အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အင်အား ပြိုင်ဆိုင်မှုသည် သြဂုတ်လ ၁၂ ရက်နေ့တွင် အထွတ် အထိပ်သို့ ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အင်အားစုများက သူရ ဦးရွှေမန်း ကို ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ ဖြုတ်ချလိုက်သည်။ ကြံ့ခိုင်ရေး ပါတီတွင်းအာဏာသိမ်း မှုသည် နိုင်ငံရေး၊ စီးပွားရေး များအပေါ် ရိုက်ခတ်မှုများစွာရှိနေရာ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး အကျပ်အတည်း အခြေအနေများနှင့် ပတ်သက်၍ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ USDP ပါတီအတွင်းဖြစ်တဲ့ ကိစ္စမှာ နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ ပြောလို့ ရပါသလား။
ဖြေ။ ။ ဖွဲ့စည်းပုံမှာက နိုင်ငံတော်သမ္မတ ဒုသမ္မတများသည် သူ့ရဲ့ရာထူးသက်တမ်းအတွင်းမှာ ပါတီလုပ်ငန်းတာဝန်များ ကို ထမ်းဆောင်ခြင်းမပြုရဆိုပြီး ပါတယ်။ ဒီတာဝန်ကနေနုတ်ထွက်ရမည်လို့ မဆိုထားတဲ့အခါကျတော့ အခုဆောင် ရွက် လိုက် တဲ့ကိစ္စဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းရှိမရှိဆိုတာ ကျနော်တို့ ပြောလို့တရားမဝင်ဘူး။ အမျိုး မျိုး ပြော ကြမှာပေါ့။ ပြည်ခိုင်ဖြိုးပါတီ တချို့ကလည်း ဒါက ချိုးဖောက်တာမဟုတ်ပါဘူး ပြောတာလည်းရှိမှာပေါ့။ ဦးရွှေ မန်းဘက်က ပုဂ္ဂိုလ်များကျတော့လည်း ချိုးဖောက်တယ်လို့ ပြောတာရှိမှာပေါ့။ အဲတော့ ဘာက အတည်ဖြစ်မှာလဲဆို တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကသာလျှင် အတည်ဖြစ်မှာ။ အဲဒီအခြေခံဥပဒေဆိုင် ရာခုံရုံးကို တင် လျှောက်ရမှာ။
မေး။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ချိုးဖောက်တယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် နိုင်ငံတော်သမ္မတကို စွပ်စွဲ ပြစ်တင်လို့ရလား။
ဖြေ။ ။ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ယူဖို့ဆိုရင် သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ချုပ် စသဖြင့်ပေါ့။ ၆ ယောက်လောက်ရှိတယ်။ အဲဒီသတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တွေကနေ တင်နိုင်တယ်။ နောက်ပြီးတော့ လွှတ် တော် ကိုယ်စားလှယ်တွေက စုပေါင်း လက်မှတ်ထိုးပြီးလည်း တင်နိုင် တယ်။ အဲလိုတင်ပြီးတော့ ခုံရုံးက ဆုံးဖြတ်ပြီး ပြီ ဆိုရင်တော့ ဖွဲ့စည်းပုံကို ချိုးဖောက်မှုနဲ့ဆိုပြီး စွပ်စွဲပြစ်တင်လို့ရတယ်။
မေး။ ။ အဲလိုစွပ်စွဲပြစ်တင်ဖို့ကို သူရဦးရွှေမန်းအနေနဲ့ လုပ်မယ်လို့ထင်လား။
ဖြေ။ ။ အခုအနေအထားအရ ဦးရွှေမန်းမှာရန်သူတွေ များနေတယ်။ သမ္မတရယ်၊ ကြံ့ခိုင်ရေးပါတီရယ်၊ တပ်မတော် ရယ် ရှိ တယ်။ ဒီအင်အားတွေကို Force နဲ့တုန့်ပြန်ရင် သူများအမှားက ကိုယ့်အမှားဖြစ်သွားနိုင်တယ်။ အခု အပြောင်း အလဲမှာ အရှုံးထဲကအမြတ်အနေနဲ့ ဦးရွှေမန်းဟာ ပြည်သူလူထုရဲ့ကရုဏာသက်မှုကိုရတယ်။ အဲဒီလိုအချိန်မှာ စွပ်စွဲ ပြစ်တင်တာ မျိုးသွားလုပ်ရင် သူ့အတွက် အကျိုးမရှိနိုင်သလို ဘယ်သူ့အတွက်မှလည်း အကျိုးမရှိနိုင်ဘူး။ ပြီးတော့ သူက လွှတ် တော်ထဲမှာ ပြောထားတာက ပါတီတွင်းကိစ္စတွေကို လွွှတ်တော်ထဲယူမလာပါနဲ့လို့ ပြောထားတာရှိတယ်။ အဲတော့ သူက လုပ်မယ့်ဆန္ဒမရှိဘူးလို့ ခန့်မှန်းတယ်။
မေး။ ။ USDP အတွင်းဖြစ်သွားတဲ့ သမ္မတဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ရဲ့ အကွဲအပြဲကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ သူတို့ပါတီတွင်းမှာ ဦးရွှေမန်းက ၅ နှစ်တာကာလအတွင်းမှာ ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ အကဲဖြတ်ချက်ပေါ့နော်။ လွှတ်တော်ထဲရောက်နေတဲ့ တတိယအင်အားစုလို့ခေါ်နိုင်တဲ့ တိုင်းရင်းသားပါတီတွေ၊ NDF တို့လိုပါတီတွေနဲ့ နောက်တခါ အတိုက်အခံ NLD တို့ကတော့ ဦးရွှေမန်းရဲ့ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်နာယက အဖြစ်နဲ့ ဆောင်ရွက်တဲ့ကိစ္စတွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကပါတယ်။ ကောင်းမှုတွေ ပြုခဲ့တယ်လို့ ကျနော်တို့က သုံးသပ်ပေမယ့် ပြည်ခိုင်ဖြိုးပါတီဘက်ကကျတော့ သူ့ကို ပြည်ခိုင်ဖြိုးပါတီအစိုးရကို ချည့်နဲ့ အားနည်း အောင်လုပ်တယ်ဆိုတာမျိုး မြင်ထားမှာပေါ့လေ။ ဒါကြောင့်သူ့ကို လွှတ်တော်ဥက္ကဋ္ဌတာဝန်ရော၊ ပြည်ခိုင်ဖြိုး ပါတီရဲ့ဥက္ကဋ္ဌ တာဝန်ရော တွဲပြီးပေးထားတာဟာ အန္တရာယ်ကြီးတယ်။ မဖြစ်သင့်ဘူး။ နောက်ဆုံး အခုလာမယ့် ရွေး ကောက်ပွဲအပြီး သမ္မတရွေးဖို့ကိစ္စအထိပါ သူတို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့် သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုပါ Out of Control ပေါ့။ ထိန်း ချုပ် နိုင်စွမ်းမရှိတော့လောက်အောင်အထိ ဖြစ်နေပြီဆိုပြီးတော့ အာဏာကို ပြန်လွှဲယူလိုက်တဲ့ သဘောပဲ။
တရားဝင်အသုံးအနှုန်းကတော့ ဥက္ကဋ္ဌအစစ်အမှန်က သမ္မတဦးသိန်းစိန်ပဲဖြစ်လျက်ရှိတုန်းပဲ။ ယာယီဥက္ကဋ္ဌ တာဝန်ကို ဦးရွှေမန်းဆီကနေ ဦးဌေးဦးကို လွှဲပေးတယ်လို့ တရားဝင်သုံးနှုန်းတာပေါ့။ နိုင်ငံရေးအဓိပ္ပာယ်အရ ပြောမယ်ဆိုရင် တော့ ပါတီအပေါ် ချုပ်ကိုင်တဲ့သြဇာအာဏာကို ဦးသိန်းစိန်လက်ထဲပြန်ယူလိုက်တဲ့သဘောပါပဲ။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ သူတို့ပါတီက သမ္မတလောင်းတင်မယ်ဆိုရင် ဦးသိန်းစိန် သို့တည်းမဟုတ် တပ်မတော် က တင် လာမယ့် သမ္မတလောင်းကို ဝိုင်းဝန်းထောက်ခံကြမယ်ဆိုရင် သူတို့က တပ်မတော်ကမဲနဲ့ ပြည်ခိုင်ဖြိုးပါတီက မဲနဲ့ ပေါင်းပြီးသမ္မတလောင်းတယောက်ကို ဘုံသဘောတူညီချက်နဲ့ ရွေးနိုင်အောင်လုပ်လိုက်တဲ့ ခြေလှမ်းပါပဲ။
မေး။ ။ အခုလို ပါတီရဲ့ခေါင်းဆောင်ပိုင်းအပြောင်းအလဲကို ညီလာခံခေါ်ယူခြင်းမရှိဘဲ လုပ်လိုက်တာဟာ ပါတီတွင်း အာဏာသိမ်းတယ်လို့ပြောလို့ရလား။
ဖြေ။ ။ ဒီဟာက သူတို့ပါတီတွင်းမှာ ခေါင်းဆောင်မှုကို ရွေးချယ်တင်မြှောက်ခြင်း၊ တာဝန်ပေးအပ်ခြင်းနဲ့ တာဝန်မှ ရုပ်သိမ်းခြင်းဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပါတီစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေရှိရမယ်။ မရှိဘူးဆိုရင် ရှိအောင် သူတို့လုပ်ထားသင့်တယ်။ ဗဟိုကော်မတီက ရေးဆွဲထားပြီး အများဆုံးဖြတ်ပြီး ပါတီညီလာခံကနေ အတည် ပြုရမှာ။ ပြီးရင် အဲအတိုင်းလိုက်လုပ်ရမှာ။ အဲလိုမဟုတ်ဘဲ ဒီလိုရုတ်တရက် အင်အားသုံးပြီးလုပ်တယ်ဆိုတဲ့ဟာမျိုးကို နိုင်ငံရေးဝေါဟာရအရဆိုရင် ပါတီတွင်းအာဏာသိမ်းတယ်လို့ ခေါ်တာပေါ့။ လုပ်နည်းလုပ်ဟန်တွေရှိရဲ့သားနဲ့ မလုပ်ခဲ့ ဘူးဆိုရင်တော့ ပါတီတွင်းနိုင်ငံရေးအာဏာသိမ်းတယ်ပေါ့။