အမျိုးသမီးတွေဟာ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်တွေမှာသာမက အားကစား နယ်ပယ်မှာပါ သူတို့ရဲ့ စွမ်းရည်တွေကို ပိုမိုပြသ လာနိုင်တာ တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ အမေရိကန် အမျိုးသမီး ဘောလုံး အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်လာ သလို ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေပါပြီ။ “အမျိုးသမီးဆိုတာ နွဲ့သူပါ” ဆိုတဲ့စကားကို အားကစား နယ်ပယ်က အမျိုးသမီးတွေက ချေဖျက်ပစ်နိုင်မှာပါ။
အရင်ကနဲ့ စာရင် မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာ လည်း တိုးတက်မှုတွေ ရှိလာတယ် လို့ ဆိုနိုင်ပါတယ်။ တကယ်တော့ အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် ကျန်းမာဖို့၊ ကြံ့ခိုင်ဖို့ အရေးကြီးပါတယ်။ “တမျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေး” လို့ ကြွေးကြော်နေရုံ သက်သက်နဲ့တော့ အလုပ် မဖြစ်နိုင်ပါဘူး။
အမေရိကန် အမျိုးသမီး ဘောလုံးအသင်းကို ဥပမာအနေနဲ့ လေ့လာကြည့်မယ် ဆိုရင် သူတို့ဟာ ထိုက်သင့်တဲ့ ကူညီပံ့ပိုးမှုတွေ ရတာ ထင်ရှား နေပါတယ်။ ကျမအနေနဲ့ ဘောလုံးပွဲ တပွဲကို အနိုင်အရှုံး သိဖို့ထက် သူတို့ ဘယ်လို ကစားတယ်၊ ဘယ်လိုစိတ်ဓာတ်မျိုး ထားတယ် ဆိုတာကို သိချင် ဇောနဲ့ ကြည့်တာ များပါတယ်။ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းက မိန်းကလေးတွေဟာ အရပ်အမောင်း ကောင်းသလို ရုပ်ရည်အရလည်း ပြေပြစ်ပါ တယ်။
ဒီနေရာမှာ စဉ်းစားမိတာက မြန်မာအမျိုး သမီး ဘောလုံးအသင်းနဲ့ ပတ်သက်ပြီး ဘာတွေ ကွာခြားမှု ရှိသလဲ ဆိုတာကို ပါ။ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ အရှေ့တောင်အာရှ နိုင်ငံ တွေမှာ တတိယနေရာ၊ အာရှနိုင်ငံတွေမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ တကမ္ဘာလုံးက အမျိုးသမီးဘောလုံးအသင်းတွေနဲ့ ယှဉ်ရင်တော့ ဖီဖာ (ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်) ရဲ့ သတ်မှတ်ချက် အရ ကမ္ဘာ့အဆင့် ၄၃ မှာ ရပ်တည် နေပါတယ်။
မြန်မာ အမျိုးသမီးတွေဟာ အရပ်အမောင်း မှာ အမေရိကန် အမျိုးသမီးတွေနဲ့ မယှဉ်နိုင်ပေမယ့် စိတ်ဓာတ်ရေးရာမှာ တော့ ကြံ့ခိုင်မှုရှိတာ အထင်အရှားပါ။ အမေရိကန် အမျိုးသမီး ဘောလုံးအသင်းက အားကစားသမား တယောက်ရဲ့ အရပ်အမောင်းဟာ ၆ ပေ ၁ လက်မ အနည်းဆုံး ရှိပါတယ်။ သူတို့ဆီမှာ အားကစားသမား တယောက်ကို နွားနို့ ဘယ်နှခွက် တိုက်ရမယ်၊ ကြက်ဥ ဘယ်နှလုံး စားရမယ် ဆိုတဲ့ ကယ်လိုရီ သတ်မှတ်ချက် အတိအကျ ရှိပါတယ်။ မြန်မာမှာက ကယ်လိုရီ ဘယ်လောက်အထိ တွက်ချက် ကျွေးမွေးသလဲ ဆိုတာ ထုတ်ဖော်ပြောကြားမှု မရှိတော့ မသိရသလို မခန့်မှန်းနိုင်ဘူး ဖြစ်နေပါတယ်။
အားကစား ဆောင်းပါးတွေ ရေးနေတဲ့ ကျမရဲ့ မိတ်ဆွေတယောက်က မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ အလားအလာ ကောင်းပေမယ့် ကြံ့ခိုင်မှု အပိုင်းမှာ အားနည်းနေတယ် လို့ သုံးသပ်ပြပါတယ်။ တကယ်လို့ ကိုယ့်ထက် ကြံ့ခိုင်မှု သာတဲ့ တခြား ဘောလုံး အသင်းတသင်းနဲ့ ယှဉ်ပြိုင်ရရင် အနိုင်ရဖို့ အခက်အခဲ ရှိနိုင်ပါတယ် တဲ့။
အမေရိကန် အမျိုးသမီး ဘောလုံးအသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်ရတာဟာ အရပ်အမောင်း ကောင်းလို့၊ အတိုပေး ဘောလုံးကစားနည်း ကျွမ်းကျင်လို့၊ အာဟာရ ပြည့်ဝအောင် စားသောက်ရတဲ့ အတွက် ကြံ့ခိုင်မှု ရှိလို့ဆိုပြီး ကျမ မြင်မိ ပါတယ်။ ဒါ့အပြင် ဂိုးသွင်းဖို့ အခွင့်အရေး ရလာတဲ့ အချိန်မျိုးမှာ ခေါင်းတိုက်ပြီး သွင်းယူနိုင်တာကို တွေ့ရပါတယ်။
မြန်မာ အမျိုးသမီး ဘောလုံးအသင်းက စိတ်ဇွဲမာန် ကစားရာမှာ အင်တိုက် အားတိုက် ရှိတာကိုတော့ ချီးကျူးမိပါတယ်။ ဒါပေမယ့် သတိပြုစရာတခုက စိတ်ဇွဲမာန်နဲ့ တွန်းတိုက်ပြီး ကစားတာကြောင့် Foul Ball ဖြစ်လာတာ၊ အဝါကတ် အပြခံရတာ မျိုးတွေ ဖြစ်နိုင်ပါတယ်။
တဖက်အသင်းနဲ့ ကစားရာမှာ လူတယောက် လျော့သွားရင် တဖက်က ၁၁ ယောက်၊ ကိုယ့် ဘက် ၁၀ ယောက်ပဲ ရှိရင် ဂိုးရရှိရေး၊ အနိုင်ရရှိရေး တို့မှာ ပြဿနာ ရှိသွားနိုင်လို့ပါ။ ဒါကြောင့် စိတ်ကို တည်တည် ငြိမ်ငြိမ် ထားပြီး ကစားဖို့ နည်းပြတွေက ညွှန်ကြားဖို့ လိုမယ်လို့ မြင်မိပါ တယ်။ မိန်းကလေး ဆိုလိုက်တာနဲ့ ကနွဲ့ကလျ ရှိနေရမယ် ဆိုတဲ့ အယူအဆဟာ ခေတ်မမီတော့ပါဘူး။
အားကစား နယ်ပယ်နဲ့ ပတ်သက်ပြီး ကျန်းမာ ကြံ့ခိုင်မှု အားကောင်းစေချင် သလို အစားလျှော့ စားနေတဲ့ ပိန်ဆေး စားပြီး ဝိတ်ချနေတဲ့ မိန်းကလေးတွေ တွေ့ရင် ကျမ မချင့်မရဲ ဖြစ်မိပါတယ်။ အရေးကြီးတာက ပိန်တာ၊ ဝတာ ထက် ဖြစ်သင့်တဲ့ ကိုယ်အလေးချိန်မှာ ရှိနေဖို့ပါ။ အစား လျှော့စားလွန်းရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ် အပြည့်အဝ ရမှာ မဟုတ်တော့ပါဘူး။
ကမ္ဘာကြီးနဲ့ အပြိုင် ရင်ပေါင် တန်းနိုင်ဖို့ ဆိုရင် အမျိုးသမီးတွေဟာ ကျန်းမာနေဖို့ လိုသလို ရုပ်ပိုင်း ဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ကြံ့ခိုင်နေဖို့ လိုပါတယ်။ နေ့စဉ်စားသောက်တဲ့ အစားအသောက် ပုံစံမှာ ပရိုတင်း၊ သံဓာတ်၊ ကယ်လ်ဆီယမ်ဓာတ် ပါဝင်တဲ့ အစားအစာတွေ ဖြစ်ဖို့လိုပါတယ်။ အချိုမှုန့် များလွန်းတဲ့ အစားအစာတွေ၊ သကြားနဲ့ ဆား ပါဝင်မှုများတဲ့ အစား အစာတွေကို ရှောင်သင့်ပါတယ်။
အခုမျိုးဆက် မိန်းကလေးတွေဟာ အရင် မျိုးဆက် မိန်းကလေးတွေထက် ပိုပြီး အရပ်ရှည် သင့်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ပါးလှပ်လှပ် ခန္ဓာကိုယ် ဖြစ်နေမယ်၊ အရပ်လည်း ပုနေမယ်၊ အသားအရေလည်း ဖြူဖပ်ဖြူရော်ဖြစ်နေရင် ကျန်းမာ ကြံ့ခိုင်တဲ့ မိန်းကလေးတယောက် မဟုတ်တော့ပါဘူး။ ခန္ဓာကိုယ်အတွင်းမှာ လုံလောက်တဲ့ ရေဓာတ် ရရှိဖို့ ရေများများ သောက်ပေးဖို့လည်း လိုမယ် လို့ မြင်မိပါတယ်။ အသင့်စား (Fast Food) တွေ မစားဘဲ လတ်လတ် ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစားအစာတွေ စားတာ ပိုကောင်းပါတယ်။
ဝမ်းသာစရာ ကောင်းတာက တချို့ အားကစားမယ်တွေဟာ အသိအမှတ် မပြုဘဲ မနေရ လောက်အောင် ကျန်းမာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာပါပဲ။ သိပ် မကြာသေးမီက မြန်မာကွန်ဗင်းရှင်းစင်ကာ (MCC) မှာ ကျင်းပ ခဲ့တဲ့ Mr. Nat Rays & Ms. Real ကာယဗလနဲ့ ကာယကြံ့ခိုင်မှု ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အမျိုးသမီးတွေဟာ အရပ်အမောင်း ကောင်းသလို ကြံ့ခိုင်မှု ရှိတာကို သတိပြုမိပါတယ်။ အမျိုးသမီး ကာယကြံ့ခိုင်မှု (Model Physique) ပြိုင်ပွဲမှာ ဆုရရှိ တဲ့ အမျိုးသမီးတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေတာ ပေါ်လွင်နေပါတယ်။
အမေရိကန်နိုင်ငံက Sport Illustrated အားကစား မဂ္ဂဇင်းက အမျိုးသမီး ဘောလုံးအသင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ မျက်နှာဖုံး ဒီဇိုင်း ၂၅ မျိုးနဲ့ ဖြန့်ချိထုတ်ဝေသွားမယ်လို့ ပြောကြား ထားပါတယ်။ ဒါဟာ အားကစားမှာ ထူးချွန်တဲ့ အမေရိကန် အမျိုးသမီးတွေ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခံရခြင်း ပါပဲ။
မြန်မာ အမျိုးသမီး အားကစားသမားတွေ ကမ္ဘာ့အလယ်မှာ ပွဲလယ်တင့်ဖို့၊ ကျန်းမာကြံ့ခိုင် သူတွေဖြစ်ဖို့ ကြိုးစားရမယ့် အချိန် ရောက်နေပြီလို့ ခံစားမိပါတယ်။ ကမ္ဘာက မြန်မာအမျိုးသမီး အားကစားသမားတွေကို ဂုဏ်ပြုတဲ့ တနေ့ မုချမသွေ ရောက်လာဖို့ ကူညီပံ့ပိုးမှုတွေကို အပြောနဲ့ မဟုတ်၊ အလုပ်နဲ့သက်သေပြဖို့ လိုနေပါကြောင်း ဆွေးနွေးတင်ပြ လိုက်ရပါတယ်။ ။