မြန်မာနိုင်ငံတွင် အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲများကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ကျင်းပသွားရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေသည်ဟု ကြားသိရသည်။
မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၉၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတွင် ထည့်သွင်း ကျင်းပသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယင်းသို့ ယှဉ်ပြိုင်ပြီးနောက် နှစ်ပေါင်း ၂၀ တိတိ ကြာမြင့်ပြီး နောက် ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းကျမှသာ အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပရန် ပြင်ဆင် နေခြင်းပင် ဖြစ်သည်။
အမျိုးသမီးများ ဘောလုံးကစားခြင်းကို လေ့လာသည့်အခါ အာရှတွင် လည်းကောင်း၊ ကမ္ဘာတွင် လည်းကောင်း မြန်မာ နိုင်ငံသည် အစောဆုံး ကျသည်ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ၁၉၅၅ ခုနှစ်ကတည်းက အမျိုးသမီး ဘောလုံး ပြိုင်ပွဲများ စတင်နိုင်ခဲ့ သောကြောင့် ဖြစ်သည်။ ယင်းနှစ်တွင် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ၊ အမျိုးသမီး ကိုယ်လက်ကြံ့ခိုင်ရေး ခရိုင်အဆင့် ကြံ့ခိုင်ရေး စည်းရုံး ရေးမှူး သင်တန်းသူများကို အထက် မြန်မာပြည်နှင့် အောက် မြန်မာပြည် အမျိုးသမီး ဘောလုံးသင်းများ အဖြစ် ၂ သင်းဖွဲ့စည်းကာ အောင်ဆန်း အားကစားပြိုင်ဝင်း၌ ကစားခဲ့ကြခြင်း ဖြစ်သည်။ ယင်းမှ စ၍ မြန်မာနိုင်ငံတွင် အမျိုးသမီး ဘောလုံးပွဲများ စတင်ခဲ့သော်လည်း နှစ်အနည်းငယ် အကြာတွင် အမျိုးသမီးများ ဘောလုံး ကစားခြင်းကို ပိတ်ပင်ခံခဲ့သည်။
ဇရာအိုတို့ ဖျက်
အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို အားပေးသူ ပရိသတ်များ အတန်အသင့် ရှိခဲ့သည်။ အမျိုးသမီး ဘောလုံး အသင်းများ လည်း အထူးသဖြင့် ခရိုင် မြို့ကြီးတိုင်းတွင် ဖွဲ့စည်းနိုင်ခဲ့ကြသည်။ သို့ရာတွင် ရန်ပုံငွေပွဲ အကြောင်းပြကာ၊ အမျိုးသမီးများ နှင့် ဇရာအို အမည်ခံ ဇရာ မအိုတအို လူကြီးမင်းများနှင့် မိန်းမပျိုလေးများ ကစားသည့် ဘောလုံးပွဲများ ခေတ်စားလာခဲ့ သည်။
ဇရာအိုဘောလုံး အသင်းမှာ ဌာနဆိုင်ရာ အကြီးအကဲ အများစုဖြင့် ဖွဲ့စည်းထားကြသည့် အသင်းများ ဖြစ်သည်။
ယင်းဇရာအိုနှင့် ကညာပျို ဘောလုံးပွဲများမှာ အမျိုးသမီးများ ဘောလုံးပညာ တိုးတက်ရေး အတွက် မည်သို့မျှ အထောက် အကူ မဖြစ်ခဲ့ပါ။ အပျော်သဘောမျိုး၊ ဖျော်ဖြေခံ သဘောမျိုး သက်ရောက်ခဲ့သည်။ တော်လှန်ရေး ကောင်စီ အစိုးရ အာဏာသိမ်းပြီးနောက် အမျိုးသမီးများ ဘောလုံးကစားခြင်းကို ပိတ်ပင်ခဲ့သည်။
အမှန်က ဇရာအိုရော ဇရာမအိုတာရော အစိုးရဝန်ထမ်းများ အမျိုးသမီးများနှင့် ဘောလုံး မကစားရဟု တားမြစ် ခဲ့လျှင် ဘောလုံးရေစီးကြောင်း ရပ်တန့်သွားဖွယ်ရာ မရှိပါ။ သို့ရာတွင် ၁၉၉၀ ပြည့် ဝန်းကျင်တွင် အမျိုးသမီး ဘောလုံး အသင်းများ ပြန်လည်ပေါ်ထွက်လာသည်။ ရွှေဘို၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ကျောက်ပန်းတောင်း မြို့များမှ အမျိုးသမီး ဘောလုံးအသင်းများ မသိမသာ ပေါ်ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
အောက် မြန်မာပြည်တွင် လည်းကောင်း၊ တောင်ငူ၊ သထုံ၊ ရန်ကုန် မြို့တို့တွင် အမျိုးသမီး ဘောလုံးအသင်းများ ဖွဲ့စည်း လာကြပြီး၊ အချင်းချင်း ချစ်ကြည်ရေး ပွဲများ၊ မိတ်ဆက်ပွဲများ ကစားလာ ကြသည်။
ပဲခူးမြို့တွင် ကစားခဲ့ကြသည်။ တောင်ငူနှင့် သထုံအမျိုးသမီးအသင်းတို့ ကစားသည့် အမျိုးသမီး ဘောလုံး အသင်းကို ထိုစဉ်က ပဲခူးတိုင်း ဒေသပါတီ ဥက္ကဋ္ဌနှင့် တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီ (လအက) ဥက္ကဋ္ဌတို့ ကိုယ်တိုင် တတ်ရောက် အားပေး ခဲ့ကြသည်။
ဆီးဂိမ်းနှင့် အမျိုးသမီးပွဲ
မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဘောလုံးကစားခြင်း ပြန်လည် ထွန်းကားလာအောင်၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲက တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ ဇင်းမယ်တွင် ကျင်းပခဲ့သည့် ၁၉၉၅ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပထမဆုံး အကြိမ် စတင် ကျင်းပခဲ့သည့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အတွက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲများကို တရားဝင် ကျင်းပနိုင်ခဲ့သည်။
နှစ် ၂၀ နောက်ကျ
အရှေ့တောင် အာရှ အားကစားပွဲတွင် ဘောလုံး အားကစား ထည့်သွင်း ကျင်းပခြင်းမှာ အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပြိုင်ပွဲ စတင် ကျင်းပသည်ထက် နှစ်ပေါင်း ၂၀ တိတိကြာမျှ နောက်ကျခဲ့သည်။
ပထမဆုံး အကြိမ်မြောက်အာရှတံခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၇၅ ခုနှစ်တွင် ဟောင်ကောင်၌ ပြုလုပ်ခဲ့သည်။ နယူးဇီလန် အသင်းက ပထမရပြီး ထိုင်းနိုင်ငံက ဒုတိယရသည်။ အာရှ အမျိုးသမီး ဘောလုံး အဖွဲ့ချုပ် စတင် ဖွဲ့စည်းပြီး ၇ နှစ် အကြာမှာ အာရှတံခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ခြင်း ဖြစ်သည်။ အာရှ အမျိုးသမီးဘောလုံး အဖွဲ့ချုပ် (Asia Ladies Football Confederation) ကို ၁၉၆၈ ခုနှစ် ဧပြီလတွင် စတင် ဖွဲ့စည်းခဲ့သည်။
အာရှ အမျိုးသမီးဘောလုံး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပခဲ့ပြီးသည့် နောက် အာရှအမျိုးသမီး ဘောလုံး ပြိုင်ပွဲကို ၂ နှစ်လျှင် တကြိမ်ကျ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့ဖြင့် ဒုတိယ အကြိမ်မြောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ၁၉၇၇ ခုနှစ်တွင် တရုတ် (တိုင်ပေ) တွင် ကျင်းပခဲ့ရာ တရုတ် (တိုင်ပေ) က ထိုင်းအသင်းကို ၃း၁ ဂိုးဖြင့် နိုင်သည်။
ထိုင်းအမျိုးသမီး အသင်း
အာရှ အမျိုးသမီးဘောလုံး စတင်လှုပ်ရှားချိန်တွင် အရှေ့တောင်အာရှနိုင်ငံများထဲမှ ထိုင်းအမျိုးသမီးအသင်း တသင်းတည်း သာ ပါဝင်ခဲ့ဟန် ရှိသည်။
ထိုင်း အမျိုးသမီး ဘောလုံးအသင်းသည် ၁၉၇၅ နှင့် ၁၉၇၇ ခုနှစ်၊ ၁၉၈၁ ပြိုင်ပွဲ သုံးရပ်တွင် ဒုတိယရခဲ့ပြီး။ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၅ ကြိမ်မြောက် အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ (၁၉၈၃) တွင် မူ ပထမ ရရှိခဲ့ သည်။ ၂ နှစ်လျှင် တကြိမ်ကျ ကျင်းပခဲ့ရာမှ ၆ ကြိမ်မြောက် အာရှ အမျိုးသမီး ဘောလုံးပွဲကို ၁၉၈၃ ခုနှစ် ပြိုင်ပွဲ အပြီး ၃ နှစ်အကြာ ၁၉၈၆ ခုနှစ်တွင် ဟောင်ကောင်မြို့၌ ကျင်းပခဲ့သည်။
အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ သွင်ပြင်လက္ခဏာ ပြယုဂ် ပြောင်းသွားသည့်နှစ်ပင် ဖြစ်သည်။ တရုတ်နှင့် ဂျပန် အမျိုးသမီး ဘောလုံးအသင်းများ စတင် ပါဝင်ယှဉ်ပြိုင် လာကြသည်။ တရုတ်အသင်းက ဂျပန် အမျိုးသမီး အသင်းကို ၂း၀ ဂိုးဖြင့် နိုင်ပြီး ရွှေတံဆိပ်ရခဲ့သည်။
မြန်မာအမျိုးသမီး
မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးသမီးဘောလုံးပွဲကို ၁၉၅၅ ခုနှစ်တွင် တရားဝင် စတင်ခဲ့သည်။ ၁၉၅၅ ခုနှစ် ဇူလိုင်လ ၁၆ တွင် အောင်ဆန်း အားကစားပြိုင်ဝင်း၌ ကစားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ ဘောလုံး ကစားခြင်းကို စတင်ခဲ့ကြသည့် အမျိုးသမီးများမှာ အမျိုးသမီး အားကစားမှူး သင်တန်းသူများ ဖြစ်ကြသည်။
အထက်မြန်မာပြည်
အထက်မြန်မာပြည် အသင်းတွင် (ဂိုး) အင်ဖန်ဂျနာ၊ (၂ ယောက်တန်း) စုစုဦး (မင်းဘူး)၊ စိန်စိန်ဝင်း (ရွှေဘို)၊ (၃ ယောက် တန်း) စိန်စိန် (သရက်)၊ မခင်ဌေး (ဗန်းမော်)၊ ရင်ရင်( ချင်းဝိသေသတိုင်း)၊ ရှေ့တန်း ၅ ယောက်၊ ညိုညို (မုံရွာ)၊ အေးအေးဆင့် (ဗန်းမော်)၊ ခင်ခင်ထွေး (ဗန်းမော်)၊ ဂရေစီကား (မမိုးအေး) (ဗန်းမော်) နှင့် မနန်းရင် (တောင်ကြီး) တို့ ဖြစ်ကြသည်။
အောက်မြန်မာပြည်
အောက်မြန်မာပြည် ကိုယ်စားပြု အမျိုးသမီး ဘောလုံးအသင်းတွင် ပါဝင်ကစားကြသူများမှာ (ဂိုး) မခင်ရီ (ပဲခူး)၊ (၂ ယောက်တန်း) စန်းယုမြင့် (မြောင်းမြ)၊ မယ်ဗမာ ခင်စန်းကြွယ် (ရန်ကုန်)၊ (၃ ယောက်တန်း) မငွေတင် (သံတွဲ)၊ မအုန်းကြည် (ထားဝယ်)၊ မတင်ရီ (လွိုင်ကော်)၊ (၅ယောက်တန်း) မျိုးမြင့်ကြည်( ရန်ကုန်)၊ ဖြူဖြူ (အင်းစိန်)၊ လီလီကြာညွှန် (ရန်ကုန်)၊ နော်ခူး (ဘားအံ) ၊ စုစု (သံလျင်) တို့ ဖြစ်ကြသည်။
ယင်းပွဲတွင် အထက်မြန်မာပြည် အမျိုးသမီး အသင်းက ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဤသည်ကိုလေ့လာကြည့်လျှင် မြန်မာနိုင်ငံ၌ အမျိုးသမီး အားကစား ဖြစ်ထွန်းမှုမှာ ၁၉၇၅ ခုနှစ်တွင် စတင်သည့် အာရှတံခွန်စိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထက် နှစ်ပေါင်း ၂၀ ထိစောသည်ကို တွေ့ရသည်။
ဆီးဂိမ်း
အရှေ့တောင်အာရှ အားကစားပွဲကို ၁၉၇၇ ခုနှစ်တွင် “ကျွန်းဆွယ်” အမည်ပြောင်း၍ စတင်ခဲ့သည်။ ၁၈ နှစ် တိတိ အကြာကျမှ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ကျင်းပခဲ့သည်။ သို့ဖြစ်ရာ အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲ ပထမဆုံး စတင်ကျင်းပပြီး နှစ်ပေါင်း ၂၀ ကြာတွင် အာဆီယံ ဒေသတွင် မြန်မာ့ နိုင်ငံထက် နှစ်ပေါင်း ၄၀ တိတိကြာမှ အာဆီယံ ဒေသတွင်း အမျိုးသမီးဘောလုံးပွဲ စတင်ကျင်းပခြင်း ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်း
၁၉၉၅ ခုနှစ်ကျမှ စတင်၍ ကျင်းပသည့် အာဆီယံဒေသတွင်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာ လက်ရွေးစင် အမျိုးသမီးအသင်း စတင်ပါဝင်ခဲ့သည်။ အမျိုးသမီး ကလပ်အသင်း ပြိုင်ပွဲများ မရှိသေး သဖြင့် တိုင်းနှင့် ပြည်နယ် အမျိုးသမီး ဘောလုံးပြိုင်ပွဲမှ တဆင့်လက်ရွေးစင် ကစားသမားများကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး၊ ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲ စတင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
ပထမဆုံး မြန်မာလက်ရွေးစင် အမျိုးသမီး ဘောလုံးသမားများမှာ၊ ဝါဝါမိုး၊ ခင်မေသန်း၊ မြမြခိုင် (ခ) ဗေဒါ၊ မြင့်မြင့်လှိုင်၊ အေးအေးမော်၊ ညိုညိုအောင်၊ ရင်ရင်ဦး၊ တင်အေးကြိုင်၊ မမြရီ၊ သီတာအေး၊ ကိုလှ၊ ရင်မိုးအေး၊ ဦးလာကြွယ်၊ စန်းစန်းကြူ၊ နုနုခိုင်ဝင်း၊ သီတာကြည်၊ ဝင်းဝင်းမာနှင့် လှလှသန်းတို့ ဖြစ်သည်။
ဇင်းမယ်ဆီးဂိမ်းတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ပထမပွဲ၌ စင်ကာပူအသင်းနှင့် ကစားရသည်။ ၁း၀ ဂိုးဖြင့် နိုင်သည်။ ဒုတိယပွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရသည် တဂိုးစီ သရေကျသည်။ တတိယပွဲ အဖြစ် ထိုင်းအမျိုးသမီး အသင်းနှင့် မြန်မာအမျိုးသမီးတို့ ကစားရာ ၃ ဂိုးစီ သရေကျသည်။
နောက်ဆုံး အဖြစ် မလေးရှားနှင့် ကစားရာ ၃း၅ ဂိုးဖြင့် ရှုံးသည်။ မြန်မာအမျိုးသမီး အသင်းသည် ၄ ပွဲကစားရာ တပွဲနိုင်၊ နှစ်ပွဲသရေ၊ တဂိုးရှုံးဖြင့် ၅ မှတ်ရသည်။ ၉ ဂိုးသွင်းပြီး ၉ ဂိုးပြန်အသွင်းခံရသည်။ ဖိလစ်ပိုင် အသင်းနှင့် အမှတ်ခြင်း တူသော်လည်း ဂိုးကွာဟချက်ဖြင့် တတိယရသည်။ ယင်းပွဲမှ စတင်ကာ အမျိုးသမီးဘောလုံးပွဲ ထည့်သွင်း ကျင်းပသည့် ဆီးဂိမ်း တိုင်းတိုင်းတွင် ဒုတိယ၊ တတိယ တဆုဆု အမြဲရသည်။
ဆီးဂိမ်းတွင် ရွှေမရ သေးတော်လည်း အာဆီယံဒေသ တွင်း သက်တမ်း အလိုက်ပြိုင်ပွဲများ၊ အာဆီယံဘောလုံး အဖွဲ့ချုပ် အမျိုးသမီးတံခွန်စိုက် ဘောလုံးပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ဆွတ်ခူးထားသည်။
အိုလံပစ်နှင့် ကမ္ဘာ့ဘောလုံးပွဲ
ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင် အမျိုးသမီးဘောလုံးပွဲ စတင်ထည့်သွင်း ကျင်းပသည့်မှာ ၁၉၉၆ ခုနှစ်ကျမှ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုက ပထမ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံက ဒုတိယနှင့် နော်ဝေအသင်းက တတိယ ရသည်။
ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ အိုလံပစ်ထက် လေးနှစ်စော၍ ၁၉၉၁ ခုနှစ်တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ တွင် ကျင်းပခဲ့သည်။ပထမဆုံး အမျိုးသမီးကမ္ဘာ့ဘောလုံး ပြိုင်ပွဲတွင် အမေရိကန် အမျိုးသမီး ဘောလုံး အသင်းက နော်ဝေ အသင်းကို ၂း၁ ဂိုးဖြင့် နိုင်ပြီး ပထမ ရရှိခဲ့သည်။ ၂၀၁၁ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂျပန် အသင်းက အိမ်ရှင် ဂျာမနီအသင်းကို နိုင်ပြီး ပထမရခဲ့သည်။
မြန်မာနိုင်ငံတွင်မူ ပြည်တွင်း၌ တိုင်းနှင့် ပြည်နယ် ပြိုင်ပွဲမှတပါး၊ အမျိုးသမီး ဘောလုံးပွဲများ မယ်မယ်ရရ မရှိပါဘဲနှင့် လက်ရွေးစင် အသင်းဖွဲ့စည်းပြီး အိုလံပစ်နှင့် ကမ္ဘာ့အဆင့်တွင် ခြေစစ်ပွဲဝင်ရောက် ကစားခဲ့သည်။ အာရှ အဆင့် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ယခုအခါ အမျိုးသမီး ဘောလုံး ကလပ်အသင်းများ ဖွဲ့စည်းပြီး အမျိုးသမီးလိဂ် ဘောလုံးပြိုင်ပွဲများ ကျင်းပရန် စီစဉ်နေပြီ ဖြစ်ရာ၊ မြန်မာအမျိုးသမီး ဘောလုံး အဆင့်အတန်း ယခုထက် ပိုမိုမြင့်မားလာဖွယ် ရှိသည်ဟု သုံးသပ်ရပါသည်။ ။