ရေကြီးခြင်းနှင့် မြေပြိုခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည့် ချင်းပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ကျပ်ဘီလီယံ ၂၀ ကျော် ထောက်ပံ့ပေးရန် ပြည်ထောင်စုအစိုးရထံမှ ချင်းပြည်နယ် အစိုးရက တောင်းခံထားကြောင်း သိရ သည်။
“ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက် ငွေကျပ် ဘီလီယံ ၂၀ ကျော်ကို ပြည်ထောင်စု အစိုးရဆီကို တင်ပြ တောင်းခံ ထားပါတယ်။ သမ္မတကြီးကိုယ်တိုင်က ဒီနေရာတွေဟာ မဖြစ်မနေ ပြန်လည် ထူထောင်ရေးလုပ်ဖို့ လိုတယ်လို့ ပြောထား တော့ ပြည်ထောင်စု အစိုးရက ကူညီပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက ဧရာဝတီကို ပြောသည်။
ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့် ရေကြီးမြေပြိုမှုများကြောင့် ချင်းပြည်နယ်၏မြို့တော် ဟားခါး အပါအဝင် မင်းတပ်၊ မတူပီ၊ တွန်းဇံ၊ ပလက်ဝနှင့် တီးတိန်မြို့နယ်များ အတွင်းရှိ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက် အအုံများ၊ မြစ်ကူးချောင်းကူး တံတားများနှင့် အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံများ စသဖြင့် အဆောက်အအုံပေါင်း ၂၀၀၀ ကျော် ပြိုကျပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရရုံး စာရင်းများအရ သိရသည်။
“ကျပ်ဘီလီယံ ၂၀ ကျော်ကို ပြိုပျက်သွားတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ လမ်းတံတားတွေနဲ့ ဒေသ ခံ ပြည်သူတွေရဲ့အိမ်တွေ ပြန်လည်တည်ဆောက်ရေးမှာ အသုံးပြုဖို့ပါ။ နောက်ပြီးတော့ အိမ်ဆောက်ရာမှာသုံးဖို့ သစ်တန် ၄၀၀၀ ကျော် ထုတ်လုပ်ထားပါတယ်”ဟု ဝန်ကြီးဦးကျော်ငြိမ်းက ဆက်ပြောသည်။
ပလက်၀ တမြို့တည်းမှာပင် နေအိမ်အဆောက်အအုံပေါင်း ၉၅၀ ကျော် ပျက်စီးခဲ့ပြီး ဟားခါးမြို့တွင် အဆောက်အအုံပေါင်း ၈၀၀ ကျော်နှင့် မင်းတပ်မြို့နယ်၌ လမ်းတံတားပေါင်း ၇၄ စင်း ပြိုကျပျက်စီးခဲ့ကြောင်း ပြည်နယ်အစိုးရရုံး စာရင်းများတွင် ဖော်ပြထားသည်။
ဟားခါးမြို့တွင် ပြိုကျပျက်စီးသည့် နေအိမ် ၃၇၅ လုံးနှင့် အန္တရာယ်ရှိ၍ နေထိုင်ရန် မသင့်သည့်နေအိမ် ၃၁၈ လုံးမှ နေထိုင်ကြသူများကို ဟားခါးမြို့ အဝင်ဝရှိ ရဲသင်တန်းကျောင်း ဆောက်မည့် နေရာသို့ ရွှေ့ပြောင်းတည်ဆောက်ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဟားခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက “ရဲသင်တန်းကျောင်း ဆောက်မယ့်မြေနေရာကို သမ္မတကြီးက ဒေသခံတွေ အသုံးပြုဖို့ ခွင့်ပြုခဲ့တဲ့အတွက် မြို့ပေါ်ရပ်ကွက် ၃ ခုက အိမ်တွေကို ရွှေ့ပြောင်းပေးမှာပါ။ တမြို့လုံး ရွှေ့ပြောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟားခါး-ဂန့်ဂေါလမ်းက အခုထိ မပွင့်သေးတော့ အိမ်ဆောက်ပစ္စည်းတွေ သယ်ဖို့ အခက်အခဲ ဖြစ်နေပါတယ်။ တတ်နိုင် သမျှ အိမ်တွေ အမြန်ဆုံး တည်ဆောက်နိုင်ရေး လုပ်ဆောင်သွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
နေအိမ်များ ပြိုကျပျက်စီးခဲ့၍ အိုးအိမ်မဲ့နေသည့် ဒေသခံ ၅၀၀၀ ကျော်သည် ဟားခါးမြို့ရှိ ခိုင်ကမ်း ခန်းမ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများရှိ ကယ်ဆယ်ရေးစခန်း ၇ ခုတွင် ခိုလှုံနေရဆဲဖြစ်ပြီး ပြည်နယ် အစိုးရက စားနပ်ရိက္ခာနှင့် ယာယီရွက်ဖျင်တဲများ ထောက်ပံ့ပေးနေသည်ဟု ဟားခါးမြို့ခံများက ပြောပြကြသည်။
ရေကြီးရေတိုက်စားမှုနှင့် မြေပြိုခြင်းများကြောင့် ပျက်စီးနေသည့် လမ်းများကို ချင်းပြည်နယ် အစိုးရက ပြန်လည်ပြုပြင်လျက်ရှိရာ ကလေး-ဖလမ်း-ဟားခါးလမ်း၊ ကလေး-တီးတိန်လမ်းနှင့် ဟားခါး-ထန်တလန်လမ်းများတွင် ကားငယ်များ သွားလာနိုင်သည့် အခြေ အနေသို့ ပြန်လည်ရောက်ရှိနေပြီး ဟားခါး-မတူပီလမ်းနှင့် ချင်းပြည်နယ်၏ ဒုတိယ ထွက်ပေါက်ဖြစ်သည့် ဟားခါး-ဂန့်ဂေါလမ်းမှာ ကားများသွားလာ၍ မရသေးဘဲ ပိတ်ဆို့နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“လမ်းတွေက မကောင်းတော့ ပြည်နယ်တခုလုံးမှာ ကယ်ဆယ်ရေးလုပ်ရတာ အခက်အခဲတွေ ရှိတယ်။ ကားကြီးတွေ သွားလို့မရတော့ ဂျစ်ကားသေးတွေနဲ့ပဲ သယ်ရတဲ့အခါ ကယ်ဆယ်ရေးပစ္စည်း နည်းနည်းပဲ သယ်နိုင်တယ်။ အဲဒီတော့ ဝေရခြမ်းရတာ အရမ်းအခက်အခဲ ဖြစ်တယ်”ဟု သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက ပြောသည်။
လက်ရှိအချိန်၌ ချင်းပြည်နယ် အစိုးရက မတူပီမြို့သို့ မင်းတပ်မြို့မှတဆင့် စားနပ်ရိက္ခာများ၊ ယာယီ ရွက်ဖျင်တဲများနှင့် ကယ်ဆယ် ရေး ပစ္စည်းများ ပေးပို့နေပြီး ပလက်ဝမြို့သို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှတဆင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့နေကြောင်း သိရသည်။
စားနပ်ရိက္ခာ အခက်ကြုံနေသည့် ချင်းပြည်နယ်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) က ဆန်အိတ်များ ကူညီထောက်ပံ့လျက်ရှိပြီး ပုဂ္ဂလိက အလှူရှင်များကပါ ဝိုင်းဝန်းလှူဒါန်းပေးနေသော်လည်း ထိခိုက်ပျက်စီးသည့် ဧရိယာကျယ်ပြန့်သည့်အတွက် မလောက်ငှမှုများ ရှိနေဆဲဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့က ပြောဆိုသည်။
ဒေသခံတို့၏ ပြိုကျပျက်စီးခဲ့သော နေအိမ်များ ပြန်လည်တည်ဆောက်ရန် ချင်းပြည်နယ် အစိုးရက စီစဉ်လျက်ရှိသော်လည်း လမ်း အခက်အခဲနှင့် ရာသီဥတု ဆိုးဝါးမှုကြောင့် မိုးရာသီ ကုန်ဆုံးချိန် အောက်တိုဘာလလောက်မှသာ တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်မည်ဟု ဝန်ကြီးဦးကျော်ငြိမ်းက ဆက်ပြောသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့က မုံရွာ၊ ကလေးဝနှင့် ကလေးမြို့တို့တွင် ချင်းပြည်နယ် သဘာဝဘေးအတွက် အလှူခံဌာနများ ဖွင့်လှစ် ထားရှိပြီး ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖုန်းအမှတ် ၀၇၀ – ၂၂၅၅၀ နှင့် ၀၉ ၈၆၃၆ ၄၄၃ ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေး ကြေညာထားသည်။