၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ ကိုယ်စားလှယ်လောင်း ၄ ဦးကို ရွေးကောက်ပွဲ ဥပဒေများနှင့် မကိုက်ညီဟု ဆိုကာ ပယ်ချခံထားရကြောင်း NLD က ပြောသည်။
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ပယ်ချခံထားရသူများတွင် မန္တလေးမှတဦး၊ ကယားပြည်နယ်တွင် တဦးနှင့် ရှမ်းပြည်နယ်အတွင်း ၂ဦး ပါဝင်သည်ဟု ကြားသိထားကြောင်းနှင့် ဥပဒေနှင့် ညီမညီကို ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း NLDပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောဆိုသည်။
ဦးဉာဏ်ဝင်းက“ဥပဒေနဲ့အညီလုပ်လို့ ပယ်ချခံရတာဆို ပြောစရာမရှိပါဘူး၊ ကျနော်တို့ဘက်ကတော့ အယူခံဝင်ဖို့နဲ့ လိုအပ်တာတွေလုပ်သွားမယ်”ဟုလည်း ဧရာဝတီကို ပြောပြသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပလောင် ကိုယ်ပိုင်ချုပ်ခွင့်ရ ဒေသအတွင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးယဉ်မျိုးနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်တို့ကို မိဘနှစ်ဦး နိုင်ငံသားမဖြစ်ဟု ဆို ကာ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၀ မှ ဦးဖြိုးဝေအောင်ကို အသက် ၃၀ မပြည့်သဖြင့် ပယ်ချ ခြင်းဖြစ်ကြောင်းနှင့် ကျန်တဦးမှာမှု အကြောင်းအရင်း အတည်မပြုနိုင်သေးကြောင်းလည်း NLD မှ သိရသည်။
အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း ၅၊ ပုဒ်မ ၈၊ အပိုဒ်ခွဲ က(၁)တွင် ကိုယ်စားလှယ်လောင်း လျှောက်ထားသူသည် အသက် ၃၀ ပြည့်ရမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် အသက် ၂၅ နှစ် ပြည့်သူဖြစ် ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစံအောင်က“ဒီမှာ NLDက ကိုယ်စားလှယ် ၄ ဦး တင်ထား တယ်၊ တယောက်က မိဘတွေက နိုင်ငံသားမဖြစ်သေးတာကို စစ်ဆေးတွေ့ရှိတဲ့အခါ ပယ်တယ်လို့ မဖြစ်စေချင်တဲ့အတွက် ညှိနှိုင်း တော့ သူတို့ပဲ ပြန်နုတ်ထွက်သွားတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဦးကမူ ၎င်းတို့ ကိုယ်စားလှယ်လောင်းများ ပယ်ချခံရမှုများနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် အတည်ပြု ထုတ်ပြန်ရန် မဖြစ်နိုင်သေးဘဲ ကော်မရှင်က နောက်ဆုံး ထုတ်ပြန် သည့် စာရင်းထွက်မှသာ အတည်ပြုထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ထို့အပြင် NLDပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားကြောင်းလည်း ဦးမောင်မောင်ဦးက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်လောင်း စိစစ်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၃၁ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသူ ကိုယ်စားလှယ်လောင်း စာရင်းကို အတည်ပြုထုတ်ပြန်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။