မကွေးတိုင်း၊ နတ်မောက်မြို့သစ်နယ်မြေ၊ ပဲခူးရိုးမဒေသဘက်မှ ကျွံထွက်လာသည်ဟု ယူဆရသည့် တောဆင်ရိုင်း ၆ ကောင်ကို ၎င်းတို့ လာရာလမ်းကြောင်းအတိုင်း ပြန်လည် ပို့ဆောင်သွားနိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောသည်။
လူနေအိမ်ခြေများ ရှိရာဘက်သို့ လမ်းကြောင်းလွဲကာ ရောက်မလာစေရန် ဆင်ယဉ်များ၊ တာဝန်ရှိ အဖွဲ့အစည်းများဖြင့် ထိန်းသိမ်းသွားမည်ဖြစ်ပြီး အကယ်၍ လိုအပ်လာပါက မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ထိန်းသိမ်းကာ ဘေးမဲ့တောများသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ညောင်ဦးခရိုင်အတွင်းရှိ တောဆင်ရိုင်းများ ကျက်စားသွားလာခဲ့သည့် နေရာများအား လေ့လာကြည့်ခဲ့ရာ အဆိုပါ ဆင်ရိုင်းများသည် ဖျက်ဆီးလိုစိတ် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း၊ ၎င်းတို့လမ်းကြောင်းတွင် အနှောင့်အယှက်ဖြစ်သောကြောင့် ပြန်လည် တုံ့ပြန်မှုမျိုးကိုသာ တွေ့ရကြောင်း ဆင်ဆရာဝန် ဒေါက်တာ စည်သူဝမ်ထွန်းက ပြောသည်။ ဒေါက်တာ စည်သူဝမ်ထွန်းသည် မြန်မာ့သစ်လုပ်ငန်းတွင် အငြိမ်းစား လက်ထောက် အထွေထွေ မန်နေဂျာ၊ ဆင်ဆရာဝန် တဦးဖြစ်သည်။
တောဆင်ရိုင်းများ သွားရာလမ်းကြောင်းကို အတင်းအကြပ် တားဆီးခြင်းမျိုးထက် သူတို့သွားလိုသော လမ်းကြောင်းတွင် ရွာများရှိနေလျှင် ထိုလမ်းများမှ ဆီးကြိုကာ ဆင်ယဉ်များဖြင့်ကာခြင်း၊ မေ့ဆေးသေနတ်ဖြင့် ကာခြင်း၊ ယမ်းထုပ် ဖောက်ခွဲ၍ ကာခြင်း စသည့်နည်းများဖြင့် ကာကွယ်ကာ မူလဒေသသို့ ပြန်ပို့နိုင်မည့် အစီအစဉ်ကို တာဝန်ရှိ အဖွဲ့အစည်းများထံ တင်ပြထားကြောင်း ဒေါက်တာ ဝမ်ထွန်းက ပြောသည်။
ဆင်ထိန်းသိမ်းရေး၊ ပိတ်ဆို့ရေးအဖွဲ့နှင့်အတူ တောဆင်ရိုင်းများအား ထိန်းကျောင်းနိုင်ရန် တောဆင် ထိန်းသိမ်းရေးအတွက် လေ့ကျင့် သင်ကြားထားသည့် ယဉ်ပါးသော ဆင်ကြီး ၆ ကောင်၊ အသုံးပြုရန် မေ့ဆေးသေနတ် ၄ လက်၊ မေ့ဆေး သေနတ်သမားများ စုဖွဲ့ထားကြောင်း၊ လိုအပ်ပါ တောဆင်ရိုင်းများအား ယာဉ်ကြီးများဖြင့် တင်ဆောင်
ရွှေ့ပြောင်းနိုင်ရန်အတွက် ၁ဝ ဘီးတပ်ယာဉ် ၇ စီး ပြင်ဆင်ထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
အဆိုပါတော ဆင်ရိုင်းများကြောင့် ယမန်နေ့ကအထိ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြိုနယ် ၂ ခုအတွင်း လူတဦးသေဆုံးကာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်ခြေပျက်စီးမှု မရှိကြောင်း၊ ဆင်များသည် ရွာများ၊ လူများကို ကွင်းရှောင်သွားလိုသည့် လက္ခဏာရှိသော်လည်း ဒေသခံများက ဆင်ကို ဝိုင်းအုံကြည့်ရှုရာမှ ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ကြုံရခြင်း ဖြစ်နိုင်ကြောင်း တောဆင်များနောက်သို့ လိုက်ပါစောင့်ကြည့်နေသည့် သစ်တောဝန်ထမ်းတဦးက ပြောသည်။
ဆင်များသည် မကြားဖူးသောအရာ၊ မမြင်ဖူးသောအရာ၊ မရဖူးသော အနံ့များကို နှစ်သက်ခြင်း မရှိသည့်အတွက် ဆင်များ မမြင်ဖူးသည့် ဖလက်ချ်မီးကဲ့သို့ အလွန်စူးရှသည့် ကင်မရာ အလင်းရောင်မျိုးကို ရုတ်တရက်ကြုံလိုက်ရသည့်အခါ မလွှဲမရှောင်သာ တုံ့ပြန်ရာမှ ယခုကဲ့သို့ လူသေဆုံးရခြင်း ခြင်းဖြစ်နိုင်ကြောင်း ဒေါက်တာ စည်သူဝမ်ထွန်းက သုံးသပ်သည်။
ယနေ့ နံနက် ၇ နာရီ အချိန်အထိ အဆိုပါ တောဆင်ရိုင်းများသည် ညောင်ဦးခရိုင်၊ တူရင်တောင်တန်း တောင်ဘက်ရှိ ဝါခင်းကြီး ကျေးရွာအုပ်စု၊ သဲတွင်းတပေါက်ရုံကျေးရွာ၊ လက်ယက်ကြီးတဲတိုက်ဘက်သို့ ရောက်ရှိနေပြီး ကျောက်ပန်းတောင်း မြို့နယ်ဘက်ထံသို့ ဦးတည်သွားနိုင်ကြောင်း သစ်တောဝန်ထမ်းများထံမှ သိရသည်။