အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး ဖြစ်စေချင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ(RFA) အသံလွှင့်ဌာန နှင့် တွေ့ဆုံမေးမြန်းထားသည့် “ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်” တွင် ပြောကြားလိုက်သည်။
RFA အသံလွှင့်ဌာန နှင့်ဒေါ်အောင်ဆန်းစုကြည် ၏ မေးမြန်းခန်းတွင် “အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖြစ်စေချင်တာပေါ့။ တကယ် တနိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံးကနေ ကတိတည်မယ့် စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့။ ဒါမှပဲ ဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာ” ဟု ပြောဆိုထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ပြောဆိုချက်သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရေး တိုင်းရင်းသားခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် မကြာခင်ရက်ပိုင်းအတွင်း ညှိနှိုင်းမည်နှင့်လည်း တိုက်ဆိုင်နေသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ စစ်ရေး နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးစောထူးထူးလေး ပါဝင်သောအဖွဲ့နှင့် သြဂုတ် ၂၂ ရက် က တွေ့ဆုံခဲ့ရာ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို မြန်ဆန်သေချာစွာ လုပ်ဆောင်ကြရန် ပြောဆိုခဲ့သည်ဟုလည်း သိရသည်။
KNU ၏ အထွေထွေအတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း က “သူက သေချာလုပ်ပါလို့ ပြောတဲ့ သဘောတော့ရှိတယ်။ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ကို မြန်မြန်ဆန်ဆန်လုပ်ပါ သေသေချာချာလုပ်ပါ လို့ ပြောခဲ့တယ်။ တွေ့ဆုံတာကတော့ နိုင်ငံရေးအကျိုးတူဆွေးနွေးမှု အရေးကိစ္စပါပဲ။ သူတို့ဘက်ကလည်း ပါဝင်မယ်ဆိုတာ သိရတယ်။ ကျနော်တို့က စာချုပ်သည် တရားဝင်ဖြစ်လား မဖြစ်လားပေါ့။ အခုက လွှတ်တော်မှာတင်ပြမှာဆိုတော့ တရားဝင်တော့ဖြစ်လာမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းရင်းသားများနှင့်အစိုးရ အကြား အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖြစ်စေချင်သည့်ဆန္ဒရှိပြီး ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင်များအားလုံးသည် သဘောထား တထပ်တည်းဖြစ်ကြောင်း NLD ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ရှင်းပြသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ အပါအဝင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် စက်တင်ဘာ ၉ ရက်တွင် စတင်တွေ့ဆုံညှိနှိုင်းရန် လျာထားကြောင်း အစိုးရ နှင့် ပြောဆိုပြီးဖြစ်ကြောင်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) မှ အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်က ဧရာဝတီ သို့ ပြောသည်။
အစိုးရက NCA လက်မှတ်ထိုးရန် အဖွဲ့ ၁၅ ဖွဲ့ကိုသာ ဖိတ်ခေါ်ထားပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့် တပ်မတော် (AA)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင် အမျိုးသား ကောင်စီ (ANC) အဖွဲ့ ၆ ဖွဲ့ကို အကြောင်းအမျိုးမျိုးပြ၍ ကန့်သတ်ထားဆဲဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများ၏ အဆိုအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရာတွင် အသိသက်သေအဖြစ် ကုလသမဂ္ဂအပါအဝင် ပြည်ပအဖွဲ့အစည်းများအပြင် ပြည်တွင်းရှိ ဩဇာရှိသူများကလည်း ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်မည်ဟု သိရှိရသည်။