ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်စွန့်ရန် ပြောကြားလိုက်ပြီးနောက် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အစိုးရ တပ်မတော်တို့အကြား ယနေ့နံနက်ပိုင်းတွင် ထပ်မံ၍ တိုက်ပွဲဖြစ်ပွားကြောင်း သတင်း ရရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်(တအာင်း)ဒေသအတွင်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး
ယနေ့ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် သြဂုတ်လ ၂၃ ရက်က တိုက်ပွဲဖြစ်သည့်နေရာနှင့် မိုင်းငေါ့ မြို့နယ်ခွဲတို့တွင် ဖြစ်ကြောင်း TNLA က ပြောသည်။
TNLA တပ်မဟာ ၂နယ်မြေ နမ့်ဆန်မြို့နယ် တာလက်ကျေးရွားအနီးတွင် TNLA တပ်ရင်း(၄၃၄)နှင့် တပ်မတော် တပ်မ(၇၇)တို့သည် ယနေ့ နံနက် ၇ နာရီခန့်မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအိုက်ကျော် က ပြောပြသည်။
ဗိုလ်ကြီး မိုင်းအိုက်ကျော်က“ဇွန်လလောက် ကတည်းက နယ်မြေခံတပ်ရင်းအပြင် တပ်မ ၄ ခုလောက် အစိုးရဘက်က ထပ်တိုးပြီး လှုပ်ရှားလာတာ။ အခုတော့ စောင့်ကြည့်နေကြတယ်။ တဖက်ဖက်က လှုပ်ရှားလာရင်တော့ တိုက်ပွဲ ဆက်ဖြစ်မယ့် အနေအထား ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း ဒဏ်ရာရ ကျဆုံးနှင့် ပတ်သက်၍မူ အသေအချာ မသိရှိရပေ။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့် ဒေသ တိုက်ပွဲများအတွင်း မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)အနေဖြင့် အချုပ်အခြာ အာဏာကို ထိပါးလာသဖြင့် ငြိမ်းချမ်းရေးလုပ်၍ မရကြောင်း၊ ထို့ပြင် ၎င်းနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် TNLA သည်လည်း လက်နက်စွန့်ရမည် ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA)ကို လက်မှတ်ရေးထိုးရေးအတွက် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ထံသို့ ဖိတ်ခေါ်စာ ပေးပို့ခဲ့သော်လည်း MNDAA၊ TNLA တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ဖွဲ့ကိုမူ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း အစိုးရဘက်က ထုတ်ပြန် ပြောဆိုထားသည်။
ယခုကဲ့သို့ NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့အား ပါဝင်ခွင့်မပြုခြင်းသည် ခွဲခြားဆက်ဆံသည့် သဘောဖြစ်ပြီး အဖွဲ့ငယ်များအပေါ် လက်နက်စွန့်ရန် ဖိအားပေးကာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အင်အား လျော့နည်းရန် ပြုလုပ် သွားမည့် သဘောဖြစ်ကြောင်း TNLA မှ ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောသည်။
NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်ရေးနှင့် ပတ်သက်၍လည်း နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် တို့နှင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်များ မကြာခင် ထပ်မံ ဆွေးနွေးသွားရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၄ ရက် ကြာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး (EASO)တွင် သဘောတူ ဆုံးဖြတ်ခဲ့ကြ သည်။