မြန်မာပြည် အနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ရေကြီး ရေလျှံမှုများကို ကယ်ဆယ်ရေးနဲ့ ကူညီရေး အတွက် ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ အတူ ဇာတ်မင်းသား ဟန်ဇာမိုးဝင်းလည်း ပါဝင်လုပ်ဆောင်လျက် ရှိပါတယ်။ ကိုယ့်နိုင်ငံမှာ တကယ်တမ်း ဖြစ်လာတဲ့အခါ ကိုယ့်အလုပ်ထက်၊ ကိုယ့်ကိုယ်ကိုထက် လူသားချင်း စာနာစိတ်နဲ့ ပရဟိတစိတ်က ရှေ့တန်း ရောက်လာတတ်ပြီး ကူညီချင်စိတ် ဖြစ်လာကြတာပါပဲလို့ ဆိုတဲ့ ဟန်ဇာမိုးဝင်းဟာ ဝေဠုကျော် ဖောင်ဒေးရှင်း နဲ့ အတူ သွားလာရခက်ခဲပြီး အကူအညီ တကယ်လိုအပ်နေတဲ့ နေရာတွေကို ဦးစားပေး ကယ်ဆယ်ရေး၊ ကူညီပေးရေး လှူဒါန်းမှုတွေကို လိုက်ပါ လုပ်ဆောင် နေသူတဦးပါ။အဲဒီလို သွားရောက်တဲ့ အခါ အတွေ့အကြုံ၊ အခက်အခဲတွေက ဘာတွေ၊ ကယ်ဆယ်ရေး အတွက် ဘာတွေ အဓိက လိုအပ်နေသေးတယ် ဆိုတာတွေနဲ့ ပတ်သက်လို့ ဟန်ဇာမိုးဝင်းကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ အခုလက်ရှိ ဟန်ဇာမိုးဝင်းတို့ ဘယ်ဒေသတွေကို သွားရောက် ကယ်ဆယ်ရေး၊ ကူညီရေးတွေ လုပ်ခဲ့ပြီးပြီ လဲ။
ဖြေ။ ။ အခု လောလောဆယ်တော့ ကျနော်တို့ ညောင်တုန်း ဘက်ကိုသွားပြီးပြီ၊ မနက်ဖြန်ကျရင် ကျနော်တို့ ရခိုင်၊ စစ်တွေ ဘက်တွေ သွားမယ်။ လောလောဆယ်တော့ ရခိုင်ဘက်က ဘယ်လောက်ကြာမယ် မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အခြေအနေကို ကြည့်ပြီး လုပ်ရမှာဆိုတော့ ဘယ်တော့ပြီးမယ် မသိဘူးပေါ့။ အခုက ပြန်လည် ထူထောင်ရေး ဆိုတော့ ကျနော်တို့က အားတဲ့အချိန်တိုင်း သွားလိုက် လာလိုက် လုပ်နေရမှာပေါ့။
မေး။ ။ အခုက ကိုဝေဠုကျော်နဲ့ အတူတူဆိုတော့ သူနဲ့ရော ဘယ်လို ဆက်သွယ်ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ သူနဲ့ ကျနော်တို့က နဂိုကတည်းက ညီအစ်ကိုတွေလို နေတာလေ။ ကြားထဲမှာ ကျနော် ပွဲကနေလို့ သူနဲ့ မတွေ့ဖြစ် တာပါ။ လောက်ကိုင် တုန်းကလည်း သူဖုန်းဆက်တယ်၊ အကြောင်းကြားတယ်။ အဲဒီတုန်းက ကျနော်က ပွဲတွေ ကနေရတဲ့ အတွက် မလိုက်ဖြစ်ခဲ့ဘူး။ သူနဲ့ ကျနော်နဲ့က ကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ အတူတူ တက်ခဲ့ဖူးတယ်။ အခုမှ ပြန်ဆုံတာပေါ့။ ကျနော်ကလည်း ပွဲကနေရင်းနဲ့ ဟိုတလောက ရေဘေးအတွက် လုပ်တဲ့ ရန်ပုံငွေပွဲ လေ၊ ကိုဖိုးချစ်တို့ လုပ်တဲ့ပွဲလေ၊ အဲဒီမှာ သူနဲ့ ပြန်ဆုံတော့ သူက ကလေးဘက်ကို ကယ်ဆယ်ရေး အတွက် သွားမယ် လိုက်မလားတဲ့၊ အဲဒါနဲ့ ကျနော်လည်း လိုက်မယ် ဆိုပြီး အစ်ကိုနဲ့ ပြန်တွဲဖြစ်တာလေ။
ဒါနဲ့ သူနဲ့ တောက်လျောက် လိုက်ဖြစ်တော့ ကျနော်လည်း ကမယ့်ပွဲ အကုန်နားထား လိုက်တယ်။ အခုအချိန်က အကုန်လုံး ဒုက္ခရောက်နေတဲ့ အချိန်ဆိုတော့ ကျနော့်ခေါင်းထဲမှာ ကဖို့ အတွက်က လုံးဝ တွေးလို့ မရဘူး။ ဒီရေဘေး အတွက်ပဲ ခေါင်းထဲ ရောက်နေတယ်လေ။ ဒါနဲ့ ကိုယ့်အနေနဲ့ ဘာကူညီနိုင်မလဲ တွေးပြီး တောက်လျောက် ဒီဘက်ကို လုပ်ဖြစ် နေတာပါ။ နောက်လည်း ကျနော် အားရင် အားသလိုပဲ လုပ်ပေးဖြစ်နေမှာ ပဲ။ ပရဟိတလည်း လုပ်မယ်၊ ကျနော် ထမင်းစားဖို့အတွက် အတ္တဟိတလည်း လုပ်ရမှာပေါ့ နော်။
မေး။ ။ အခု ကယ်ဆယ်ရေး လိုက်ဖြစ်တာက ကိုယ့် အတွက် ပထမဦးဆုံး အကြိမ်လား၊ ရှေ့မှာရော ဒီလိုမျိုး လုပ်ခဲ့ဖူးတာမျိုး ရှိခဲ့သေးလား။
ဖြေ။ ။ အတွေ့အကြုံ ကတော့ တမျိုးနဲ့ တမျိုး မတူဘူး လေ။ ဒါက ရေဘေးအတွက် ပေါ့။ အရင်က စစ်ဘေး အတွက်တုန်း ကလည်း လိုက်ချင်ပေမယ့် ကျနော် မပါခဲ့ဘူး။ ဒါက ကျနော်နဲ့ အစ်ကိုတို့က သဘာဝ ဘေးအန္တရာယ် ကျရောက်မှုနဲ့ ပတ်သက်လို့ လုပ်တာ။ အစ်ကိုကလည်း ဒါကိုလုပ်နေတာ ကြာနေပြီလေ။ သူလုပ်နေတာပဲ ဆယ်နှစ် ကျော်လောက် ရှိနေပြီ။ လူမှု ကယ်ဆယ်ရေး တွေကို လုပ်နေတာ ကြာပေမယ့် ဒီလို ဖောင်ဒေးရှင်းဖွဲ့ပြီး လုပ်နေခဲ့တာ တော့ မဟုတ်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ် သွားပြီး ကူညီနေခဲ့တာ။ အဲဒါမျိုးတွေ အများကြီးလည်း ကူညီပေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် ဒီလို သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ကူညီခဲ့ဖူးတာ ကတော့ ဒါ ပထမဆုံးပေါ့။
မေး။ ။ ကိုဝေဠုကျော်က ဒီလိုဖောင်ဒေးရှင်း သေသေချာချာ ထူထောင်ပြီး လုပ်ဖြစ်တဲ့ အပေါ်မှာရော ပါဝင်တဲ့ လုပ်ဖော်ကိုင်ဖက် တယောက်အနေနဲ့ ဘယ်လို ပြောပြချင်လဲ။
ဖြေ။ ။ ကျနော်တို့က လုပ်ဖော်ကိုင်ဖက်ကို မဟုတ်တော့တာ၊ ညီအစ်ကိုလို ဖြစ်နေတာလေ။ ညီအစ်ကို စိတ် ဖြစ်နေတဲ့ အခါ သူက လုပ်ဖော်ကိုင်ဖက် စိတ်ကို မထားတာ။ ကျနော့်အစ်ကို တယောက်ကို ကျနော် ကူညီနေတဲ့ သဘော၊ ကျနော်တို့ စိတ်တူ ကိုယ်တူ ညီအစ်ကို နှစ်ယောက်လို ဖြစ်နေတာ။ အခု သူဒီလိုလုပ်နေတော့ အားလုံး ကလည်း သူကို မေတ္တာထားကြ တယ်။ အဲဒီလို မြင်ရတော့ ကျနော်လည်း အရမ်း ပီတိဖြစ်တယ်။ အရမ်းလည်း လှူပေး ကြတယ်။ သူက တကယ် ကုသိုလ်ရတဲ့ အလုပ်ကို လုပ်နေတဲ့ အတွက် ပြည်သူတွေရဲ့ မေတ္တာကို ရတယ်။ အဲဒီအတွက် သူ့ကိုလည်း လေးစားမိတယ်။
မေး။ ။ အခု ကိုယ်တိုင် ဒီလို ကယ်ဆယ်ရေးတွေ၊ ကူညီဖို့ အတွက်တွေ သွားရတဲ့ အခါ ဘယ်လို အတွေ့အကြုံတွေ ရလဲ။ အရင်ကထက် ဘာတွေ ဘယ်လို ပြောင်းလဲ မြင်လာလဲ။
ဖြေ။ ။ ထဲထဲဝင်ဝင် တကယ် လက်တွေ့ကျကျ လုပ်လိုက်ရတဲ့ အခါမှာ ကိုယ်ဆိုတာက ဒုတိယနေရာကို ရောက် သွားတယ်။ ကိုယ့်အတွက် ဆိုတာက ဒုတိယ နေရာကို ရောက်သွားပြီးတော့ ကျနော်တို့က ဒုက္ခရောက် နေတဲ့ သူတွေကို ပိုဦးစားပေးရတယ် လေ။ ကိုယ်က အလိုလို ဒုတိယကို ရောက်သွားတယ်။ အဲဒီစိတ်လေးတော့ ဖြစ်မိတယ်။
မေး။ ။ အခု ဝေဠုကျော် ဖောင်ဒေးရှင်းမှာရော ဟန်ဇာမိုးဝင်းက ဘယ်လိုနေရာမှာ တာဝန်ယူထားတာလဲ။
ဖြေ။ ။ အဲဒီလိုမျိုး ကျနော်တို့က ရာထူးတွေနဲ့တော့ မဟုတ်ဘူးပေါ့။ ခေါင်းဆောင် ဆိုတာလည်း မရှိဘူး။ အားလုံးက အတူတူ လုပ်ကြတယ်။ အမာခံ တကယ် လုပ်ကြတဲ့ သူတွေက အယောက် ၂၀ လောက် ရှိတယ်။ တကယ်တမ်း အော်ပရေးရှင်းမှာ ထွက်ကြတာက ငါးယောက်ပေါ့။ အစ်ကိုကလည်း ခေါင်းဆောင် မဖြစ်ချင်ဘူးပေါ့။ အကုန်လုံး အတူတူ လုပ်ကြတာပဲ လိုချင်တယ် ပေါ့။ ဒါပေမယ့် အစ်ကို အဲဒီလိုတော့ မလုပ်နဲ့လို့၊ အစ်ကိုက အကြီးဆိုတော့ အစ်ကို ညွှန်ကြားပါ၊ အစ်ကို ညွှန်ကြားတာကိုပဲ ကျနော်တို့ လက်ခံမယ်၊ နားထောင်မယ်။ အစ်ကိုက လမ်းကြောင်း လေးတော့ ကျနော်တို့ကို ပြောပြပါဆိုပြီး ပြောရတယ်။ အတွေ့အကြုံအရ အစ်ကိုက ကျနော်တို့ကို လမ်းညွှန်ပေး၊ ကျနော်တို့က အကူအညီပေးမယ်။ ဘယ်သူက ဘယ်လိုရာထူး ဆိုပြီး ခွဲမထားပါဘူး။
မေး။ ။ အခုလို သွားရောက်တဲ့ အခါမှာ အဲဒီဒေသက လူတွေ အဓိက လိုအပ်ချက်တွေက ဘာတွေလဲ။ ဘာတွေကို ပိုပြီး အကူအညီ ပေးသင့်တယ်လို့ မြင်မိလဲ။
ဖြေ။ ။ အများကြီးပဲဗျ၊ ဒါက နိုင်ငံကြီးနဲ့ ချီပြီး လိုအပ်တာလေ။ ကျနော် ဒါကို တထိုင်တည်းနဲ့လည်း ပြောလို့ မရဘူး လေ။ ကိုယ့်နိုင်ငံ တခုတည်းနဲ့ကို မရတာ။ တခြား နိုင်ငံကပါ လာပြီး ဝိုင်းကူညီမှ ရမှာ။ ပြန်လည် ထူထောင်ရေးက ဘတ်ဂျက် Plan အရ ပြောမယ် ဆိုရင် တခြား သုံးလေးနိုင်ငံက ဝိုင်းကူညီမှ ရမှာ။ ကျနော်တို့ ရတဲ့ ပိုက်ဆံလေးနဲ့ ဆိုရင် ဆင့်ပါးစပ် နှမ်းပက် သလိုပဲ ဖြစ်မှာပဲ။ ဘယ်လောက်ပဲ ကူညီကူညီ တခြား၊ ဥပမာ အမေရိကန်တို့၊ ဂျပန်တို့က ဝိုင်းကူညီမှ အဆင်ပြေမယ့်ပုံ။ ဒါက ရေရှည်လေ။ ကယ်ဆယ်ရေး ပြီးရင် ပြန်လည်ထူထောင်ရေး လာတော့မှာ လေ။ အဲဒီအခါ သူတို့ စိတ်ဓာတ်တွေ ကျနေမယ်။ ဖြစ်ပုံဖြစ်နည်းတွေ ကလည်း မတူဘူးလေ၊ ကလေးနဲ့ ပွင့်ဖြူက ရေတက်တာ၊ ရေကျရင် လယ်ကွက်တွေ ပျက်စီးနေမယ်။ ဟားခါးက မြေပြိုတာ၊ ရေကြီးရင် ရေကျတဲ့ အခါ အိမ်ပေါ် ပြန်တက်နေလို့ ရတယ်၊ မြေပြိုသွားရင် အိမ်လည်း မရှိတော့ဘူး။ ကိုယ်ပိုင်မြေလည်း မရှိတော့ဘူး။ သူ့မှာ ဘာမှ မရှိတော့ဘူး။ အလေအလွင့် တယောက် ဖြစ်သွားတာပဲ။ အဝတ်အစားတခုနဲ့ ပြေးရတာလေ။ သူပိုင်တဲ့ မြေလေးတောင် မရှိတော့ဘူး။
မေး။ ။ ဒီလိုမျိုး မြင်ရ၊ ကြုံရတော့ ဘယ်လို စိတ်ခံစားမှု ဖြစ်မိလဲ။
ဖြေ။ ။ ပိုဆိုးတာပေါ့။ ကယ်ဆယ်ရေး သမားတွေက မြင်နေရတော့ ပိုဆိုးတာပေါ့။ နောက်တခုက ကျနော် ကိုယ်တိုင် ကိုယ်ကျ သွားလှူချင်တဲ့ သူတွေကို ပြောချင်တယ်။ ကျနော့်ကို မုန်းချင်လည်း မုန်းကြမယ်ပေါ့။ သတိထား စေချင်တယ်။ ရေ မကူးတတ်ဘူး၊ သွားချင်ကြတယ်။ အဲဒီမှာ ရေနစ်ပြီး ဆုံးကြတဲ့သူတွေ အများကြီး ပဲ။ အဲဒီအခါ သွားကူညီရာ မရောက်ဘဲ၊ သွားနှောင့်ယှက် သလိုလည်း ဖြစ်နေဦးမယ်လေ။ ပိုပြီးတော့ အလုပ်ရှုပ် ကုန်ဦးမှာပေါ့ နော်။ အဲဒီလို နာရေးသတင်း ကြားရတဲ့အခါ စိတ်မကောင်းတာ ကလည်း တခု၊ အပူပေါ် အပူတွေ ဆင့်ကုန်မှာ စိုးလို့လေ။
မေး။ ။ ဒါဆို ကယ်ဆယ်ရေး အတွက် ပါဝင်ချင်တယ် ဆိုရင် ဘယ်လိုမျိုး အရင်သိထားသင့်လဲ။ ဘာတွေ တတ်မြောက်ထား သင့်တယ်လို့ ပြောပြချင်လဲ။
ဖြေ။ ။ အရင်ဆုံး ဘယ်လို နေရာကို သွားမှာလဲ၊ တချို့က ရေထဲကို သွားရမှာလား။ ရေထဲကို သွားမယ် ဆိုရင် တီရှပ်နဲ့ ဘောင်းဘီတိုက အကောင်းဆုံးပဲ။ ဖြစ်နိုင်ရင် အဲဒီလို ဝတ်တာက ပိုအဆင်ပြေတယ်။ တချို့ လိမ္မော်ရောင် ဝတ်စုံကြီးတွေ အပြည့် ဝတ်ကြတယ်လေ။ အဲဒါတွေက ရေထဲကျရင် ရေကူးလို့ မရဘူး။ ဒါက ကိုဝေဠု ကျနော်တို့ကို ပြောပြတဲ့ အတွေ့အကြုံတွေ ပေါ့။ ဒါက မီးလောင်တဲ့ အခါမှာ သုံးတဲ့အခါ ကယ်ဆယ်ရေး ဝတ်စုံ၊ တမျိုးလေ။ စစ်ပွဲတွေမှာ ကယ်ဆယ်ရေး လုပ်တဲ့ အခါ တမျိုး၊ ရေပြင်မှာ ကယ်ဆယ်တဲ့အခါ တမျိုးလေ၊ တခုနဲ့တခုက မတူဘူးလေ။
ရေပြင်ကို သွားမယ် ဆိုရင်တော့ ရေကူးတတ်တာ အကောင်းဆုံးပါပဲ။ ကျနော်နဲ့ ကိုဝေဠုတို့က လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကတည်းက အတူတူ သင်တန်း တက်ခဲ့ဖူးတယ် လေ။ မဟုတ်ရင် သူက ကျနော့်ကို ဘယ် ခေါ်သွားမလဲ နော်။ မသိတဲ့သူ ကတော့ အခုမှ ကျနော်တို့က ထပြီး လုပ်တယ် ထင်ကြတယ်။ မဟုတ်ရင် သူကလည်း ကျနော့်ကို ပြန်ပြီး ကြည့်နေရဦးမှာ လေ။ သင်တန်းတက်ထားလို့ ကျနော်တို့ လိုက်ရဲတာ ပေါ့။ မဟုတ်ရင် ကျနော်တို့ သေကုန်မှာပေါ့။
မေး။ ။ ဒီလိုနေရာတွေမှာ အနုပညာရှင်တွေ ကလည်း တထောင့်တနေရာမှာ အင်တိုက်အားတိုက် ပါဝင်လာကြတဲ့ အပေါ်မှာရော အနုပညာရှင် အချင်းချင်း ဘယ်လိုမြင်မိပါလဲ။
ဖြေ။ ။ အားလုံးက ဒီလိုပါဝင်တဲ့ အတွက် လှူဒါန်းချင်တဲ့ စိတ်တွေ ပိုပြီးတော့ ဖြစ်လာတယ်။ ကလေးတွေ အတွက် ရှေ့ဆောင် လမ်းပြတွေ ဖြစ်ကုန်တယ်။ တချို့က သူတို့ မလိုက်နိုင်တဲ့ အတွက် သူတို့ တတ်နိုင်တဲ့ ဘက်က အလှူခံ ပေးကြတယ်။ ပြီးတော့ ကျနော်တို့ ဖောင်ဒေးရှင်းကို ပြန်ပြီး လှူပေးကြတယ်။ ဘာပဲပြောပြော သူတို့တတ်နိုင်တဲ့ ဘက်က လှူဒါန်းကြတာ။ ဒါကိုလည်း အပြစ် မပြောကြပါနဲ့။ သူများ ဆန်အိတ်ထမ်းလို့ သူတို့ မထမ်းတာလည်း သူတို့ အပြစ် မရှိဘူး။ သဘောက သူတို့ တတ်နိုင်တဲ့ ဘက်က လုပ်ပေးကြတယ်။ နုတဲ့သူနဲ့ ကြမ်းတဲ့သူနဲ့လည်း ဘယ်တူမလဲ၊ ဒါကို အပြစ် မပြောပါနဲ့။ ဘယ်လိုပဲ ကူညီကူညီ ကူူညီတဲ့သူကို သာဓုခေါ် ပေးကြပါ။ ကျနော်တို့ ဆိုရင်လည်း သာဓု ခေါ်ပေးတယ်။ လမ်းဘေးမှာ အလှူခံတဲ့ သူတွေကိုလည်း အလှူငွေ ထည့်ပေးပြီး သာဓုခေါ်ခဲ့တာ ပဲ။
မေး။ ။ ဒီလို ပရဟိတကို လုပ်တဲ့သူ ကလည်း အားတက်သရော လုပ်ကြတယ် ဆိုပေမယ့် အလှူခံတဲ့နေရာမှာ ဝေဠုကျော် ဖောင်ဒေးရှင်းက အစ အတုအယောင်တွေ ပေါ်လာတယ်။ အဲဒီ အပေါ်မှာရော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ ဗုဒ္ဓဘာသာ အယူအဆ အရ ပြောမယ် ဆိုရင် သူတို့ စားရဲရင် စားပေါ့။ ဘာဖြစ်မလဲ ဆိုတာတော့ စောင့်ကြည့်လိုက် ပါ။ စားရဲတဲ့သူက ဘာဖြစ်မလဲ။ သူများ ဒုက္ခရောက်နေတဲ့ အချိန်မှာ စားရဲရင်စားပေါ့ လို့ပဲ ပြောချင် ပါတယ်။
မေး။ ။ မြန်မာနိုင်ငံသားတွေ ပရဟိတစိတ်ဓာတ် ထက်သန်ကြတဲ့အပေါ် ဘယ်လိုခံစားရမိလဲ။
ဖြေ။ ။ အရမ်းပီတိဖြစ်မိတာပေါ့။ ကျနော်တို့ မြန်မာတွေ လှူနိုင်တဲ့သူကလှူကြ၊ အလှူခံပေးကြတဲ့သူကလည်း အလှူခံပေးကြနဲ့ အားလုံးက အတွဲညီတဲ့ အခါကျတော့ ဒါကိုမြင်ရတာ တကယ်ကို စိတ်ထဲမှာ ပီတိဖြစ်ပြီး ကျနော် သာဓုခေါ်ပါတယ်။
မေး။ ။ ကိုယ်တိုင် ကယ်ဆယ်ရေး လုပ်ဖြစ်တဲ့အခါ ကိုယ် အရင်က သိထားတဲ့ ပရဟိတဆိုတာနဲ့ အမြင်က ဘယ်လို ရှိလာပါလဲ။
ဖြေ။ ။ ကယ်ဆယ်ရေး ထွက်တဲ့အခါ တချို့နေရာတွေမှာ သူတို့လည်း စားနပ်ရိက္ခာက ပြတ်နေတယ်။ သူတို့လည်း စားစရာ အဆင် မပြေတဲ့အခါ သူတို့လည်း ရှိတာလေး ချက်ကျွေး၊ စားပေါ့ နော်။ ရွာတရွာမှာ ကျနော်တို့ ဟင်းမရှိလို့ စောင်းလျားသီးနဲ့ ထမင်းနဲ့ စားလိုက်ရတာလည်း ရှိတယ်။ အဲဒီအခါမှာ ငါက ဟင်းကောင်းကောင်းနဲ့ ထမင်းစားချင် ပေမယ့် အဲဒီလို စိတ်တွေ မရှိတော့ဘူး။ သူများတွေ အဆင်ပြေသလိုပဲ ငါတို့လည်း ဒီလိုပဲ စားလိုက်မယ် ဆိုပြီး ဖြစ်လာတယ်။ ကျနော်တို့လည်း သူတို့နဲ့ အတူတူစားတယ်။ သူတို့လည်း အားတက်အောင် ပေါ့။ ဟာ ဟင်းကြီး ကလည်း မကောင်းဘူး ဆိုတဲ့ စိတ်တွေက အစ မရှိတော့ဘူး။
မေး။ ။ ရှေ့ဆက်ပြီးတော့ရော ဖောင်ဒေးရှင်းနဲ့ ဘာတွေ လုပ်ဆောင်ဖို့ ရှိမလဲ။
ဖြေ။ ။ ကျနော်တို့ ဆက်လုပ်သွားမယ်။ ကိုဝေဠုတို့နဲ့ အတူတူ ရှိနေမယ်။ အမြဲ အဲဒီလိုပဲ ရှိနေမှာပါ။ ကိုဝေဠုတို့နဲ့ အတူတူ ကယ်ဆယ်ရေး အလုပ်တွေကို လုပ်နေမယ်။ ကူညီနေမယ်။
မေး။ ။ ကယ်ဆယ်ရေး လုပ်တဲ့ အခါ အဲဒီ နေရာတွေမှာ ဘယ်လို လိုအပ်ချက်တွေ ရှိနေသေးတယ်၊ ဘာတွေ ဆက်ပြီး အဓိက လုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြောပြချင်လဲ။
ဖြေ။ ။ ကျနော်က စိတ် မလောစေချင်တာ။ အရမ်းလှူချင်နေမှန်းလည်း ကျနော်တို့သိပါတယ်။ ဒါပေမယ့် ကိုယ့်အသက် အန္တရာယ် ကလည်း အရေးကြီးတယ်။ ကိုယ်မသေမှ သူများတွေကို အများကြီး ကူညီနိုင်မှာ။ ကျနော်တို့လည်း ငါတို့ သေလို့မဖြစ်ဘူး။ ကယ်ဆယ်ရေးသမား တယောက်ကိုမှလည်း အဆုံးရှုံး မခံနိုင်သလို အခု သွားလှူတဲ့ သူတွေလည်း ဆုံးသွားကြတယ်။ သေချာ Safety ဖြစ်စွာ သွားမယ် ဆိုရင် သူတို့လည်း ရှေ့ဆက်ပြီး အများကြီး ကူညီနိုင်ကြမယ်။
လှူနေရင်းနဲ့ ဆုံးသွားတယ် ဆိုတော့လည်း သူတို့ နောက်ထပ် ထပ်လှူခွင့် မရှိတော့ဘူးလေ။ အားလုံးလည်း အဲဒီမှာ ပိုပြီးတော့ စိတ်မကောင်းစရာတွေ ဖြစ်စေတယ်။ ကောင်းတာ လုပ်တာတောင်မှ ဒီလိုမျိုးဖြစ်တယ် ဆိုတော့ အားလုံးကို သတိထားစေချင်တယ်။ စိတ်လည်းမလောပါနဲ့ ကိုယ့်ရဲ့ Skill က ကိုယ် ရေကူးတတ်လား၊ ကိုယ်ရေမကူးတတ် ဘူးလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီးမှ သွားစေချင် ပါတယ်။ သူများကို ကယ်မယ့်သူက ကိုယ့်ကိုယ်ကိုယ် အရင် သတိထားရ ပါတယ်။ ဒါမှလည်း သူများကို ကယ်နိုင်မှာလေ။ အခုဆို သတင်းတွေ ကြားရတယ်၊ ကားတွေ လည်း မှောက်ကြတယ်။ နယ်မြေ မကျွမ်းကျင်ရင်လည်း အဆင်မပြေဘူးလေ။
မေး။ ။ အလှူရှင်တွေ မရောက်သေးတဲ့နေရာ၊ ကယ်ဆယ်ရေး မရသေးတဲ့ နေရာတွေရော ဘယ်လောက် ရှိသေးတာ တွေ့ရလဲ။
ဖြေ။ ။ ရှိတာပေါ့။ ဟိုး ချောင်တွေထဲမှာ အဲဒီကို ကျနော်တို့က သွားကြတာလေ။ လမ်းပေါက်ပြီးတော့ ဆန်အိတ် လှူလို့ ရတဲ့ နေရာတွေက တကယ် အလှူရှင်တွေ ရောက်တဲ့နေရာ၊ ကယ်ဆယ်ရေး ကျတော့ လမ်းတွေ ပြတ်သွားပြီး စားစရာ မရောက်တော့လို့ အခက်အခဲတွေကြားက သွားပို့ရတဲ့ နေရာ၊ အခုက လှူဒါန်းနေကြတာပါ။ ကယ်ဆယ် လှူဒါန်း နေတာ မဟုတ်ပါဘူး။ ကယ်ဆယ်တယ် ဆိုတာက ကလေးမွေးချင်တဲ့ အစ်မကြီးကိုပဲ ဖြစ်ဖြစ် ဆေးရုံအထိ အရောက်ပို့ပေးရတာ၊ အဲဒါမျိုး ကယ်ဆယ်ရေးပါ။ သွားလှူကြတာ လှူဒါန်းတာ ပေါ့။ ကယ်ဆယ်တာတော့ မပါဘူးပေါ့။ ကယ်ဆယ်ရေးနဲ့ လှူဒါန်းတာ နှစ်ခု ရှိတယ်ပေါ့။ ကိုဝေဠုနဲ့က အခုကျနော်တို့က ကယ်ဆယ်ရေး လုပ်တာပေါ့။ တံတားတွေ ကျိုးနေရင် ဟိုဘက်ကနေ ဒီဘက်ကို ဆေးရုံဘယ်လို ပို့ရမလဲ ဒီလိုပေါ့။
အဲဒီနှစ်ခုကို အိမ်က ဦးလေးတွေ၊ အစ်မတွေ ကိုလည်း ပြောပြတယ်။ အဲဒီနှစ်ခုက မတူဘူးလို့။ လှူဒါန်းတဲ့ အပိုင်းမှာ ကယ်ဆယ်တာ မပါဘူး။ ဆန်အိတ် မရောက်လို့ ဟိုဘက်ကို စတီးကြိုးနဲ့ မရောက်ရောက်အောင် ပို့ပေးတာ၊ ဒါမျိုး ဆိုရင်လည်း ကယ်ဆယ်တာ ဖြစ်သွားပြီ။ ဆန်အိတ်ကို ကားမောင်း ပို့ပေးလို့ ရသေးတယ်၊ ဒါဆိုရင်လှူဒါန်းတာ။ ဒီလိုလှူဒါန်းတာ ကလည်း ကုသိုလ်တွေ ရပါတယ်။ ဒါပေမယ့် တကယ် အခက်အခဲ ဖြစ်တဲ့အခါ နေရာက သွားလို့ကို မရတော့တာ။ ဘယ်လို သွားရမှန်းကို မသိတော့တာ။ ရေကြောင့် တံတားတွေ ကျိုးသွားတဲ့အခါ လူဖြတ်ဖို့လည်း မလွယ်တော့ဘူး၊ ဆန်အိတ်တွေ ပို့လို့လည်း အဆင်မပြေတော့ဘူး၊ ဘာမှလည်း မရောက်တော့ဘူးဆိုရင် အဲဒီနေရာမှာ စတီးကြိုး သွားချည်တာ။
မေး။ ။ အသက်အန္တရာယ် ဖြစ်စေမယ့် နေရာမျိုးမှာ ကယ်ဆယ်ရေး သွားလုပ်ရင်း ကိုယ့်ကိုယ်ကိုရော စိုးရိမ်မှု မရှိဘူးလား။
ဖြေ။ ။ အဲဒီလိုမျိုး ဆိုရင် မလုပ်ရဘူး။ ဒီနေရာကို ဖြတ်ကူးမယ် လို့ ဆုံးဖြတ်ပြီးရင် တွန့်ဆုတ်တွန့်ဆုတ် မလုပ်ရဘူး။ အဲဒီလိုမျိုး လုပ်ရင် သေလိမ့်မယ်။ မယုံကြည်ဘဲနဲ့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေရင် သေဖို့များတယ်။ ဒီချောင်းလောက် ကတော့ အေးဆေးပဲ ဆိုပြီး ရဲရဲလုပ်ရင် ရောက်သွားလိမ့်မယ်။ ငါဆင်းရင် ဖြစ်ပါ့မလားလို့ တွေးရင် အဲဒီ စိတ်ကြောင့် သေဖို့က တဝက်များနေပြီ။ ကျနော်တို့ မပိုင်ရင်တော့ မလုပ်ဘူး။ ပိုင်ပြီ ဆိုရင်တော့ ကိုင်တယ်။ ဖြစ်ချင်ရာ ဖြစ်ကွာ ဆိုပြီး သွားတယ်။ လုံးဝ မဖြစ်တဲ့နေရာဆိုရင် ဆရာတွေလည်း ရှိတယ်လေ။ မဖြစ်ဘူူး ဆိုရင် သူတို့ကလည်း တားတယ်။
မေး။ ။ အခုက ကိုဝေဠု သွားတဲ့နေရာတိုင်း လိုက်ဖြစ်နေမှာလား။
ဖြေ။ ။ ကျနော်လည်း တတ်နိုင်တဲ့ ဘက်က တောက်လျောက် လုပ်ဖြစ်မယ်။ ကိုဝေဠုနဲ့ကတော့ အမြဲတမ်း ရှိနေမှာ ပါ။ ဒါပေမယ့် တချိန်လုံးကြီးတော့ မရှိဘူးလေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူများကို ကယ်ဆယ်တဲ့အခါ ကျနော့်ရဲ့ အဖွဲ့ ကိုလည်း ကျနော် ကယ်ဆယ်ရဦးမယ်လေ။ ကျနော်သွားနေရင် သူတို့ ပွဲတွေ ရပ်ထားရမှာလေ။ အဲဒီအခါ သူတို့ အဆင်မပြေဘူး။ အားလုံး မျှမျှတတဖြစ်အောင် ကျနော်လုပ်ရမှာပါ။ ။