အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူများကို ပစ်မှတ်ထား ချုပ်ချယ်ဖမ်းဆီး အရေးယူနေမှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူများကို ပစ်မှတ်ထား ဖမ်းဆီးနေမှုများ ပိုမိုဆိုးရွားလာသည့်အတွက် ထိုလုပ်ဆောင်ချက်များကို ရပ်တန်းကရပ်သင့်ပြီး အဆိုပါ ပုဂ္ဂိုလ်များနှင့်အတူ အစိုးရက လက်တွဲလုပ်ဆောင်သင့်ကြောင်း “လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ” အမည်ရ အစီရင်ခံစာ ထုတ်ဝေခြင်း” အခမ်းအနားတွင် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ပစ်မှတ်ထား စောင့်ကြည့်တာ၊ ခြိမ်းခြောက်တာတွေနဲ့ ဥပဒေကို လိုသလို အကြောင်းပြ ဖမ်းဆီးတာတွေ ရပ်တန့်ဖို့ လိုတယ်။ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူ အားလုံးကို ပြန်လွှတ်ပေးဖို့ လိုတယ်။ အစိုးရက အဲဒီပုဂ္ဂိုလ်တွေကို နိုင်ငံတော် ရန်သူလို့ သဘောမထားဘဲနဲ့ သူတို့နဲ့အတူ ပူးပေါင်း လုပ်ဆောင်ဖို့လိုတယ်”ဟု ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ယနေ့တွင် ပြုလုပ်သည့် အစီရင်ခံစာ ထုတ်ဝေခြင်း အခမ်းအနားပွဲသို့ တက်ရောက်လာသည့် ညီမျှခြင်း မြန်မာအဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုသည်။
အဆိုပါ အစီရင်ခံစာကို မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ ( Burma Partnership ) နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP ) တို့က မြန်မာနိုင်ငံအတွင်း လယ်သမား၊ အလုပ်သမား၊ လိင်စိတ်ခံယူမှု ကွဲပြားသူများနှင့် အမျိုးသမီးများအရေး စသည့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများအား ဝင်ရောက် လှုပ်ရှားဆောင်ရွက်နေသူများနှင့် တွေ့ဆုံမေးမြန်းပြီး ထုတ်ပြန်ထားသည့် အစီရင်ခံစာ ဖြစ်ကြောင်း Burma Partnership မှ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ရှင်းပြသည်။
ယင်းအစီရင်ခံစာတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်စောင့်ကြည့်မှုများ ရပ်တန့်ရန်၊ ၎င်းတို့အပေါ် အစိုးရက ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးရန်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် ပြောဆိုခွင့်ရရန်၊ ကာကွယ်စောင့်ရှောက်သူများ အချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များ ပါဝင်ကြောင်း သိရသည်။
“ပြည်သူ လုံခြုံမှုရှိဖို့အတွက် တရားဥပဒေ စိုးမိုးရေးလုပ်မှ လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ အကောင်အထည်ဖော်လို့ ရမယ်။ တရားဥပဒေ စိုးမိုးရေးက အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ရောက်နေရင် လူ့အခွင့်အရေး ကိစ္စတွေက ဘယ်လိုမှ ဆောင်ရွက်လို့ မရဘူး။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေးရှိလား ဆိုရင်တော့ မရှိဘူးဆိုတာ ရဲရဲကြီး ဖြေရဲတယ်”ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
အစိုးရက လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက် နေသူများဖြစ်သည့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ မစုစုနွေး၊ ကိုထင်ကျော်နှင့် အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြ ကျောင်းသားကျောင်းသူများ အပါအဝင် တက်ကြွလှုပ်ရှားသူများစွာကို ပုဒ်မများစွာတပ်၍ ဖမ်းဆီးအရေးယူနေဆဲ ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ပုဒ် ၁၈ ဖြင့် အကျဉ်းကျ ခံနေရသူ ၃၃ ဦးနှင့် အမှုရင်ဆိုင်နေရသူ ၁၉၃ ဦး ရှိကြောင်း၊ လတ်တလောတွင် နိုင်ငံရေး အကျဉ်းသား ၁၁၂ ဦး အကျဉ်းကျ ခံနေရကြောင်း သိရသည်။