မန္တလေးတိုင်း ဒေသကြီး သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့မှ ရေဘေးဒုက္ခသည် အိမ်ထောင်စု ၁၀၀ ဝန်းကျင်သည် နေစရာ အခက် အခဲ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“စားဝတ်နေရေးအတွက် စားဖို့က လောလောဆယ် ဖြေရှင်းလို့ရပေမယ့် အဓိက အခက်အခဲက နေစရာပဲ။ ရေဘေးဒုက္ခသည်တချို့ လောလောဆယ် နေနေတဲ့အိမ်တွေ ကြည့်စရာ ရှုစရာတောင် မကောင်းဘူး”ဟု သပိတ်ကျင်းမြို့နယ် တွင်းငယ်တိုက်နယ် ဒေသခံ ဦးမြင့်ဇော်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်း အတွင်းရှိ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ညောင် ဦးနှင့် မြင်းခြံမြို့များတွင် ရေကြီးရေလျှံခြင်း၊ ကမ်းပါးပြိုခြင်း၊ တံတားများ ပျက်စီးခြင်းတို့ကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သိရသည်။
အိမ်ရာများ ပြန်လည်ဆောက်လုပ်ရေးနှင့် ပတ်သက်၍ မန္တလေးတိုင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက “နေရာထိုင်ခင်းတွေ ပြန်ချထားပေးဖို့ ဝန်ကြီးချုပ်က တာဝန်ပေးလာရင်တော့ လုပ်ပေးမယ်။ ဒီကိစ္စတွေက သီးသန့်ဘတ်ဂျက်နဲ့မှ ရမှာပါ။ ပြည်ထောင်စု ဘတ်ဂျက်လား။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့လား ဆိုတာ အခုလောလော ဆယ်တော့ မသိရသေးပါဘူး”ဟု ပြောသည်။
သပိတ်ကျင်းမြို့နယ် တွင်းငယ်တိုက်နယ်တွင် ရေဘေးကြောင့် လူ ရှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးသည် ယခုတိုင် ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ရေဘေးသင့် ဒုက္ခသည်များအနက် နေစရာ အခက်အခဲ ရှိနေသည့် အိမ်ထောင်စုပေါင်း ၃၀ ခန့် ရှိကြောင်း သိရသည်။
ထိုအိမ်ထောင်စုများအတွက် ရွာတောင်ဘက်ပိုင်းရှိ မြေလွတ်များတွင် မြေနေရာအကွက် ချပေးမည်ဟု သတင်းများ ကြားသိရသော် လည်း လောလောဆယ်တွင် မည်သည့်အကူအညီမှ ရောက်ရှိမလာသေးကြောင်း ဒေသခံများက ပြောသည်။
“မိုးရွာရင် အိပ်ကိုမအိပ်ရဲဘူး။ ညလုံးပေါက် အလင်းငုတ်တုတ် ထိုင်နေရတယ်။ အိမ်ထဲမှာ နေဖို့လည်း စိတ်မချရ၊ လုပ်ငန်းလည်း ထွက်မလုပ်ရဲဘဲ ဒီအန္တရာယ်များတဲ့ ချောင်းဘေးနားမှာပဲ မရွှေ့နိုင် မပြောင်းနိုင် ဖြစ်နေရတယ်။ ရွှေ့စရာလည်း မြေနေရာ မရှိဘူး” ဟု တောင်ကျချောင်းရေကြောင့် အိုးအိမ်ပျက်စီးခဲ့သည့် စဉ့်ကူးမြို့နယ် ရေမျက်ကျေးရွာသား တဦးက ပြောသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ရေမျက်ကျေးရွာ၏ အထက်ဘက်ရှိ ပုဂ္ဂလိက ရွှေလုပ်ကွက်များက ချောင်းအတွင်း မြေစာ များ စွန့်ပစ်ခြင်းကြောင့် မြေစာများပိတ်ကာ၊ မိုးများလာပြီး တောင်ကျရေ ကျချိန်တွင် ရွာတရွာလုံး မြေစာသဲများ ဖုံးလွှမ်းသွားခဲ့ကြောင်းနှင့် ချောင်းအနီး၌ နေထိုင်ကြသည့် နေအိမ်များ ရေစီးအတိုင်း မျောပါသွားခြင်း ဖြစ်သည်ဟု ရေမျက်ကျေးရွာ ဒေသခံများက ပြောပြသည်။
ရေမျက်ကျေးရွာတွင် ရေဘေးကြောင့် အိမ်ခြေပေါင်း ၁၄၀ နီးပါး ပျက်စီးခဲ့ပြီး လက်ရှိအချိန်တွင် ချောင်းနံဘေးတွင် ဆက်လက် နေ ထိုင်နေကြသည့် အိမ်ခြေပေါင်း ၅၀ ခန့် ရှိနေကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ရေဘေး ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး“မန္တလေးတိုင်းမှာ ရေဘေး တော်တော်လေး ဖြစ်သွားတယ်။ အိမ်တွေလည်း ပျက်တယ်။ တချို့ကျွန်းထဲက ရွာတွေဆို ကမ်းပါးပြိုပြီး ရွာလုံးကျွတ် ရွှေ့ရမယ့် အနေအထားတွေ ရှိတယ်။ အလှူရှင်တွေ လှူတဲ့ငွေတွေကို ပြန်လည်နေရာချထားရေးကို ဦးစားပေး လုပ်ပါ့မယ်”ဟု ပြောဆို သည်။
မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရေဘေးသင့် ဒေသများ၌ ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်တွင်းပြည်ပ အလှူရှင်များ လှူဒါန်းထားသည့် ငွေကြေး စုစုပေါင်း ကျပ်သိန်း တသောင်းကျော် ရရှိပြီး ဖြစ် ကြောင်းလည်း ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။