တရုတ်နိုင်ငံ တီယန်ကျင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ လူ ၁၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် တီယန်ကျင်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှိ ရွေ့ဟိုင်ကုမ္ပဏီပိုင် ကုန်လှောင်ရုံများ၌ သိုလှောင်ထားသည့် ဆိုဒီယမ် ဆိုင်ယာနိုက် ဓာတုပစ္စည်း များပေါက်ကွဲမှုတွင် လူပေါင်း ၁၃၉ ဦးသေဆုံးကာ လူ ၈၀၀ ကျော် ဒဏ်ရာရပြီး ဆိပ်ကမ်းကြီးတခုလုံးလည်း ပျက်စီးခဲ့သည်။
ဖမ်းဆီးထားသည့် သူများမှာ အပြည်ပြည်ဆိုင်ရာ ရွေ့ဟိုင် ကုမ္ပဏီဥက္ကဋ္ဌ Yu Xuewei ၊ ဒုဥက္ကဋ္ဌ Dong Shexuan နှင့် ရွေ့ဟိုင်ကုမ္ပဏီလုပ်ကိုင်ရအောင် တရားမဝင်ကူညီသည်ဆိုသော လုံခြုံရေးဆိုင်ရာ အကဲဖြတ် ကုမ္ပဏီမှ Zeng Fanqiang တို့ပါဝင်ကြောင်း ဆင်ဟွာသတင်းကဆိုသည်။
AP သတင်းတွင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့် အာဏာပိုင်များသာမက အငြိမ်းစား အာဏာပိုင်များကိုပါ ဝတ္တရားပျက်ကွက်မှု၊ အလွဲသုံးစားပြုမှုဖြင့် ဖမ်းဆီးထားကြောင်း ဆိုသည်။
စစ်ဆေးခံနေရသူများတွင် တီယန်ကျင်း စည်ပင်သာယာ သယ်ယူပို့ဆောင်ရေး ကော်မရှင် ခေါင်းဆာင် Wu Dai နှင့် ထျန်းကျင်း ဆိပ်ကမ်း(အဖွဲ့) ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ Zheng Qingyue တို့လည်း ပါဝင်ပြီး ပို့ဆောင်ရေး ဝန်ကြီးဋ္ဌာန အကြီးတန်း အရာရှိ Wang Jinwen မှာ စွမ်းအင် အလွဲသုံးစားပြုမှုတွင် သံသယ ရှိသောကြောင့် စုံစမ်းစစ်ဆေးခံနေရကြောင်း ဆင်ဟွာကဆိုသည်။
စုံစမ်း စစ်ဆေးမှုအရ Wang Jinwen သည် ဥပဒေ ချိုးဖောက်၍ တီယန်ကျင်းရွေ့ဟိုင် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကို လုံခြုံရေး ဆိုင်ရာ အကဲဖြတ်မှု အောင်မြင်ရန်နှင့် ဂိုဒေါင်အတွင်း အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၊ ကုန်စည်များ သိုလှောင် ခွင့်ပြုခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။
တရုတ်နိုင်ငံတွင် အန္တရာယ်ဖြစ်စေသည့် ဓာတုပစ္စည်းများကို စီးပွားရေးသမားများက သိုလှောင်ထားရာ တီယန်ကျင်းပေါက်ကွဲမှု ဖြစ်ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်း ပြည်နယ် ဟွမ်တိုင်း စီရင်စုရှိ ဇီဘိုမြို့ရှိ Runxing ဓာတုဗေဒ ကုမ္ပဏီပိုင် စက်ရုံလည်း ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်။