ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရေဘေးအလွန် ပြန်လည် စိုက်ပျိုးထားသည့် စပါးခင်း ဧက ၂၀၀၀ ကျော်တွင် ပိုးမွှား ရောဂါ ကျရောက်နေကြောင်း ဒေသခံ လယ်သမားများက ဧရာဝတီ သို့ ပြောသည်။
ယင်းစပါးခင်းများသည် သက်တမ်း ၁၅ ရက် ခန့်ရှိပြီး ကျရောက်နေသည့် ပိုးများသည် ယခင် ကျရောက်တတ်သည့် ရောဂါပိုးနှင့် မတူဘဲ စပါးပင်အရွက်များ အဖြူရောင်သန်း၍ လယ်ကွက်တခုနှင့်တခု ကူးစက်ပျံ့ပွားမှုသည်လည်း အလွန် မြန်ဆန်သဖြင့် စိုက်ပျိုးထားသည့် စပါးခင်းများ အချိန်တိုအတွင်း ပျက်စီးသွားမည်ကို စိုးရိမ်နေသည်ဟုလည်း ဆိုသည်။
ကျောက်တော်မြို့နယ် ကြောင်ဖိုကျေးရွာမှ လယ်သမား ဦးစန်းယုက“ကျနော်တို့ အတွေ့အကြုံအရ အခု ကျတဲ့ရောဂါဟာ ဘယ် ရောဂါ ဆိုတာကို မသိဘူးဗျ။ ပထမဆုံး အရွက်အဖျားတွေ ဖြူသွားတယ်။ နောက် အပင်တွေပါ ခြောက်ပြီး ပြိုကျသွားတယ်။ ကျနော် တို့လည်း ဘာရောဂါမှန်း မသိတော့ ဘာဆေးကို ဖြန်းရမယ်ဆိုတာကို မသိဘူး ဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကြောင်ဖိုကျေးရွာရှိ လယ်ဧက ၃၉၀ ကျော်သည် ရေဘေးကြောင့် စပါးခင်းများ အားလုံး ပျက်စီးသွားခဲ့ရာ လက်ရှိအချိန်တွင် ပြန် လည် စိုက်ပျိုးထားသည့် စပါးခင်းများအနက် ဧက ၁၅၀ ကျော် ပိုးကျသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း၊ ကြောင်ဖိုကျေးရွာ အနီးရှိ ကျေးရွာများတွင်လည်း စပါးခင်းများ ပိုးမွှားရောဂါ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လယ်သမားများသည်လည်း မျိုးစပါး အခက် အခဲ များရှိနေကြောင်း သိရသည်။
ကျောက်တော်မြို့နယ် အလှမဒီကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှရွှေမောင်က“အစိုးရက မျိုးစပါးပေးတယ် ဆိုပေမယ့် ပျက်စီး သွားတာက နည်းနည်းပါးပါးမှ မဟုတ်တာ။ အခုဘယ်ရောဂါမှန်း မသိဘူး။ အရွက်တွေ ဖြူတယ်။ မကြာဘူး အပင်တွေပါသေတယ်။ လူကြီးမိဘတွေ ပြောတာက ယင်ဖြူရောဂါလို့ ပြောတယ်။ သူတို့က နေ့ဘက်ဆို ပုန်းခိုပြီး ညဘက်မှ လာကျတာလို့ ပြောတယ်။ စိုက် ပျိုးရေးကတော့ လာကြည့်တာ မရှိသေးဘူး။ တင်ပြဖို့တော့ ကျနော် စာရင်းတွေ ကောက်နေပါတယ်”ဟု ပြောဆိုသည်။
အလှမဒီကျေးရွာတွင် အိမ်ထောင်စု ၁၄၀ ကျော်ရှိပြီး လယ်ဧက ၅၁၅ ဧကတွင် ဧက ၂၀၀ ခန့်သည် ကူးစက်နှုန်းမြန်သော အဆိုပါ ရောဂါပိုးများ ကျရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
ရေဘေးလွန်ကာလ စပါးခင်းများအတွင်း ပိုးမွှားရောဂါနှင့် ကြွက်အန္တရာယ် ကျရောက်နိုင်သည့်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ပိုးသတ်ဆေးပုံးများနှင့် ပိုးသတ်ဆေးဖြန်းစက် ချပေးထားကာ ပိုးသတ်ဆေးများကိုလည်း အလုံအလောက် ထားရှိထားကြောင်း၊ လယ်သမားများ အနေဖြင့် စိုက်ပျိုးရေးဋ္ဌာနသို့ အကြောင်းကြားလာပါက အခမဲ့ ဆေးဖြန်းပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ရေဘေးကြောင့် လယ်ဧက နှစ်သိန်းကျော်ပျက်စီးခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် ကျပ် ၁.၅ ဘီလီယံ ကူညီ ပံ့ပိုးပေးသွားဖြစ်ကြောင်း၊ လယ်ယာ ပျက်စီးသွားသည့် လယ်သမားများကိုလည်း တစ်ဧက ၁တင်း နှုန်းဖြင့် မျိုးစပါးများကို ဖြန့်ဖြူးပေး လျက် ရှိကြောင်း၊ လယ်သမားများအနေဖြင့် မိမိတို့ မျိုးစပါးနှင့် ပြန်လည် စိုက်မျိုးထားသော လယ်မြေများအတွက်လည်း တစ် ဧက ကျပ် ၇၀၀၀ နှုန်းဖြင့် ငွေးကြေးထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
လယ်ယာမြေ အပျက်အစီး စာရင်းများအား ကောက်ယူရာတွင် ကျန်ရစ်ခဲ့သည့် လယ်သမားများအတွက်လည်း သြဂုတ်လ ၃၁ ရက် အထိ လက်ကျန်စာရင်းများကို လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စိုက်မျိုးရေးဦးစီးဌာနက ပြောသည်။