မြန်မာနိုင်ငံ၏ လေးကြိမ်မြောက် မိုဘိုင်းလိုင်စင်အား ချထားရန် ပြည်တွင်းကုမ္ပဏီ ၁၇ ခု၏ လျောက်ထားမှုများကို ရွေးချယ်ထားကြောင်း သိရသည်။ လေးခုမြောက် မိုဘိုင်းကုမ္ပဏီ စုပေါင်းအဖွဲ့ကို တည်ထောင်မည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ပါဝင်ခွင့်ရမည့် ကုမ္ပဏီများကို စက်တင်ဘာလတွင် ကြေငြာပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန(MCIT)မှ အရာရှိတယောက်က Reuters သတင်းဌာနကို ပြောဆိုထားသည်။ ရတနာပုံတယ်လီပို့(YTP) ကုမ္ပဏီသည် ရွေးချယ်ခံရနိုင်သည့် အလားအလာရှိနေသည်။ လတ်တလော လိုင်စင်ရထားသော ကုမ္ပဏီများမှာ MPT၊ Telenorနှင့် Ooredoo တို့ ဖြစ်ကြသည်။
ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန(MCIT) ၏ အမြဲတမ်းအတွင်းဝန်လက်ထောက် ဦးချစ်ဝေက ပြည်တွင်း အကျိုးတူကုမ္ပဏီများကို ရွေးချယ်ပြီးသည်နှင့် MCITသည် နိုင်ငံတကာ အကြံပေးကုမ္ပဏီများနှင့် ဆွေးနွေးတိုင်ပင်၍ နိုင်ငံခြားကုမ္ပဏီတခုကို ပါတနာအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း ပြောသည်။ MPT သည်လည်း အလားတူတဲ့သို့ ဂျပန်မိုဘိုင်းကုမ္ပဏီ KDDIနှင့် Sumitomo Corporation တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အဆိုပါ လေးကြိမ်မြောက်လိုင်စင်သည် ၁၅ နှစ်အထိ သက်တမ်းရှိပြီး ယခုနှစ် မကုန်ခင်တွင် ခွင့်ပြုဖွယ်ရာရှိကြောင်း ဦးချစ်ဝေက Reuters သတင်းဌာနသို့ ပြောသည်။