ကမ္ဘာတွင် ဒုတိယ အများဆုံး၊ အာရှတွင် ပထမအများဆုံး ပမာဏဖြစ်သော အလေးချိန် တန်နှင့် ချီသည့် စိတ်ကြွ ဆေးပြား သန်းပေါင်းများစွာကို မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးရမိ ခဲ့သည်။
ဇူလိုင် ၂၆ က မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေ ကားလမ်းဘေး တနေရာတွင် ပီနံအိတ်များဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွ ဆေးပြားပေါင်း ၂၆၇ သိန်း (ငွေကျပ်တန်ဖိုး ၁၃၃ ဒသမ ၅ ဘီလီယံ) ကို ကွန်တိန်နာ ကားငယ် တစီးအတွင်း ပိုင်ရှင်မဲ့ အဖြစ် နယ်မြေခံ ရဲတပ်ဖွဲ့က စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။
ထိုဆေးပြား ပမာဏသည်ပင် အာရှ၏ ပထမ အများဆုံး မူးယစ်ဆေးဝါးပမာဏ ဖြစ်နေသည့် အတွက် “၂၀၂၀ အကျော်တွင် မူးယစ်ကင်းစင်နိုင်ငံ ဖြစ်ရမည်” ဟု နိုင်ငံတကာသို့ ကတိပြုထားသည့် အစိုးရနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကြားတွင် တရားခံလက်သည်အရေး အလုပ်များခဲ့ကြသည်။
ထိုသတင်းသည် ပြည်သူလူထု ကြား၌လည်း ဂယက်ရိုက်နေသည့် စိတ်ဝင်စားစရာ ပဟေဠိသတင်း တပုဒ် ဖြစ်နေခဲ့သည်။ ဆေးပြား ၂၇၆ သိန်းကို ပိုင်ရှင်မဲ့ အဖြစ် ဖမ်း ဆီးရမိပြီး တပတ်ကျော် အကြာ ဩဂုတ်လ အစပိုင်း မြောက်ဒဂုံ မြို့နယ်တွင် ဆေးပြား ၁၅ သိန်း (ငွေ ကျပ်တန်ဖိုး သိန်းပေါင်း ၇၅၀ဝဝ) ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထပ်မံ တွေ့ရှိခဲ့ သည်။
ထို့နောက် ပိုင်ရှင်မဲ့ အဖြစ် သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွဆေးပြားများ၏ ပိုင်ရှင်သည် ကုလားတန် မြစ်ဝှမ်း ဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင်နှင့် ဒါရိုက်တာအဖွဲ့ဝင်များ ဖြစ်ကြောင်း မူးယစ်အထူးတပ်ဖွဲ့ (ဗဟို) က ကြေညာခဲ့ သည်။
မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေအတွင်း တွေ့ရှိခဲ့ သည့် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများ တင်ဆောင်ထားသော ကားပိုင်ရှင် ကို ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှ ပိုင်ဆိုင်သည့် ကားဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ယင်းရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ်များကို ဩဂုတ် ၃ ရက်တွင် ရှာဖွေစစ်ဆေး ခဲ့ရာ ၎င်းတို့သည် နေအိမ်နှင့်ရုံးများကို သော့ပိတ် ထွက်ပြေးတိမ်းရှောင် သွားပြီ ဖြစ်ကြောင်း သိကြရ သည်။ ရုံးချုပ် အခန်းအတွင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွ ဆေးပြား ၁ ဒသမ ၅ သန်း စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၅၀ဝ၀ (၇ ဒသမ ၅ ဘီလီယံ) ကို ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
ယင်းကုမ္ပဏီ ပိုင်ရှင် မင်းဦးခိုင် (၂၉ နှစ်) အပါအဝင် ပါဝင်ပတ်သက်သူ ကျော်အေးလှိုင် (ခ) ခိုင်အောင်စိုး (၃၀ နှစ်)၊ ဝင်းလှိုင် (ခ) ဦးဝင်းလှိုင် (၃၃ နှစ်)၊ လှမောင် (ခ) အောင်လင်း (ခ) ပြည့်စိုး (၂၆ နှစ်)၊ အေးသန်း (၂၆ နှစ်)၊ သန်းမြင့် (၃၀ နှစ်)၊ ရွှေသီးမောင်(၂၈ နှစ်)၊ သန်းထွန်း (၂၆ နှစ်) တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
လက်ရှိတွင် ၎င်းတို့အားလုံး ထွက်ပြေးတိမ်း ရှောင် နေသည့် အတွက် သတင်းရနေရာများကို ပိတ်ဆို့ရှာဖွေခြင်း၊ သင်္ဘောဆိပ်၊ လေဆိပ်များနှင့် နယ်စပ် ဝင်/ထွက် ပေါက်များ၌ ရှာဖွေခြင်း၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် သတင်းဖလှယ်စုံစမ်း ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“လောလောဆယ်မှာ သူတို့ကို မမိသေးတော့ ရှေ့ဆက်လုပ်ရတာ ခက်နေတာပေါ့။ လက်ရှိတော့ စိစစ်ဆဲ အခြေအနေ ပါပဲ။ အတိအကျ မသိရသေးဘူး။ အခုကတော့ ဘယ်သူဘယ်ဝါ ဖော်လို့ ရပြီ ဆိုတော့ တယောက်ယောက်ကို မိပြီးမှသာ ဆက်ပြီး ကွင်းဆက် ဖော်လို့ရမယ်” ဟု မြန်မာနိုင်ငံ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းက ဧရာဝတီသို့ ပြောသည်။
ကုလားတန် မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေး ကုမ္ပဏီသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် မှတ်ပုံ တင်ထားပြီး မင်းဦးခိုင်နှင့် ကျော်အေးတို့က ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်ကြောင်း ကုမ္ပဏီများ မှတ်ပုံတင်ရေး ဦးစီးဌာနမှ ရရှိထားသည့် သတင်း အချက်အလက်များ အရ သိရသည်။
လက်ရှိတွင် တရားခံပြေး အဖြစ် ကြေညာထားသည့် မင်းဦးခိုင်သည် အမေရိကန်နိုင်ငံ Indiana University Bloomington မှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး ယခင်က Peace Makers Co., Ltd တွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်ကြောင်း၊ ၎င်း ဖွင့်လှစ်ထားသည့် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီမှ ထုတ်လုပ်သည့် ရေထွက်ကုန်များကို အမေရိကန်၊ ဂျပန်နှင့် ဟောင်ကောင် နိုင်ငံများသို့ အဓိက တင်ပို့ နေခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်တခု ဖြစ်သော LinkedIn တွင် မင်းဦးခိုင်က ဖော်ပြထားသည်။
ထို့အပြင် သူ၏ ရေထွက်ပစ္စည်း ထုတ်ကုန်များကို EU ထောက်ခံမှုရ ထွန်းနေလင်း ကုမ္ပဏီတွင် ပစ္စည်းများ ထုပ်ပိုးကြောင်းလည်း ဖော်ပြထားသေး သည်။ ထွန်းနေလင်း ကုမ္ပဏီသည် ယခင်မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးဟောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း၏ သား ဦးမင်းသိမ်း ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
ဦးမင်းသိမ်းသည်လည်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန်ပေးသွင်းရန် ကျပ် သန်းပေါင်း ၁၇၆၀၇ ကျော် ကျန်နေသည့် အတွက် အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃ အရ တရားစွဲဆို ထားသည်ဟု ဇူလိုင် ၂၂ ရက်ထုတ် အစိုးရပိုင် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာတို့တွင် ဖော်ပြထားသည်။
CCDAC မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းက “သူတို့ ထုပ်ပိုးတဲ့ ကုမ္ပဏီအထိတော့ စစ်ဆေးမှု မလုပ်ရသေးဘူး။ ကျနော် ကိုယ်တိုင် နေပြည်တော်က ဆင်းပြီး ရန်ကုန်မှာ ဒီကိစ္စ အတွက် အလုပ်လုပ်နေတာ။ ရှာဖွေတာတွေ ကတော့ ဆက် လုပ်ဖြစ်နေတယ် ဆိုပေမယ့် တိတိကျကျ မရသေးဘူး။ ပြည်ပ ထွက်တဲ့ အရိပ်အယောင်တော့ မတွေ့သေးဘူး။ တရားခံကတော့ တိုးလာနိုင်ဖွယ်ရှိတယ်။ ဒီလို ၄ ယောက်၊ ၅ ယောက်နဲ့တော့ မဖြစ်နိုင်ဘူး။ တကယ်တမ်း တရားခံ ပေါ်လာရင် လူတွေ များလာနိုင်တယ်” ဟု ရှင်းပြသည်။
နိုင်ငံရေးသမားများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ပြည်သူလူထုက စိတ်ဝင်စားနေသည့် အချက်တချက်မှာလည်း ယခုကဲ့သို့ များပြားလှသည့် စိတ်ကြွဆေးပြားများ ရန်ကုန်မြို့ အထိ မည်သို့မည်ပုံ ရောက်ရှိလာသနည်း ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
“ဘယ်ကနေ ဘယ်လို ရောက်လာသလဲ ဆိုတာတော့ သူတို့ကို မိမှပဲ သိမယ်။ မဟုတ်ရင် ဘယ်လိုလုပ် ခန့်မှန်းလို့ ရမလဲ။ ဒါကတော့ တားဆီးနှိမ်နင်းရေး တခုတည်းမဟုတ်ဘဲ ထိန်းချုပ်ရေး လုပ်ငန်းကိုလည်း ဒီထက်မက လုပ်ဖို့ လိုအပ်တယ်လို့ သုံးသပ်ရမယ်” ဟု ရဲမှူးကြီး မြင့်သိန်းက ဆိုသည်။
ဧရာဝတီက ရရှိထားသည့် သတင်း အချက် အလက်များအရ ယခုကိစ္စကို ဗဟို အစိုးရအဖွဲ့မှ တိုက်ရိုက် ကိုင်တွယ်မည် ဖြစ်ကြောင်း၊ ယင်းတရားခံများ အမြန်ဆုံး ဖမ်းဆီးမိနိုင်ရေး အတွက်လည်း အဖွဲ့တဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“လှမောင်က ရခိုင်ဘက်က ဆိုလို့ ရခိုင်ပြည် နယ်တခုလုံး နှံ့အောင် စုံစမ်းခဲ့သေးတယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူး” ဟု စုံစမ်းမှုတွင် ပါဝင်သည့် ရဲအရာရှိ တဦးက ဧရာဝတီသို့ ပြောသည်။
လက်ရှိ တရားခံပြေးစာရင်းတွင် ပါဝင်နေသူ လှမောင်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က မူဆယ်မှ တဆင့် ရန်ကုန်သို့ စိတ်ကြွဆေးပြားများ သိန်းချီ သယ်ဆောင်မှုကြောင့် ဖမ်းဆီးခဲ့ရာမှ လွတ်မြောက်နေသည့် တရားခံပြေး တဦးလည်း ဖြစ်ကြောင်း မူးယစ်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင် တချို့ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် လက်ရှိလွတ်မြောက်နေသော တရားခံများထဲမှ တချို့တဝက်၏ ကိုယ်ရေး အချက်အလက်နှင့် ဓာတ်ပုံသာ ရရှိသေးပြီး တရားခံပြေးများ၏ ဓာတ်ပုံအစုံအလင် မရှိသေးဟု သိရသည်။
ရဲမှူးကြီး မြင့်သိန်းက “၈ ဦးစလုံးရဲ့ ဓာတ်ပုံမှာ တချို့က ဓာတ်ပုံ မရဘူး၊ နာမည်ပဲရတယ်၊ ကိုယ်ရေးမှတ်တမ်း အပြည့်အစုံ မရဘူး၊ ရပ်ကွက်မှာ ဧည့် စာရင်း တိုင်ထားတယ် ဆိုပေမယ့် အချက်အလက် အပြည့်အစုံမရဘူး၊ အပြည့်အစုံ ရတာ ၄ ယောက်၊ ၅ ယောက်လာက်ပဲ ရှိတယ်။ တခါတည်းတော့ အကုန်မရနိုင်ဘူး” ဟု ရှင်းပြသည်။
ယခုကဲ့သို့ များပြားလွန်းသည့် မူးယစ်ဆေးဝါး ပမာဏများ ရန်ကုန်သို့ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာ သနည်း ဆိုသည့် အချက်ကို အစိုးရပိုင်းက အလေးထား လုပ်ဆောင်သင့်ကြောင်း၊ မူးယစ် ဆေးဝါး ပပျောက်ရေးကိစ္စသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ရရှိရေး ကိစ္စနှင့်လည်း ဆက်စပ်နေ ကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာကို တိုင်းရင်းသား အဖွဲ့များနှင့် သဘောတူညီချက် ထား၍ လုပ်ဆောင်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် အကြံပြုကြသည်။
“ရာဇဝတ်မှု တခုကို မဖော်ထုတ်နိုင်ခင် ထုတ်မပြောပြတာ မှန်တယ်။ ဒါပေမယ့် လိုအပ်ချက်အရ လျှို့ဝှက်ပြီး နောက်ဆုံး ပတ်သက်ရာ ပတ်သက် ကြောင်းတွေ ပါလာလို့ဆိုပြီး အမည် မဖော်သင့်တာနဲ့ အဆုံးသတ်သွားရင်တော့ မမှန်ဘူး။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ရချင်ရင်၊ ရွေးကောက်ပွဲမှာ အနိုင် ရချင်ရင် အစိုးရက ဒီကိစ္စမှာ ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ အရေးယူဖို့ လိုအပ်တယ်လို့ပဲ ပြောချင်တယ်” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်သည်။
ဆက်လက်၍ သူက “ဒီမိုကရေစီစနစ်က အာဏာရှင်စနစ်မှာလို မဟုတ်ဘူး၊ ပြည်သူလူထုကလည်း စောင့်ကြည့် နေတယ်၊ အရင်လက်ထက် ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာ မဖော်ထုတ်နိုင်တာကတော့ ထားတော့၊ အခုလက်ထက်မှာ မဖော်ထုတ်နိုင်ရင်တော့ လူထုယုံကြည်မှု ရမှာ မဟုတ်ဘူး။ မူးယစ်ဆေးဝါး ပပျောက်ဖို့ ဆိုတာက လက်နက်ကိုင်အဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေးရရှိမှုက ဆက်စပ်တယ်။ ဆေးချက်တဲ့ ဒေသတော်တော် များများက အစိုးရ ဩဇာ မသက်ရောက် တဲ့ ဒေသတွေ ဖြစ်နေတော့ ဆေးတွေက အဲဒီဘက်က ချက်ပြီးထွက် လာတာ” ဟု ဆိုသည်။
ပြည်ထဲရေး ဝန်ကြီးဌာနကလည်း လက်ရှိ စိတ်ကြွဆေးပြားများ ထုတ်လုပ်မှုကြောင့် တရားခံပြေးများ အဖြစ် သတ်မှတ်ထားသူများကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေသလို မြန်မာနိုင်ငံ အခြေစိုက် တခြားအဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ချောင်းကျောက် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝင်း အနီး၌ ကျပ်သန်းပေါင်း ၃၀ဝ၀ ဝန်းကျင် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိပြီး တရားခံများ ဖော်ထုတ်နိုင်ရေး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ပင် ရှိသေးသည်။
စစ်အစိုးရ လက်ထက် ၂၀ဝ၄ ခုနှစ်ကလည်း မူးယစ်ဆေးဝါးများကို တခြားနိုင်ငံများသို့ ရေကြောင်း မှတဆင့် သင်္ဘောများဖြင့် တင်ပို့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အစိုးရက ယင်းဖြစ်စဉ်ကို စိုးစံဇုန် ဖြစ်စဉ်ဟု အမည်တပ်ခဲ့ပြီး ထိုကာလက ဒု တပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကျော်ဝင်းက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ဗိုလ်မှူးချုပ် ဘုန်းဆွေ၊ ဗိုလ်မှူးချုပ် ကျော်သိန်း၊ ဗိုလ်မှူးချုပ် ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့်၊ ဗိုလ်မှူးချုပ် ခင်ရီ (လက်ရှိ လူဝင်မှု ကြီးကြပ်မှုနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးဟောင်း) နှင့် ရဲမှူးကြီး ခမ်းအောင်တို့က ယင်းအမှု တရားခံများ ဖမ်းဆီးရမိရေး ဦးဆောင် ဆောင်ရွက်ခဲ့သည်။
စိုးစံဇုန် ဖြစ်စဉ်တွင် တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား အယောက် ၅၀ ခန့်က ဂိုဏ်းအဖွဲ့ ပုံစံဖြင့် မူးယစ်ဆေးဝါးများ ပြည်ပသို့ ရေကြောင်းမှ တဆင့် ရောင်းဝယ် ဖောက်ကားခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ အာဏာပိုင်များသည် စိုးစံငါးဖမ်းစက်လှေ လုပ်သားတဦးကို မော်လမြိုင်မြို့တွင် မသင်္ကာမှုဖြင့် စစ်ဆေးရာမှ မူးယစ်ဆေးဂိုဏ်း အဖွဲ့ကြီးကို စတင် ခြေရာခံမိခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်တွင် အဓိက ငွေကြေးထုတ်ပေးသူ တရုတ်နိုင်ငံသား အားတီ (ခ) စိုင်းလုံ၊ အားရန်၊ လောက်လီ (ခ) စိုးဝင်း၊ ခင်မောင်ဆွေ အပါအဝင် ၂၇ ဦးနှင့် တခြား ပါဝင်ပတ်သက်သူ ၅၀ ခန့် ရှိ သည်။ ၎င်းတို့သည် တောင်ကြီး နောင်တော် အထူး ဒေသမှတဆင့် တောင်ကြီးမြို့သို့ လည်းကောင်း၊ ထိုမှတဆင့် ယင်းတို့ ပိုင်ဆိုင်သည့် ခရီးသည်တင် ယာဉ်လိုင်းကားများတွင် အံဝှက်များ ပြုလုပ်ကာ ရန်ကုန်သို့ သယ်ဆောင်ပြီး “စိုးစံ ငါးဖမ်းစက်လှေ” ဖြင့် ဘိုကလေးမြစ်သို့လည်းကောင်း၊ ထိုမှတဆင့် ဆုံရပ်သို့သွား၍ နိုင်ငံခြားသင်္ဘောများဖြင့် ပြည်ပ နိုင်ငံများသို့ မူးယစ်ဆေးဝါးများကို ရောင်းဝယ် ဖောက်ကားခဲ့ကြခြင်း ဖြစ်ကြောင်း “စိုးစံဇုန်ဖြစ်စဉ်” အစီရင်ခံစာပါ အချက်အလက် များက ဖော်ပြထားသည်။
ထိုဆေးဝါးများ နိုင်ငံရပ်ခြားအထိ သင်္ဘောများ ဖြင့် ရောက်ရှိခဲ့ရာတွင် ဆိပ်ကမ်းများ အတွင်းရှိသည့် စစ်ဆေး ရေးအဖွဲ့များ စက်လှေများ၊ သင်္ဘောများကို သေချာစွာ စစ်ဆေးခြင်း မပြုသည့် အတွက် လွယ်ကူစွာ ရောင်းဝယ် ဖောက်ကားနိုင်ခဲ့သည့် အကြောင်းအရင်းတရပ် ဖြစ်နေသည်ဟု သိရှိရသည်။
ထိုတရားခံများထဲက တချို့တဝက်ကို မြန်မာ၊ ထိုင်းနှင့် တရုတ်နိုင်ငံရှိ ရဲတပ်ဖွဲ့များ ပူးပေါင်းဖမ်းဆီး နိုင်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် တရားခံများကို လွှဲပြောင်းရယူခဲ့ကြသည်။
ယင်းအမှုတွင် ဘိန်းဖြူ ဘလောက်တုံး ၈၄၇ တုံး အပါအဝင် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ စိတ်ကြွဆေးပြား၊ အိုက်စ်နှင့် အက်တက်စ်စီ ဆေးပြား ထိုခေတ်ကာလ ရန်ကုန်မြို့ပေါက်ဈေး ကျပ်သိန်းပေါင်း ၅၇၅၀၁၉ ကျော်ဖိုး ဖမ်းဆီးရမိ ခဲ့သည်။
၂၀၁၂ ခုနှစ် တနှစ်တည်း၌ပင် အစိုးရက ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုပေါင်း ၄၀ဝ၆ မှု ရှိသည်။ အစိုးရ သတင်းစာများ ဖြစ်သည့် မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းစာမျက်နှာများတွင် ဖော်ပြနေသော နေ့စဉ် ဖမ်းဆီးရမိနေသည့် မူးယစ်ဆေးဝါးမှုများစွာ ရှိနေ သေးသည်။ အစိုးရပိုင်းကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့ကျစေရန်နှင့် သုံးစွဲသူများ လျော့ကျစေရန် ဒေသအလိုက် ပညာပေးမှုများ ပြုလုပ် နေကြောင်း သတင်းစာများတွင် ရေးသားဖော်ပြကြသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) တွင်လည်း ယခင်က မူးယစ်အထူးရဲတပ်ဖွဲ့ ၂၆ ဖွဲ့မှ လက်ရှိတွင် အဖွဲ့ပေါင်း ၅၀ ကျော် ရှိလာသည့်အတွက် ဖမ်းဆီး ရရှိမှုများ ပိုမိုပြုလုပ်လာနိုင်သည်ဟု သိရသည်။
ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး နှိမ်နင်းရေး လုပ်ငန်းများတွင် မြန်မာအစိုးရ အပါအဝင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) အဖွဲ့များ၊ နိုင်ငံတကာက အစိုးရ မဟုတ်သော အဖွဲ့များ၊ ဒေသခံအဖွဲ့များ ပူးပေါင်း လုပ်ကိုင်မှု မြန်မာနိုင်ငံတွင် ရှိသော်လည်း မူးယစ် ထုတ်လုပ် ဖြန့်ဖြူး၊ ကုန်သွယ်မှု အများဆုံး နိုင်ငံများ စာရင်းထဲတွင် မြန်မာနိုင်ငံသည် ရှေ့တန်းတွင် ပါဝင်နေဆဲ ဖြစ်သည်။