ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ လူများကို ရန်ကုန်မြို့သို့ ခိုးသွင်းလာစဉ် ဖမ်းမိ၍ မှော်ဘီ ရဲစခန်း၌ ထိန်းသိမ်း စစ်ဆေးနေကြောင်း သိရသည်။
စစ်တွေမြို့နယ် သဲချောင်းနှင့်သက်ကယ်ပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီ ၂၀ ကျော်အား တပ်မတော် စစ်ကားများဖြင့် တင်ဆောင်၍ ပန်းတောင်းမြို့အထိ ပို့ဆောင်ပေးကြောင်း၊ ထိုမှ တဆင့် အရပ်ဘက်ကားများထံ လွှဲပြောင်းပေး၍ ရန် ကုန်မြို့သို့ ခိုးသွင်းလာစဉ် အမှတ် ၄ လမ်းဆုံ၌ သြဂုတ်လ ၂၀ ရက်နေ့က ဖမ်းမိခြင်း ဖြစ်ကြောင်း The Voice weekly ဂျာနယ်၌ ဖော်ပြထားသည်။
ဒုက္ခသည် စခန်းမှ ဘင်္ဂါလီ ၂၉ ဦး အား ရန်ကုန်သို့ တရားမဝင် ပို့ဆောင်ရာတွင် လူကြီး တဦးလျှင် ကျပ် ၁၂ သိန်း၊ က လေး တဦးလျှင် ကျပ် ၆ သိန်း စီ ပေးဆောင်ရသည်ဟု ဖမ်းဆီးခံရသူများက ထွက်ဆိုကြကြောင်း၊ လူ ၂၉ ဦး အနက် ၁၀ ဦး သာ မှော်ဘီမြို့အထိ ရောက်ရှိပြီး၊ ကျန်သူများသည် ပန်းတောင်းမြို့၌ ကျန်နေခဲ့ကြောင်း၊ ၎င်းတို့အား ဖမ်းဆီးရမိ ရေးအတွက် အာဏာပိုင်များက ဆောင်ရွက်နေကြောင်း သိရသည်။
ဘင်္ဂါလီများအား ရန်ကုန်မြို့သို့ တရားမဝင် ပို့ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မှော်ဘီ ရဲစခန်းထံ ဧရာ ဝတီ က ဆက်သွယ်ခဲ့ရာ၊ ရဲစခန်းသို့ ကိုယ်တိုင်လာရောက်မှသာ ဖြေဆိုနိုင်မည်ဟု စခန်းတာဝန်ရှိသူ တဦးက ဆိုသည်။