင်း တွေ့ဆုံခြင်း မပြုနိုင်ပါက နှစ်ဘက်စစ်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းနိုင်ခြင်းမရှိဘဲဖြစ်သွားနိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော ၉ ကြိမ်မြောက် NCA ညှိနှိုင်းဆွေးနွေးပွဲတွင် SD နှင့် အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ (UPWC ) တို့ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် အထဲမှ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ အားလုံး ပါဝင် လက်မှတ်ရေး ထိုးရေး အချက်မှလွဲ၍ စာချုပ်ပါအချက်များကို ချင်းမိုင် ထိပ်သီး အစည်းအဝေးက သဘောတူခဲ့ကြ ကြောင်း သိရသည်။
နေပြည်တော်ကိုသွားမည့် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များအနေဖြင့် “အားလုံးပါဝင်ရေးမူ” ကို အဓိကထား ဆွေးနွေးသွား မည်ဖြစ်ပြီး၊ ပြေလည်မှုမရခဲ့လျှင် NCA ၌ အားလုံးပါဝင် လက်မှတ်ထိုးရေး အစီအစဉ် ပျက်ပြယ်သွားနိုင်သည်ဟု မွန်ပြည် သစ်ပါတီ (MNSP) ဒုဥက္ကဌ၊ SD အဖွဲ့ဝင် နိုင်ဟံသာကသုံးသပ်သည်။
နိုင်ဟံသာ က “အဆင်မပြေရင်တော့ဘယ်တတ်နိုင်မလဲဗျာ။ အပေးအယူဆိုတဲ့ဟာကတော့ အဆင်မပြေတော့လည်း နဂိုအတိုင်းပဲ ပြန်ဖြစ်သွားမှာပေါ့။ အဆင်မပြေရင်တော့လည်း မထိုးဘူး။ အဆင်ပြေရင်တော့လည်း ရက်ချိန်းတွေ သတ်မှတ်ပြီးတော့ ထိုးရုံပဲပေါ့” ဟု သတင်းထောက်များကို ပြောသည်။
အစိုးရက NCA လက်မှတ်ထိုးရန် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ဖိတ်ခေါ်ထားပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့် တပ်မတော် (AA)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) အဖွဲ့ ၆ ဖွဲ့ကို အကြောင်းအမျိုးမျိုးပြ၍ ကန့်သတ်ထားသည်။
အစိုးရအနေဖြင့် အားလုံးပါဝင်ရေးမူကို လျစ်လျူရှု၍ အဖွဲ့အချို့နှင့် လက်မှတ်ခွဲထိုးလျှင် ကျန်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနိုင် သဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုသော အဓိပ္ပာယ်သက်ရောက်တော့မည် မဟုတ်တော့သလို တိုက်ပွဲများလည်း ရပ်စဲနိုင်မည်မဟုတ်ကြောင်း TNLA ဥက္ကဌ ဗိုလ်ချုပ် အိုက်ဘုန်း က ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ် အိုက်ဘုန်း က “ခေါင်းစဉ်ကိုက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ပြောနေတာဖြစ်တယ်။ ကွက်ကြားထားပြီး တော့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမယ်ဆိုရင်တော့ ကွက်ကြားထားခဲ့တဲ့နေရာကတော့ တိုက်ပွဲတောက်လျှောက် ဖြစ်နေမှာပဲ” ဟုပြောသည်။
မနေ့က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံရာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာတွင် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရကိ္ခုင့် တပ်မတော် (AA)၊ ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) ၃ဖွဲ့ အနေဖြင့် လက်နက်စွန့်ရမည်ဟု ပြောဆိုကြောင်း အစိုးရသတင်းနှင့် စစ်တပ်ပိုင်မြဝတီ သတင်းတွင် ဖော်ပြထားသည်။
အဘယ်ကြောင့်ဆိုသော် MNDAA သည် အချုပ်အခြာအာဏာကို ထိပါးလာ၍ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ပြီး၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရအစိုးရအဖွဲ့ နှင့်လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်တို့အား စစ်ကြေညာပြီး စတင်တိုက်ခိုက်လာသူဖြစ်၍ ငြိမ်းချမ်းရေး လုပ်၍မရကြောင်း၊ လက်နက်စွန့် ရမည်ဖြစ် ကြောင်း၊ MNDAA နှင့်ဆက်စပ်ပြီး ဝိုင်းဝန်းကူညီခဲ့ကြသူများဖြစ်သည့် TNLA နှင့် KIA တပ်မဟာ(၄)ဟု ၎င်းတို့ခေါ်ဆိုနေသူ များမှာလည်း လက်နက်စွန့်ရမည်ဖြစ်ကြောင်း၊ AA အဖွဲ့မှာလည်း KIA မှမွေးထုတ်လိုက် သည့်လက် အောက်ခံအဖွဲ့သာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းဝင်လာ၍ မိမိတို့နယ်စပ် အထိတိုက်ထုတ် ခဲ့ကြောင်း ဆိုသည်။