တရုတ်ရဲ့ စစ်ရေးလေ့ကျင်မှုကို တန်ပြန်ဖို့ အမေရိကန်က အာရှ-ပစ္စဖိတ်ဒေသမှာ စစ်ရေးလေ့ကျင့်မှု တိုးမြှင်ရန် လုပ်ဆောင်နေကြောင်း Reuters သတင်းတွင်ဖော်ပြထားပါတယ်။
ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ အာရှပစ္စဖိတ်ဒေသ ရေပြင်ပိုင်နက် လုံခြုံရေး မဟာဗျူဟာ မူကြမ်းနဲ့ ပတ်သက်ပြီး အမေရိကန် ပစ္စဖိတ်တပ်တော်စု ရဲ့ ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ်ဟာ မနီလာမြို့မှာ ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီး ဟာနန်ဒို အီရီဘာရီနဲ့ ဆွေးနွေးခဲ့ရာမှာ အငြင်းပွားနေတဲ့ ဒေသမှာ စစ်ရေးလေ့ကျင့်မှု ပိုမိုပြုနိုင်ဖို့ ဆွေးနွေးခဲ့ တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ပစ္စဖိတ်တပ်တော်စု ပြောခွင့်ရ ဗိုလ်မှူးကြီး ပက်ဒီလာကတော့ ဒီဆွေးနွေးပွဲမှာ တဲ့ အငြင်းပွားနေတဲ့ တောင်တ ရုတ် ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ် အရေးကို အဓိကထားကာကွယ်ဖို့၊ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာ ဖို့ တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
AP သတင်းတပုဒ်မှာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဌာနအတွင်းဝန် Voltaire Gazminက အမေရိကန်အနေနဲ့ တောင်တရုတ်ပင်လယ်မှာ ကင်းလှည့်လေယာဉ်တွေ ပျံသန်းခြင်းနဲ့ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို တန်ပြန်ဖို့၊ ဖိလစ်ပိုင် စစ်တပ် သယ်ယူပို့ဆောင်ရေးနဲ့ ထောက်ပံရေးအတွက် ကူညီဖို့ ပစ္စဖိတ်တပ်တော်စု ရဲ့ ဗိုလ်ချုပ်ကြီး ဟာရီ ဟဲရစ်နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီး၊ အမေရိကန်ကလည်း ကူညီဖို့ အသင့်ရှိတယ်လို့ ဖော်ပြပါတယ်။
တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဘရူနိုင်း နိုင်ငံတွေ အကြား ပိုင်ဆိုင်ရေး အငြင်းပွားမှုများ ဖြစ်ပေါ်နေကာ ပြီးခဲ့တဲ့ နွေဦးပေါက်က ဖိလစ်ပိုင် နိုင်ငံဟာ တရုတ်တို့ နဲ့ အငြင်းပွားနေတဲ့ စပတ်တလီကျွန်းအနီးမှ အမေရိကန်၊ ဂျပန် တို့နဲ့ စစ်ရေးလေ့ကျင်ခဲ့ပါသေးတယ်။
တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက အမေရိကန်ကို အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ဒေသမှာ တပ်တွေချထားခြင်း စစ်ရေးလေ့ကျင်ခြင်းတွေ မလုပ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းထားပါတယ်။