ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်သံလွှင့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်တွင် မနေ့ကအတည်ပြု လိုက်သည်၊ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်၌ ဆွေးနွေးသည့် အတိုင်း အတည်ပြုရန် မဲခွဲ ဆုံးဖြတ်ရာ ထောက်ခံမဲများသည့်အတွက် လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြု လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းမှ ကြေညာခဲ့ပြီး ယင်းဥပဒေကြမ်းကို သမ္မတထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေကြမ်းပါ ပုဒ်မတခုတွင် လွှတ်တော် နှစ်ရပ်နှင့် အစိုးရမှ ၃ ဦးစီ ပါဝင်သော ၉ ဦးပါ ကောင်စီကို ဖွဲ့စည်းမည် ဖြစ်ပြီး၊ ရုပ်/သံ ထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ သက်တမ်း တိုးခြင်းနှင့် ရုတ်သိမ်းခြင်း တို့ကို ယင်းကောင်စီက ဆုံးဖြတ်မည် ဖြစ်သည်။ ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း ၃၀ အတွင်း သမ္မတထံ အယူခံ ဝင်နိုင်သည်လည်း ပါရှိသည်။ ပြန်ကြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်ဦးတင့်ဆွေက “ သမ္မတ လက်မှတ် ထိုးပြီးရင် ရုပ်မြင်သံကြား ကြီးကြပ်ရေး ဖွံ့ဖြိုး တိုးတက်မှု ဗဟိုအဖွဲ့ နဲ့ Broadcasting Council ဖွဲ့မယ်။ ပြီးရင် နည်းဥပဒေ ရေးဆွဲရမယ်။ နည်းဥပဒေ ရေးဆွဲ ပြီးစီးမယ့် အချိန်ကတော့ ၆ လ နဲ့ ၁ နှစ်လောက် ကြာနိုင်မယ်လို့ ထင်ပါတယ်’’ ဟု ဆင်ဟွာကို ပြောသည်။
လက်ရှိတွင် ရုပ်သံထုတ်လွှင့်ခွင့်ကို ရွှေသံလွင်ကုမ္ပဏီ၏ SKY NET ရုပ်သံလိုင်းနှင့် Forever ကုမ္ပဏီမှ ထုတ်လွှင့်နေသော MRTV-4 အခပေး ရုပ်သံလိုင်းများ ကိုသာ ခွင့်ပြု ပေးထားပြီး၊ အသံလွှင့်ဌာန အက်ဖ်အမ် (FM) ကိုလည်း ရွှေအက်ဖ်အမ်၊ မန္တလေး အက်ဖ်အမ်၊ ပဉ္စဝတီ အက်ဖ်အမ်၊ ချယ်ရီ အက်ဖ်အမ်၊ ပတ္တမြား အက်ဖ်အမ်နှင့် ပုဂံ အက်ဖ်အမ်တို့ကိုသာ ခွင့်ပြု ပေးထားသည်။