ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရန် ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် တာဝန် ကို ထမ်းဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးနှင့်စီမံကိန်း ဝန်ကြီး ဦးမြအောင်ကို တာဝန်ပေးအပ်လိုက်ကြောင်း သတင်း ရရှိသည်။
ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည် ဖြစ်သည်ဟု ဆို သည်။
ရွေးကောက်ပွဲဝင်၍ ပါတီနိုင်ငံရေး လုပ်ဆောင်ရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အငြိမ်းစားယူသွားခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ဧရာဝတီသို့ ပြောသည်။
ဦးဦးလှသိန်းက“ရွေကောက်ပွဲ ဝင်မယ်ဆိုတော့ စစ်တပ်ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ရသလို၊ ဝန်ကြီးချုပ်လည်းပဲ လုပ်လို့ မရ တော့ပါဘူး။ ဦးမောင်မောင်အုန်းနေရာမှာ ပြည်နယ်စီးပွားရေး ဝန်ကြီး ဦးမြအောင်ကို ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက် ဖို့ ခန့်အပ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ဗိုလ်ချုပ် ရာထူး အဆင့်ရှိ ဦးမောင်မောင်အုန်းကို ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုသဖြင့် ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဇွန်လတွင် ခန့်အပ် တာဝန်ပေးခဲ့သည်။
၎င်းသည် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်မဖြစ်မီ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်တဦး ဖြစ်သည်။
ဦးမောင်မောင်အုန်းအား ပြည်နယ်ဝန်ကြီးချုပ် အဖြစ်မှ အနားယူခွင့်ပြုသည့် ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်က ယနေ့ အမိန့်ထုတ်ပြန်ခဲ့သည်။
ဦးမောင်မောင်အုန်း ဝင်ရောက်ယှဉ်ပြိုင်မည့် အမ်းမြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ မြို့ ဖြစ်ပြီး တပ်မတော် သားများနှင့် အစိုးရဝန်ထမ်း အများစု နေထိုင်သည့် မြို့လည်း ဖြစ်သည်။ ထို့အပြင် ကြံ့ခိုင်ရေး ပါတီ၏ အမာခံ နယ်မြေတခုဟုလည်း သိရသည်။
ဦးမောင်မောင်အုန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့စဉ်က ရခိုင်လူမျိုး မဟုတ်သဖြင့် ရခိုင်လူထုက ဆန့်ကျင်ကန့်ကွက် ခဲ့ကြသေးသည်။ သို့သော် ၎င်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း ဆန့်ကျင်ကန့်ကွက်မှုများ မရှိခဲ့ပေ။
ဦးမောင်မောင်အုန်းကမူ ရခိုင်ပြည်သူများက မလိုလားသော်လည်း နိုင်ငံတော်၏ တာဝန်ပေးချက်အရ ရခိုင်ပြည်နယ်နှင့် ရခိုင်ဒေသ တိုးတက်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဟု တုံ့ပြန်ခဲ့သည်။
ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် ပြည်နယ် ဝန်ကြီးချုပ် တာဝန် ဆက်လက် ထမ်းဆောင်ရန် နိုင်ငံတော်က တာဝန်ပေးအပ် လာပါက ဆက်လက် ထမ်းဆောင်သွားမည်ဟု မီဒီယာများအား ထုတ်ဖော်ပြောဆိုထားသည်။
ဦးမောင်မောင်အုန်းထံမှ ဝန်ကြီးချုပ်တာဝန် ဆက်ခံသူ ဦးမြအောင်သည် သမဝါယမဝန်ကြီးဋ္ဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သချာၤဘွဲ့ရရှိထားသူဟု ၎င်းနှင့် နီးစပ်သူများက ပြောသည်။ ၎င်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်ရန် ဦးမောင်မောင်အုန်းကိုယ်တိုင်က အဆိုပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ကြံ့ခိုင်ရေး ပါတီဝင်တဦးလည်း ဖြစ်သည့် ဦးမြအောင်သည် အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင်လည်း မြို့နယ် ကောင်စီဝင်တဦး ဖြစ်သည်ဟု သိရသည်။
ဦးမောင်မောင်အုန်း မတိုင်ခင်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရခိုင်တိုင်းရင်းသားတဦး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး အငြိမ်းစား ဦးလှမောင်တင်က တာဝန်ယူခဲ့သည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကဲ့သို့ပင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းကိုလည်း နားခွင့်ပြုလိုက်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ရွေးကောက်ခံ ကိုယ်စားလှယ်အဖြစ်မှ ဝန်ကြီးချုပ် ဖြစ်လာသူများ မဟုတ်ပေ။ ဦးဇော်မင်းသည် ဗိုလ်မှူးချုပ် အဖြစ် စစ်ဘက်ဆိုင်ရာ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
စစ်တွေမြို့မှ သတင်းထောက် မင်းအောင်ခိုင် ပူးပေါင်းရေးသားသည်။